အခန်း ၁၀

နတ်ဆိုးတွေကို နိုင်တဲ့ ယေရှုရဲ့ တန်ခိုး

နတ်ဆိုးတွေကို နိုင်တဲ့ ယေရှုရဲ့ တန်ခိုး

ဘုရားသခင်ရဲ့ ကောင်းကင်တမန်တစ်ပါး ဘာကြောင့် စာတန်မာရ်နတ် ဖြစ်သွားတယ်ဆိုတာ မှတ်မိသေးသလား။— ကိုးကွယ်ခံချင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကြောင့် ဘုရားသခင်ကို အံတုခဲ့တာလေ။ တခြားကောင်းကင်တမန်တွေလည်း စာတန်ရဲ့ နောက်လိုက်တွေ ဖြစ်သွားကြသလား။— ဖြစ်သွားကြတယ်။ ကျမ်းစာက သူတို့ကို ‘စာတန်ရဲ့ တမန်တွေ၊’ နတ်ဆိုးတွေလို့ ခေါ်ထားတယ်။—ဗျာဒိတ် ၁၂:၉

ဒီကောင်းကင်တမန်ဆိုးတွေ၊ နတ်ဆိုးတွေ ဘုရားသခင်ကို ယုံကြည်ကြသလား။— ‘ဘုရားသခင် ရှိတာကို နတ်ဆိုးတွေ ယုံတယ်’ ဆိုပြီး ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၂:၁၉) ဒါပေမဲ့ အခုတော့ သူတို့ ကြောက်နေကြပြီ။ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဘုရားသခင် အပြစ်ပေးတော့မယ်ဆိုတာကို သိထားကြလို့ပဲ။ သူတို့ ဘာအမှားတွေ လုပ်ခဲ့ကြသလဲ။—

အဲဒီကောင်းကင်တမန်တွေဟာ ကောင်းကင်ဘုံက မူလနေရာကို စွန့်ပြီး ကမ္ဘာပေါ်မှာ လူအနေနဲ့ လာနေထိုင်ကြတယ်လို့ ကျမ်းစာက ဆိုတယ်။ ဒါဟာ ကမ္ဘာပေါ်က မိန်းမချော မိန်းမလှလေးတွေနဲ့ လိင်ဆက်ဆံချင်လို့ ဖြစ်တယ်။ (ကမ္ဘာဦး ၆:၁၊ ၂။ ယုဒ ၆) လိင်ဆက်ဆံတာနဲ့ပတ်သက်ပြီး ကလေးတို့ ဘာသိထားကြသလဲ။—

လိင်ဆက်ဆံတယ်ဆိုတာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ထူးခြားတဲ့နည်းနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းတာကို ပြောတာ။ အဲဒီနောက်မှာ အမေဗိုက်ထဲမှာ ကလေးလေးတစ်ယောက် ကြီးပြင်းလာတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေအဖို့ လိင်ဆက်ဆံတာ မှားတယ်။ လက်ထပ်ထားတဲ့ ယောက်ျားနဲ့ မိန်းမတို့သာ လိင်ဆက်ဆံဖို့ ဘုရားသခင် လိုလားတယ်။ အဲဒီနည်းနဲ့ ကလေးတစ်ယောက် မွေးဖွားလာရင် လင်ရော မယားပါ ဒီကလေးကို ကြည့်ရှုစောင့်ရှောက်နိုင်မှာပေါ့။

ဒီကောင်းကင်တမန်တွေ ဘာမကောင်းမှု လုပ်ခဲ့ကြသလဲ

ကောင်းကင်တမန်တွေက လူ့ခန္ဓာကို ယူဆောင်ပြီး ကမ္ဘာပေါ်က မိန်းမတွေနဲ့ လိင်ဆက်ဆံလို့ ရလာတဲ့ ကလေးတွေဟာ လူ့ဘီလူးကြီးတွေ ဖြစ်လာကြတယ်။ အင်မတန် ရက်စက်ကြတယ်။ လူတွေကို ဒုက္ခပေးကြတယ်။ ဒါနဲ့ ဘုရားသခင်က အဲဒီ လူ့ဘီလူးကြီးတွေနဲ့ လူဆိုးတွေအားလုံးကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးဘေးကြီး ဖြစ်စေတယ်။ ဒါပေမဲ့ ဘုရားသခင်က မှန်တာကို လုပ်တဲ့ လူနည်းနည်းလေးကို ကယ်တင်ဖို့ နောဧကို သင်္ဘောကြီးတစ်ခု ဆောက်ခိုင်းတယ်။ ကြီးမြတ်တဲ့ဆရာက ရေလွှမ်းမိုးတုန်းက ဖြစ်ပျက်ခဲ့တာတွေကို သတိရဖို့ အရေးကြီးတယ်လို့ ပြောခဲ့တယ်။—ကမ္ဘာဦး ၆:၃၊ ၄၊ ၁၃၊ ၁၄။ လုကာ ၁၇:၂၆၊ ၂၇

