အခန်း ၃၂

ယေရှု ကာကွယ်ခံရပုံအကြောင်း

ယေရှု ကာကွယ်ခံရပုံအကြောင်း

အသက်ငယ်ပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့သူတွေကို ယေဟောဝါက တစ်ခါတလေ အံ့ဖွယ်နည်းနဲ့ ကာကွယ်ပေးတတ်တယ်။ ကလေးတို့ ကျေးလက်တောရွာဘက် လမ်းလျှောက်ထွက်တဲ့အခါ ယေဟောဝါ ကာကွယ်ပေးပုံ တစ်မျိုးမျိုးကို တွေ့ကောင်းတွေ့ရမယ်။ အစပိုင်းမှာတော့ ဘယ်လို ဖြစ်တယ်ဆိုတာ နားလည်ချင်မှ နားလည်မယ်။

ကလေးတို့နဲ့ မလှမ်းမကမ်း မြေပြင်ပေါ်ကို ငှက်တစ်ကောင် ဆင်းလာနားတာ တွေ့လိုက်ရတယ်။ ဒဏ်ရာရထားတဲ့ပုံပဲ။ ကလေးတို့က အနားကို ကပ်သွားတဲ့အခါ အဲဒီငှက်က တောင်ပံတစ်ဖက် တရွတ်တိုက်ဆွဲပြီး ဝေးရာကို ဆုတ်သွားတယ်။ ကလေးတို့ လိုက်သွားတဲ့အခါ ချက်ချင်း နောက်ဆုတ်သွားတယ်။ အဲဒီနောက် ရုတ်တရက် ထပျံသွားရော။ သူ့တောင်ပံ ဘာမှ မဖြစ်ဘူး။ အဲဒီငှက် ဘာလုပ်တာလဲ သိသလား။—

ငှက် လာနားတဲ့ အနီးတစ်ဝိုက် ချုံပုတ်ထဲမှာ သူ့ကလေးတွေ ရှိနေတယ်။ ငှက်မကြီးက ငှက်သားပေါက်လေးတွေကို ကလေးတို့ တွေ့သွားပြီး အန္တရာယ်ပေးမှာ စိုးရိမ်တယ်။ ဒါကြောင့် ဒဏ်ရာရဟန်ဆောင်ပြီး ကလေးတို့ကို ဝေးရာ မျှားခေါ်သွားတာ။ ငှက်မကြီးက သားပေါက်လေးတွေကို ကာကွယ်ပေးသလို တို့တစ်တွေကို ဘယ်သူ ကာကွယ်ပေးနိုင်သလဲ သိသလား။— ကျမ်းစာမှာ ယေဟောဝါကို ငှက်ပေါက်လေးတွေ စောင့်ရှောက်တဲ့ လင်းယုန်ငှက်နဲ့ နှိုင်းယှဉ်ထားတယ်။—တရားဟောရာ ၃၂:၁၁၊ ၁၂

ဒီငှက်မကြီးက ငှက်သားပေါက်လေးတွေကို ဘယ်လို ကာကွယ်ပေးသလဲ

ယေဟောဝါ သိပ်မြတ်နိုးတဲ့ ကလေးဟာ သူ့ရဲ့ချစ်သား ယေရှု ဖြစ်တယ်။ ယေရှု ကောင်းကင်မှာ ရှိတုန်းက သူ့ဖခင်လိုပဲ တန်ခိုးကြီးတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်။ သူ့ကိုယ်သူ စောင့်ရှောက်နိုင်တယ်။ ဒါပေမဲ့ မြေကြီးပေါ် ကလေးတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်ဘူး။ ကာကွယ်စောင့်ရှောက်မှု လိုခဲ့တယ်။

ယေရှုနဲ့ပတ်သက်တဲ့ ဘုရားအလိုတော် ကမ္ဘာပေါ် ပြည့်စုံဖို့ဆိုရင် ပြည့်ဝစုံလင်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့လိုတယ်။ ဒါပေမဲ့ စာတန်က အလိုတော် မပြည့်စုံခင် ယေရှုကို သတ်ပစ်ချင်တယ်။ ယေရှုကို ငယ်ငယ်လေးကတည်းက သတ်ပစ်ဖို့ စာတန် ကြိုးစားခဲ့ပုံ၊ ယေဟောဝါ ကာကွယ်ပေးခဲ့ပုံတွေက စိတ်လှုပ်ရှားစရာ ဇာတ်လမ်းဖြစ်တယ်။ ဒီအကြောင်းကို သိချင်ကြသလား။—

