အခန်းခြောက်
လူသေရင် ဘာဖြစ်သွားသလဲ
၁-၃။ သေခြင်းနဲ့ပတ်သက်ပြီး လူတွေ ဘယ်လိုမေးတတ်ကြသလဲ။ ဘာသာတချို့ ဘယ်လိုဖြေသလဲ။
တစ်နေ့ကျရင် “သေခြင်းရှိတော့မှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဗျာဒိတ် ၂၁:၄) အခန်း ၅ မှာ ရွေးဖိုးကြောင့် ကျွန်တော်တို့ ထာဝရအသက် ရနိုင်တဲ့အကြောင်း သိခဲ့ရပြီ။ လောလောဆယ်တော့ လူတွေ သေနေရဆဲပါပဲ။ (ဒေသနာ ၉:၅) ဒါကြောင့် ‘လူသေရင် ဘာဖြစ်သွားသလဲ’ ဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ မေးတတ်ကြတယ်။
၂ ချစ်ရသူတစ်ယောက် သေဆုံးတဲ့အခါ အဲဒီမေးခွန်းရဲ့အဖြေကို ပိုသိချင်လာတယ်။ ‘သူ ဘယ်များ ရောက်နေပါလိမ့်။ ငါတို့ကို ကြည့်နေသလား။ ငါတို့ကို ကူညီပေးနိုင်သလား။ သူ့ကို ပြန်တွေ့ရပါ့မလား’ ဆိုပြီး တွေးမိမှာပဲ။
၃ အဲဒီမေးခွန်းတွေကို ဘာသာတရားတွေက အဖြေတစ်မျိုးစီ ပေးကြတယ်။ ဘာသာတချို့က လူကောင်းဆိုရင် ကောင်းကင်တက်မယ်၊ လူဆိုးဆိုရင် ငရဲရောက်မယ်လို့ သွန်သင်ကြတယ်။ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေရှိရာ ဝိညာဉ်ဘုံကို ကူးပြောင်းသွားတယ်လို့လည်း တချို့ ပြောကြတယ်။ သေပြီးတဲ့နောက် တရားစီရင်ခံရမယ်၊ လူ ဒါမှမဟုတ် တိရစ္ဆာန်အဖြစ် ပြန်ဝင်စားပြီး မွေးဖွားလာမယ်လို့လည်း သွန်သင်ကြတယ်။
၄။ သေခြင်းနဲ့ပတ်သက်တဲ့ ဘာသာရေးသွန်သင်ချက်တွေရဲ့ အခြေခံအယူအဆဟာ ဘာလဲ။
၄ ဘာသာတရားတွေဟာ တစ်မျိုးစီ သွန်သင်တယ်လို့ ထင်ရတယ်။ တကယ်တော့ လူသေတဲ့အခါ ဝိညာဉ်မသေဘူးဆိုတဲ့ အယူအဆတစ်မျိုးတည်းကိုပဲ အခြေခံပြီး သွန်သင်ကြတာ။ ဒါဟာ အမှန်ပဲလား။
လူသေရင် ဘာဖြစ်သွားသလဲ
၅၊ ၆။ လူသေရင် ဘာဖြစ်သွားသလဲ။
၅ လူသေရင် ဘာဖြစ်သွားသလဲဆိုတာ ယေဟောဝါဘုရား အသိဆုံးပဲ။ လူသေရင် သူ့အသက် နိဂုံးချုပ်သွားတယ်လို့ ဘုရား ပြောတယ်။ သေခြင်းဟာ ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက်ပဲ။ လူသေသွားရင် သူ့ခံစားချက်တွေ၊ မှတ်ဉာဏ်တွေ တစ်နေရာရာမှာ ဆက်ပြီး ရှင်သန်မနေဘူး။ * သေပြီးရင် ဘာမှ မမြင်နိုင်၊ မကြားနိုင်၊ မစဉ်းစားနိုင်တော့ဘူး။
၆ “သေလွန်သူကတော့ ဘာမှမသိဘူး” လို့ ဘုရင်ရှောလမုန် ရေးခဲ့တယ်။ သေလွန်သူမှာ ချစ်တာ၊ မုန်းတာ မရှိတော့ဘူး။ ‘သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိဘူး။’ (ဒေသနာ ၉:၅၊ ၆၊ ၁၀ ကိုဖတ်ပါ။) လူသေတဲ့အခါ “သူ့အကြံအစည်တွေ ပျက်စီးသွားတယ်” လို့ ဆာလံ ၁၄၆:၄ မှာပြောတယ်။
သေခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပြောဆိုချက်
၇။ သေခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။