ရေလွှမ်းမိုးလာတဲ့အခါမှာ  ကောင်းကင်တမန်ဆိုးတွေ ဘာဖြစ်သွားကြသလဲ၊ သိသလား။— သူတို့ ဖန်တီးထားတဲ့ လူ့ခန္ဓာကိုယ်ကို ဆက်မသုံးတော့ဘဲ ကောင်းကင်ဘုံကို ပြန်သွားကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ မဖြစ်နိုင်ကြတော့ဘူး။ ဒါနဲ့ စာတန်ရဲ့ တမန်တွေ၊ နတ်ဆိုးတွေ ဖြစ်သွားကြတယ်။ သူတို့ရဲ့ သားတွေ လူ့ဘီလူးကြီးတွေကော ဘာဖြစ်သွားကြသလဲ။— ရေလွှမ်းမိုးဘေးကြီးမှာ သေကုန်ကြတယ်။ ပြီးတော့ ဘုရားသခင်ကို မနာခံတဲ့ တခြားလူတွေလည်း အကုန်လုံး သေသွားကြတယ်။

အခုအချိန်မှာ ဘာကြောင့် အရင်ကထက် ဒုက္ခတွေ ပိုများလာသလဲ

ရေလွှမ်းမိုးဘေးကြီး ပြီးကတည်းက ဘုရားသခင်က နတ်ဆိုးတွေကို လူနဲ့တူအောင် နောက်ထပ်လုပ်ခွင့် မပေးတော့ဘူး။ နတ်ဆိုးတွေကို မမြင်နိုင်ပေမဲ့ လူတွေကို အင်မတန်ဆိုးတဲ့ အရာတွေ လုပ်ဖို့ ဆက်ကြိုးစားနေကြတုန်းပဲ။ အရင်ကထက် ပိုဒုက္ခများအောင် လုပ်နေကြတယ်။ သူတို့ဟာ ကောင်းကင်ကနေ မြေကြီးပေါ်ကို ပစ်ချခံလိုက်ရပြီဖြစ်လို့ ခုလို လုပ်နေတာ။

နတ်ဆိုးတွေကို တို့တစ်တွေ ဘာဖြစ်လို့ မမြင်နိုင်တာလဲ သိသလား။— မျက်စိနဲ့ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်တွေ ဖြစ်လို့ပဲ။ ဒါပေမဲ့ သူတို့ အသက်ရှင်နေတယ်ဆိုတာ သေသေချာချာ ပြောနိုင်တယ်။ စာတန်ဟာ ‘တစ်လောကလုံးရှိ လူတွေကို လှည့်စားနေတယ်၊’ နတ်ဆိုးတွေက သူ့ကို ကူညီပေးနေတယ်လို့ ကျမ်းစာက ဆိုတယ်။—ဗျာဒိတ် ၁၂:၉၊ ၁၂

မာရ်နတ်နဲ့ နတ်ဆိုးတွေက တို့တစ်တွေကိုရော လှည့်စားနိုင်သလား။— တို့တစ်တွေ သတိမထားဘူးဆိုရင် လှည့်စားနိုင်တာပေါ့။ ဒါပေမဲ့ ကြောက်စရာတော့ မလိုပါဘူး။ ကြီးမြတ်တဲ့ဆရာက ‘မာရ်နတ် ကျွန်တော့်ကို မချုပ်ကိုင်နိုင်ပါဘူး’ လို့ပြောခဲ့တယ်။ တို့ကသာ ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီး နေမယ်ဆိုရင် ဘုရားသခင်က မာရ်နတ်နဲ့ နတ်ဆိုးတွေဘေးရန်ကနေ ကာကွယ်ပေးမှာပါ။—ယောဟန် ၁၄:၃၀