ယေရှုကို မွေးပြီး မကြာခင် စာတန်က အရှေ့အရပ် မိုးကောင်းကင်မှာ ကြယ်လို လင်းလက်တဲ့အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ကြယ်တွေကိုလေ့လာတဲ့ နက္ခတ်ဗေဒင်ဆရာတွေက အဲဒီကြယ်နောက်လိုက်ရင်း မိုင်ပေါင်း ရာနဲ့ချီဝေးတဲ့ ဂျေရုဆလင်မြို့ကို ရောက်လာကြတယ်။ အဲဒီကိုရောက်တော့ ဂျူးတို့ရဲ့ ဘုရင်ဖြစ်မယ့်သူ ဘယ်မှာမွေးဖွားမလဲလို့ မေးကြတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာနားလည်တဲ့လူတွေကို မေးကြည့်တော့ ‘ဘက်သလီဟင်မြို့မှာ မွေးဖွားမယ်’ လို့ဖြေကြတယ်။—မဿဲ ၂:၁-၆

ယေရှုကို ကာကွယ်တဲ့အနေနဲ့ ယေရှုဆီ လာတဲ့ နက္ခတ်ဗေဒင်ဆရာတွေကို ဘုရားသခင် ဘာသတိပေးလိုက်သလဲ

ဂျေရုဆလင်မြို့က မင်းဆိုး ဟေရုဒ်ဟာ အနီးအနားက ဘက်သလီဟင်မြို့မှာ မင်းလောင်း မွေးဖွားတဲ့ အကြောင်းကြားတော့ နက္ခတ်ဗေဒင်ဆရာတွေကို “အဲဒီကလေးကို မတွေ့တွေ့အောင် သွားရှာကြ။ တွေ့ရင် ငါ့ဆီ ပြန်သတင်းပို့ကြဦး” ဆိုပြီး မှာလိုက်တယ်။ ယေရှု ဘယ်မှာရှိတယ်ဆိုတာ ဟေရုဒ် ဘာဖြစ်လို့ သိချင်တာလဲ ကလေးတို့ သိသလား။— ယေရှုကို မနာလိုလို့၊ သတ်ပစ်ချင်လို့ပဲပေါ့။

ဘုရားသခင်က သူ့ရဲ့သားကို ဘယ်လို ကာကွယ်ပေးသလဲ။— နက္ခတ်ဗေဒင်ဆရာတွေက ယေရှုကို တွေ့တဲ့အခါ လက်ဆောင်ပစ္စည်းတွေ ပေးကြတယ်။ နောက်တော့ ဟေရုဒ်ဆီ ပြန်မသွားဖို့ အိပ်မက်ကနေ ဘုရား သတိပေးလိုက်တယ်။ ဒါကြောင့် ဂျေရုဆလင်မြို့ကို ပြန်မသွားတော့ဘဲ တခြားလမ်းနဲ့ အိမ်ပြန်သွားကြတယ်။ ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေ ပြန်သွားမှန်းလည်း သိရော အကြီးအကျယ် ဒေါသထွက်တော့တာပဲ။ ယေရှုကို သတ်ချင်တဲ့အတွက် ဘက်သလီဟင်မြို့က အသက်နှစ်နှစ်အောက် သားယောက်ျား မှန်သမျှကို သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘက်သလီဟင်မြို့မှာ ယေရှု မရှိတော့ဘူး။

ယေရှု ဘယ်လို လွတ်မြောက်သွားတယ်ဆိုတာ သိသလား။— နက္ခတ်ဗေဒင်ဆရာတွေ ပြန်သွားပြီးနောက် ယေဟောဝါက မာရိရဲ့ခင်ပွန်း ယောသပ်ကို ချက်ချင်း ထပြီး အီဂျစ်ပြည်ကို ထွက်ပြေးဖို့ သတိပေးတယ်။ အီဂျစ်ပြည်မှာ ယေရှုဟာ မင်းဆိုးဟေရုဒ်ရဲ့ ရန်ကနေ ကင်းဝေးခဲ့တယ်။ နှစ်အတော်လေး ကြာပြီးနောက် ယောသပ်ဟာ မာရိနဲ့ ယေရှုကိုခေါ်ပြီး အီဂျစ်ပြည်ကနေ ပြန်လာတဲ့အခါ ဘုရားသခင်က ယောသပ်ကို သတိပေးပြန်တယ်။ ယေရှုအတွက် လုံခြုံမယ့် နာဇရက်မြို့ကို ပြောင်းရွှေ့နေထိုင်ဖို့ ယောသပ်ကို အိပ်မက်ကနေ ပြောလိုက်တယ်။—မဿဲ ၂:၇-၂၃