၇ မိတ်ဆွေလာဇရု သေဆုံးတဲ့အခါ ယေရှုက “ကျွန်တော်တို့ရဲ့ သူငယ်ချင်း လာဇရု အိပ်ပျော်သွားပြီ” လို့ တပည့်တွေကို ပြောတယ်။ လာဇရု အိပ်စက်အနားယူနေတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒါကြောင့် “လာဇရု ဆုံးသွားပြီ” လို့ပြောလိုက်တယ်။ (ယောဟန် ၁၁:၁၁-၁၄) ယေရှုက သေခြင်းကို အိပ်စက်ခြင်းနဲ့ ခိုင်းနှိုင်းထားတာ။ လာဇရု ကောင်းကင်ရောက်နေပြီ၊ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေဆီ ရောက်သွားပြီလို့ မပြောဘူး။ ငရဲမှာ ညှဉ်းဆဲခံနေရတယ်၊ တခြားလူ ဒါမှမဟုတ် တိရစ္ဆာန်အဖြစ် ပြန်ဝင်စားပြီး မွေးဖွားလာမယ်လို့လည်း မပြောဘူး။ လာဇရုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုမျိုး ဖြစ်ခဲ့တယ်။ တချို့ကျမ်းချက်တွေမှာ သေခြင်းကို အိပ်ပျော်ခြင်းနဲ့ ခိုင်းနှိုင်းထားတယ်။ သတေဖန် အသတ်ခံရတဲ့အခါ “သေခြင်းမှာ အိပ်ပျော်သွားတယ်” လို့ ကျမ်းစာပြောတယ်။ (တမန်တော် ၇:၆၀) ခရစ်ယာန်တချို့ဟာ “သေခြင်းမှာ အိပ်ပျော်နေပြီ” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။—၁ ကောရိန္သု ၁၅:၆။
၈။ သေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာ မဟုတ်မှန်း ဘယ်လိုသိနိုင်သလဲ။
၈ နောက်ဆုံးမှာ သေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာဒံနဲ့ ဧဝကို ဘုရားသခင် ဖန်ဆင်းခဲ့တာလား။ မဟုတ်ပါဘူး။ သူတို့ ဒေါင်ဒေါင်မြည် ကျန်းမာပြီး ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းထားတာပါ။ ယေဟောဝါက လူတွေဆီမှာ ထာဝစဉ် အသက်ရှင်ချင်စိတ် ထည့်သွင်းဖန်ဆင်းခဲ့တယ်။ (ဒေသနာ ၃:၁၁) ဘယ်မိဘကမှ ကိုယ့်သားသမီး အိုမင်းပြီး သေဆုံးသွားမှာကို မလိုလားဘူး။ ယေဟောဝါလည်း အဲဒီအတိုင်းပါပဲ။ ထာဝစဉ် အသက်ရှင်ဖို့ ရည်ရွယ်ချက်နဲ့ ဘုရားဖန်ဆင်းခဲ့တာဆိုရင် လူတွေ ဘာလို့ သေရတာလဲ။
လူတွေ ဘာလို့သေရတာလဲ
၉။ အာဒံနဲ့ ဧဝကို ယေဟောဝါပေးခဲ့တဲ့ မိန့်မှာချက်ဟာ ဘာကြောင့် လိုက်နာဖို့ မခက်တာလဲ။
၉ ဧဒင်ဥယျာဉ်မှာ ယေဟောဝါက “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီးကို မင်း စိတ်ကြိုက်စားခွင့်ရှိတယ်။ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ အာဒံကို မိန့်မှာတယ်။ (ကမ္ဘာဦး ၂:၉၊ ၁၆၊ ၁၇) ဒီမိန့်မှာချက်ကို လိုက်နာဖို့ မခက်ပါဘူး။ ယေဟောဝါဟာ အာဒံနဲ့ ဧဝကို ဖန်ဆင်းခဲ့တာဖြစ်လို့ သူတို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ သိတယ်။ အကောင်းအဆိုးနဲ့ပတ်သက်ပြီး ဘုရားမှာ ပြောပိုင်ခွင့် ရှိတယ်။ ယေဟောဝါကို သူတို့ နာခံမယ်ဆိုရင် ဘုရားရဲ့အခွင့်အာဏာကို လေးစားကြောင်း၊ ဘုရားပေးထားသမျှအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရာရောက်တယ်။