နတ်ဆိုးတွေက တို့တစ်တွေကို လုပ်ခိုင်းစေချင်တဲ့ မကောင်းမှုတွေကို သိထားဖို့ သိပ်အရေးကြီးတယ်။ ဒါကြောင့် စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ် ရောက်လာကြတုန်းက နတ်ဆိုးတွေ ဘာမကောင်းမှုတွေ လုပ်ခဲ့ကြသလဲ။— ရေမလွှမ်းမိုးခင်က မိန်းမတွေနဲ့ လိင်ဆက်ဆံခဲ့တယ်။ ဒါဟာ ကောင်းကင်တမန်တွေ မလုပ်သင့်တဲ့အရာ ဖြစ်တယ်။ ဒီကနေ့လည်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ ဘုရားသခင့် ပညတ်ကို လူတွေ နားမထောင်ကြတာကို နတ်ဆိုးတွေ သိပ်သဘောကျတယ်။ ကဲ၊ ကလေးတို့ကို မေးမယ်၊ ဘယ်သူတွေသာ လိင်ဆက်ဆံသင့်သလဲ။— ကလေးတို့ရဲ့ အဖြေ မှန်တယ်ကွဲ့၊ လက်ထပ်ထားတဲ့ အိမ်ထောင်သည်တွေသာ ဖြစ်တယ်။

ခုခေတ်မှာ တချို့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေက လိင်ဆက်ဆံကြတယ်။ တကယ်ဆိုရင် အဲဒါ မှားတယ်ကွဲ့။ ကျမ်းစာက ယောက်ျား ‘လိင်အင်္ဂါ၊’ ဒါမှမဟုတ် လိင်တံအကြောင်း ပြောထားတယ်။ (ဝတ်ပြုရာ ၁၅:၁-၃) မိန်းမ လိင်အင်္ဂါကိုတော့ အင်္ဂါဇာတ်လို့ ခေါ်တယ်။ ကိုယ်ခန္ဓာရဲ့ အဲဒီအင်္ဂါ အစိတ်အပိုင်းတွေကို ယေဟောဝါ ဖန်ဆင်းပေးထားတာဟာ အိမ်ထောင်သည်တွေသာ သာယာကြည်နူးမှု ယူဖို့ဆိုတဲ့ အထူးရည်ရွယ်ချက်အတွက် ဖြစ်တယ်။ မလုပ်ရဘူးလို့ ယေဟောဝါ တားမြစ်ထားတာတွေကို လူတွေ လုပ်တဲ့အခါမှာ နတ်ဆိုးတွေ ပျော်ကြတယ်။ ဥပမာ၊ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်က အချင်းချင်းရဲ့ လိင်တံ၊ အင်္ဂါဇာတ်ကို ဆော့ကစားကြမယ်ဆိုရင် နတ်ဆိုးတွေ သဘောကျကြတယ်။ နတ်ဆိုးတွေ ပျော်တာကို တို့ မလိုချင်ဘူး၊ မဟုတ်ဘူးလား။—

နတ်ဆိုးတွေ ကြိုက်ပေမဲ့ ယေဟောဝါ မုန်းတဲ့ တခြားအရာလည်း ရှိသေးတယ်။ ဘာလဲဆိုတာ သိသလား။— အကြမ်းဖက်မှုပဲ။ (ဆာလံ ၁၁:၅) အကြမ်းဖက်မှုဆိုတာ တခြားလူတွေကို ရက်ရက်စက်စက် အနာတရဖြစ်အောင် လုပ်တာကို ပြောတာ။ နတ်ဆိုးတွေရဲ့ သား လူ့ဘီလူးကြီးတွေက အဲဒီလိုပဲ လုပ်ခဲ့ကြတယ်ဆိုတာ မမေ့နဲ့နော်။

နတ်ဆိုးတွေက လူတွေကို ကြောက်အောင်လည်း ခြောက်လှန့်ကြတယ်။ တစ်ခါတလေ သေသွားတဲ့လူတွေလို အယောင်ဆောင်တတ်တယ်။ သေသွားတဲ့လူတွေရဲ့ အသံနဲ့ တူအောင်တောင် လုပ်ရင်လုပ်မယ်။ အဲဒီနည်းနဲ့ နတ်ဆိုးတွေက သေသွားတဲ့လူတွေ အသက်ရှင်နေကြတယ်၊ ရှင်နေတဲ့လူတွေနဲ့ စကားပြောနိုင်တယ်ဆိုပြီး လူအများ ယုံကြည်အောင် လှည့်စားထားတယ်။ ဟုတ်တယ်၊ နတ်ဆိုးတွေက တစ္ဆေသရဲ ရှိတယ်ဆိုပြီး လူတွေကို ယုံကြည်အောင် လုပ်ထားတယ်။