၁၀၊ ၁၁။ (က) အာဒံနဲ့ ဧဝကို စာတန် ဘယ်လိုလှည့်ဖြားခဲ့သလဲ။ (ခ) သူတို့ရဲ့လုပ်ရပ်ဟာ ဘာကြောင့် ခွင့်လွှတ်နိုင်စရာအကြောင်း မရှိသလဲ။
၁၀ ယေဟောဝါကို မနာခံဖို့ အာဒံနဲ့ ဧဝ ရွေးချယ်ခဲ့တာ ဝမ်းနည်းစရာပါပဲ။ စာတန်က ဧဝကို “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့ အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲ ပြောသလား” ဆိုပြီးမေးတယ်။ ဧဝက “ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့အသီးကို ကျွန်မတို့ စားလို့ရပါတယ်။ ဥယျာဉ်ထဲက အပင်တစ်ပင်ရဲ့ အသီးကိုတော့ ‘မစားနဲ့၊ မထိနဲ့။ စားမယ်၊ ထိမယ်ဆိုရင် သေရမယ်’ ဆိုပြီး ဘုရားသခင် မှာထားတယ်” လို့ဖြေတယ်။—ကမ္ဘာဦး ၃:၁-၃။
၁၁ ဒါနဲ့ စာတန်က “မင်းတို့ လုံးဝ သေမှာမဟုတ်ဘူး။ တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့် လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ ဘုရားသခင် သိတယ်” လို့ပြောတယ်။ (ကမ္ဘာဦး ၃:၄-၆) စာတန်က ဧဝကို အကောင်းအဆိုး ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်လို့ ထင်စေချင်တယ်။ မနာခံမှုရဲ့ အကျိုးဆက်ကိုလည်း လိမ်ပြောခဲ့တယ်။ သေမှာမဟုတ်ဘူးလို့ စာတန်ပြောတဲ့အတွက် ဧဝက အသီးကို ယူစားပြီး အာဒံကိုလည်း ကျွေးတယ်။ အဲဒီအသီးကို မစားဖို့ ယေဟောဝါ မှာထားမှန်း အာဒံနဲ့ ဧဝ သိလျက်နဲ့ ယူစားလိုက်တယ်။ ရိုးရှင်းလွယ်ကူတဲ့ မိန့်မှာချက်ကို မလိုက်နာဖို့ သူတို့ ရွေးချယ်ခဲ့ကြတယ်။ အသီးစားပြီး သူတို့ရဲ့ ကောင်းကင်ဖခင် မေတ္တာရှင်ကို မထီလေးစား လုပ်ခဲ့ကြတယ်။ သူတို့ရဲ့လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာအကြောင်း မရှိဘူး။
၁၂။ ယေဟောဝါကို အာဒံနဲ့ ဧဝ မနာခံတာ ဘာကြောင့် စိတ်ပျက်စရာကောင်းသလဲ။
၁၂ ဖန်ဆင်းရှင်ကို ကနဦးမိဘတွေ ဒီလိုမထီလေးစားလုပ်တာ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ သင် မမောမပန်းနိုင် ကျွေးမွေးစောင့်ရှောက်ထားတဲ့ သားသမီးတစ်ယောက်က သင့်စကား နားမထောင်ဘဲ လုပ်ချင်တာလုပ်သွားရင် ဘယ်လိုခံစားရမလဲ။ စိတ်ထိခိုက်မယ် မဟုတ်လား။
၁၃။ ‘မင်းဟာ မြေမှုန့်ကိုပဲ ပြန်ရမယ်’ လို့ ယေဟောဝါ ပြောတဲ့အခါ ဘာကိုဆိုလိုတာလဲ။
၁၃ အာဒံနဲ့ ဧဝဟာ မနာခံမှုကြောင့် ထာဝစဉ်အသက်ရှင်ဖို့ အလားအလာ ဆုံးရှုံးခဲ့ရတယ်။ “မင်းဟာ မြေမှုန့်ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်ရမယ်” လို့ အာဒံကို ယေဟောဝါ ပြောတယ်။ (ကမ္ဘာဦး ၃:၁၉ ကိုဖတ်ပါ။) အာဒံဟာ ဖန်ဆင်းမခံရခင်တုန်းကလို မြေမှုန့် ပြန်ဖြစ်သွားမယ်ဆိုတဲ့ သဘောပဲ။ (ကမ္ဘာဦး ၂:၇) အာဒံ အပြစ်လုပ်ပြီးနောက် သေဆုံးသွားတယ်၊ သူ ဘယ်မှာမှ မရှိတော့ဘူး။
၁၄။ လူတွေ ဘာကြောင့် သေရတာလဲ။
၁၄ အာဒံနဲ့ ဧဝသာ ဘုရားသခင်ကို နာခံမယ်ဆိုရင် အခုချိန်အထိ အသက်ရှင်နေဦးမှာပဲ။ ဘုရားသခင်ကို မနာခံဘဲ အပြစ်လုပ်တဲ့အတွက် နောက်ဆုံးမှာ သေသွားကြတယ်။ အပြစ်ဟာ ကနဦးမိဘဆီကနေ ကျွန်တော်တို့ အမွေရခဲ့တဲ့ ရောဂါဆိုးနဲ့တူတယ်။ အပြစ်သားတွေအဖြစ် မွေးဖွားလာတဲ့အတွက် အားလုံး သေဆုံးကြရတယ်။ (ရောမ ၅:၁၂) လူသားတွေ အဲဒီလိုဖြစ်ဖို့ ဘုရားသခင် မရည်ရွယ်ဘူး။ ဘုရားသခင်က လူတွေကို ဘယ်တော့မှ မသေစေချင်ဘူး။ ကျမ်းစာမှာ သေခြင်းကို “ရန်သူ” လို့ခေါ်ထားတယ်။—၁ ကောရိန္သု ၁၅:၂၆။
အမှန်တရားက ကျွန်တော်တို့ကို လွတ်မြောက်စေ
၁၅။ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားက ကျွန်တော်တို့ကို ဘယ်လို လွတ်မြောက်စေသလဲ။
၁၅ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားက မှားယွင်းတဲ့ အယူအဆတွေကနေ ကျွန်တော်တို့ကို လွတ်မြောက်စေတယ်။ သေလွန်သူတွေဟာ နာကျင်မှု၊ ဝမ်းနည်းမှု မခံစားရတော့ဘူးလို့ ကျမ်းစာသွန်သင်တယ်။ သေလွန်သူတွေနဲ့ ပြောဆိုဆက်သွယ်လို့ မရနိုင်ဘူး။ သူတို့ကို အကူအညီ မပေးနိုင်သလို ကျွန်တော်တို့ကိုလည်း သူတို့ ပြန်မကူညီနိုင်ဘူး။ ကျွန်တော်တို့ကို အန္တရာယ်မပေးနိုင်တဲ့အတွက် သူတို့ကို ကြောက်စရာ မလိုဘူး။ ဒါပေမဲ့ သေလွန်သူတွေ တစ်နေရာရာမှာ ဆက်အသက်ရှင်နေတယ်၊ ဘုန်းတော်ကြီးတွေ၊ သူတော်စင်လို့ ယူဆရသူတွေကို ပိုက်ဆံပေးပြီး သေလွန်သူတွေအတွက် ကောင်းမှုပြုပေးနိုင်တယ်လို့ ဘာသာအများစု သွန်သင်တယ်။ ကျွန်တော်တို့ကတော့ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိထားတဲ့အတွက် အဲဒီလှည့်စားမှုတွေ မခံရတော့ဘူး။
၁၆။ သေလွန်သူတွေနဲ့ပတ်သက်ပြီး ဘာသာအများစု ဘယ်လိုသွန်သင်သလဲ။
၁၆ စာတန်က မှားယွင်းတဲ့ဘာသာကတစ်ဆင့် လိမ်ညာပြီး လူသေတွေ ဆက်အသက်ရှင်နေတယ်လို့ ကျွန်တော်တို့ကို အယုံသွင်းနေတယ်။ ဥပမာ၊ လူသေတဲ့အခါ ဝိညာဉ်မသေဘဲ တစ်နေရာရာမှာ ဆက်အသက်ရှင်နေတယ်လို့ ဘာသာတချို့ သွန်သင်တယ်။ သင့်ဘာသာက သေလွန်သူတွေနဲ့ပတ်သက်ပြီး အဲဒီအတိုင်း သင်ပေးသလား ဒါမှမဟုတ် ကျမ်းစာသွန်သင်ချက်အတိုင်း သင်ပေးသလား။ စာတန်က အလိမ်အညာတွေ သုံးပြီး လူတွေကို ယေဟောဝါဘုရားနဲ့ ဝေးကွာသွားအောင် လုပ်တယ်။