ဒါကြောင့် စာတန်နဲ့ နတ်ဆိုးတွေ လှည့်စားတာ မခံရအောင် တို့တစ်တွေ သတိရှိရမယ်။ ‘စာတန်တောင်မှ ကောင်းတဲ့ကောင်းကင်တမန် ဖြစ်ယောင်ဆောင်သေးတာပဲ။ စာတန်ရဲ့ နောက်လိုက်တွေလည်း အလားတူ ဖြစ်ယောင်ဆောင်ကြတယ်’ ဆိုပြီး ကျမ်းစာက သတိပေးတယ်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅) ဒါပေမဲ့ တကယ်ဆိုရင် နတ်ဆိုးတွေဟာ တကယ်ဆိုးကြတယ်။ တို့တစ်တွေကို သူတို့လိုဖြစ်အောင် ဘယ်လို ကြိုးစားတယ်ဆိုတာ ကြည့်ရအောင်။

အကြမ်းဖက်မှု၊ မလျော်ကန်တဲ့ လိင်ကိစ္စ၊ တစ္ဆေသရဲအကြောင်းတွေကို လူတွေ ဘယ်ကနေ အများဆုံး သိလာကြသသဲ။— တချို့ တီဗီအစီအစဉ်တွေ၊ ရုပ်ရှင်တွေ၊ ကွန်ပျူတာ၊ ဗွီဒီယိုဂိမ်းတွေ၊ အင်တာနက်၊ ရုပ်ပြစာအုပ်တွေ ဖတ်တာကြည့်တာကနေ သိလာကြတယ် မဟုတ်လား။ အဲဒါတွေက တို့ကို ဘုရားသခင်နဲ့ ပိုရင်းနှီးစေသလား၊ ဒါမှမဟုတ် မာရ်နတ်နဲ့ နတ်ဆိုးတွေနဲ့ ပိုရင်းနှီးစေသလား။ ကလေးတို့ ဘယ်လို ထင်သလဲ။—

အကြမ်းဖက်ဇာတ်ကားတွေကို ကြည့်ရင် ဘာဖြစ်နိုင်သလဲ

မကောင်းတာတွေ နားထောင်ဖို့၊ ကြည့်ဖို့ ဘယ်သူ လိုချင်တယ်လို့ ထင်သလဲ။— ဟုတ်တာပေါ့၊ စာတန်နဲ့ နတ်ဆိုးတွေပဲပေါ့။ ဒီလိုဆိုရင် ကလေးတို့နဲ့ တို့တစ်တွေ ဘာလုပ်ဖို့ လိုသလဲ။— တို့အတွက် ကောင်းကျိုးပြုတဲ့အရာတွေ၊ ယေဟောဝါကို ဝတ်ပြုရာမှာ ကူညီပေးတဲ့အရာတွေကို ဖတ်ရှုဖို့၊ နားထောင်ဖို့၊ ကြည့်ရှုဖို့ လိုတယ်။ တို့တစ်တွေ လုပ်နိုင်တဲ့ ကောင်းတဲ့အရာတချို့ကို စဉ်းစားကြည့်နိုင်မလား။—

အကျိုးရှိတဲ့ ဘယ်အရာကို တို့တစ်တွေ လုပ်နိုင်သလဲ

ကောင်းတာ လုပ်မယ်ဆိုရင် နတ်ဆိုးတွေကို ကြောက်စရာအကြောင်း ဘာမှ မရှိဘူး။ ယေရှုဟာ နတ်ဆိုးတွေထက် ခွန်အားကြီးလို့ နတ်ဆိုးတွေက ယေရှုကို ကြောက်ကြတယ်။ တစ်နေ့မှာ နတ်ဆိုးတွေက ယေရှုကို “ကျုပ်တို့ကို ဖျက်ဆီးဖို့ လာတာလား” ဆိုပြီး အော်ပြောခဲ့ကြတယ်။ (မာကု ၁:၂၄) စာတန်နဲ့ နတ်ဆိုးတွေကို ဖျက်ဆီးမယ့်အချိန် ရောက်လာရင် တို့တစ်တွေ ပျော်ကြမယ် မဟုတ်ဘူးလား။— ဒီကြားကာလမှာ ယေရှုနဲ့ ယေရှုရဲ့ ကောင်းကင်ဘုံစံ ဖခင်နဲ့ ရင်းရင်းနှီးနှီး နေမယ်ဆိုရင် တို့ကို ယေရှု ကာကွယ်ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

တို့တစ်တွေ ဘာလုပ်ဖို့ လိုသလဲ ဆိုတဲ့အကြောင်း ၁ ပေတရု ၅:၈၊ ၉ နဲ့ ယာကုပ် ၄:၇၊ ၈ တို့မှာ ဖတ်ကြည့်ရအောင်။