၁၇။ မီးငရဲသွန်သင်ချက်ဟာ ဘာကြောင့် ယေဟောဝါကို ရှုတ်ချရာရောက်သလဲ။
၁၇ ဘာသာအများစုရဲ့ သွန်သင်ချက်ဟာ ကြောက်စရာပဲ။ ဘာသာတချို့က လူဆိုးတွေ မီးငရဲမှာ ထာဝစဉ် ညှဉ်းဆဲခံရမယ်လို့ သွန်သင်တယ်။ အဲဒီလိုသွန်သင်တာဟာ ယေဟောဝါဘုရားကို ရှုတ်ချရာရောက်တယ်။ ဘုရားသခင်က လူတွေကို ဘယ်တော့မှ အဲဒီလိုညှဉ်းဆဲမှာ မဟုတ်ဘူး။ (၁ ယောဟန် ၄:၈ ကိုဖတ်ပါ။) ကလေးရဲ့လက်ကို မီးရှို့ပြီး ဒဏ်ပေးတဲ့သူကို သင် ဘယ်လိုထင်မလဲ။ တော်တော့်ကို ရက်စက်တဲ့သူလို့ သတ်မှတ်မှာပဲ။ သူနဲ့ ခင်ချင်မှာ မဟုတ်ဘူး။ စာတန်ကလည်း ယေဟောဝါနဲ့ပတ်သက်ပြီး အဲဒီလိုပဲ ထင်စေချင်တယ်။
၁၈။ လူသေတွေကို ဘာကြောင့် ကြောက်စရာ မလိုသလဲ။
၁၈ ဘာသာတချို့ကျတော့ လူသေရင် ဝိညာဉ်ဖြစ်သွားတယ်လို့ ပြောကြတယ်။ အဲဒီဝိညာဉ်တွေဟာ တန်ခိုးကြီးတဲ့ မိတ်ဆွေ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ ရန်သူ ဖြစ်လာနိုင်တဲ့အတွက် အဲဒီဝိညာဉ်တွေကို လေးစားရမယ်၊ ကြောက်ရွံ့ရိုသေရမယ်လို့ သွန်သင်ကြတယ်။ အဲဒီလို မဟုတ်မမှန် သွန်သင်တာကို လူအများ ယုံကြည်ကြတယ်။ ယေဟောဝါကို ကိုးကွယ်မယ့်အစား သူတို့ကြောက်ရတဲ့ လူသေတွေကို ကိုးကွယ်ကြတယ်။ တကယ်တော့ လူသေတွေဟာ ခံစားချက် မရှိ၊ ဘာဆိုဘာမှ မသိတော့တဲ့အတွက် သူတို့ကို ကြောက်စရာ မလိုဘူး။ ဖန်ဆင်းရှင် ယေဟောဝါသာ စစ်မှန်တဲ့ဘုရား ဖြစ်တဲ့အတွက် ကိုယ်တော့်ကိုပဲ ကိုးကွယ်သင့်တယ်။—ဗျာဒိတ် ၄:၁၁။
၁၉။ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိထားတာက ဘယ်လို အကျိုးပြုသလဲ။
၁၉ သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့အခါ ဘာသာရေးလိမ်ညာမှုတွေကနေ ကျွန်တော်တို့ လွတ်မြောက်သွားတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အသက်တာ၊ အနာဂတ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ကတိတွေအကြောင်း နားလည်လာတယ်။
၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။
၂၀ ရှေးခေတ်က ဘုရားသခင့်ကျေးကျွန် ယောဘက “လူဟာ သေဆုံးသွားရင် အသက်ပြန်ရှင်နိုင်ဦးမလား” လို့ မေးခဲ့တယ်။ (ယောဘ ၁၄:၁၄) သေလွန်သူတွေ အသက်ပြန်ရှင်မယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။ ဘုရားသခင်က ကျမ်းစာထဲမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့အဖြေ ပေးထားတယ်။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ လေ့လာကြမယ်။
^ စာပိုဒ်၊ 5 လူသေပြီးနောက် ဝိညာဉ် ဆက်အသက်ရှင်နေတယ်လို့ လူတချို့ ယုံကြည်တယ်။ ပိုသိချင်ရင် ရှင်းလင်းချက် ၁၇၊ ၁၈ ကိုကြည့်ပါ။
သမ္မာကျမ်းစာ သွန်သင်ရာများ