သူငယ်ယေရှု နောက်တစ်ကြိမ် ဘယ်လို ကာကွယ်ခံရသလဲ

ယေဟောဝါက သူ့သားကို ဘယ်လို ကာကွယ်ပေးတယ်ဆိုတာ တွေ့လား။— ချုံပုတ်ထဲမှာ ငှက်မကြီး ဝှက်ထားတဲ့ ငှက်ကလေးတွေ ဒါမှမဟုတ် ကလေးငယ်ဘဝက ယေရှုနဲ့ ဘယ်သူတူတယ်လို့ ကလေးတို့ ပြောမလဲ။ ကလေးတို့ပဲ မဟုတ်လား။— ကလေးတို့ကိုလည်း ဒုက္ခပေးမယ့်သူတွေ ရှိနေတယ်။ ဘယ်သူလဲဆိုတာ သိသလား။—

စာတန်ဟာ တို့တစ်တွေကို ဝါးစားချင်တဲ့ ဟိန်းဟောက်နေတဲ့ခြင်္သေ့နဲ့ တူတယ်လို့ ကျမ်းစာက ဆိုထားတယ်။ ခြင်္သေ့တွေဟာ တိရစ္ဆာန်ငယ်လေးတွေကို မဲပြီး လိုက်ဖမ်းသလို စာတန်နဲ့ နတ်ဆိုးတွေလည်း ကလေးငယ်တွေကို မဲဖမ်းကြတယ်။ (၁ ပေတရု ၅:၈) ဒါပေမဲ့ ယေဟောဝါဟာ စာတန်ထက် ခွန်အားကြီးတယ်။ သူ့သားသမီးတွေကို ကာကွယ်ပေးနိုင်တယ်၊ ဒါမှမဟုတ် စာတန် အန္တရာယ်ပြုတာတွေကို ပြုပြင်ပေးနိုင်တယ်။

ဒီစာအုပ် အခန်း ၁၀ မှာ မာရ်နတ်နဲ့ နတ်ဆိုးတွေဟာ တို့တစ်တွေကို ဘာလုပ်ဖို့ သွေးဆောင်နေတယ်ဆိုတာ မှတ်မိသေးသလား။— ဟုတ်တာပေါ့၊ ဘုရားသခင်က မှားတယ်လို့ ပြောထားတဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ဖို့ တို့တစ်တွေကို သွေးဆောင်နေကြတယ်။ ဘယ်သူတွေသာ လိင်ဆက်ဆံသင့်သလဲ။— ဟုတ်တယ်၊ လက်ထပ်ပြီးသား၊ အရွယ်ရောက်ပြီးသား ယောက်ျားနဲ့ မိန်းမနှစ်ယောက်ပဲ လိင်ဆက်ဆံသင့်တယ်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက တချို့လူကြီးတွေဟာ ကလေးတွေနဲ့ လိင်ဆက်ဆံချင်ကြတယ်။ အဲဒီလူကြီးတွေကြောင့် မိန်းကလေးတွေ၊ ယောက်ျားလေးတွေလည်း လူကြီးတွေဆီက တတ်လာတဲ့ မကောင်းတာတွေကို လိုက်လုပ်ကြတယ်။ ဒီကလေးတွေက သူတို့ရဲ့ လိင်အင်္ဂါတွေကို မတော်မလျော် သုံးလာကြတယ်။ ဟိုရှေးရှေးတုန်းက သောဒုံမြို့မှာ အဲဒီလိုပဲ ဖြစ်ခဲ့တယ်။ သောဒုံမြို့သား “လူကြီးလူငယ်တွေ” ဟာ လောတဆီ အလည်လာတဲ့ ယောက်ျားတွေနဲ့ လိင်ဆက်ဆံချင်ကြတယ်လို့ ကျမ်းစာက ဆိုတယ်။—ကမ္ဘာဦး ၁၉:၄၊ ၅

ယေရှုဟာ အကာအကွယ် လိုအပ်ခဲ့သလို ကလေးတို့လည်း ကလေးတို့နဲ့ လိင်ဆက်ဆံချင်တဲ့ လူကြီးတွေ၊ တခြားကလေးတွေရဲ့ ရန်ကနေ အကာအကွယ် လိုအပ်ကြတယ်။ အများအားဖြင့် အဲဒီလူတွေက သူငယ်ချင်းဖြစ်ဟန်ဆောင်တတ်တယ်။ ကလေးတို့ကို တစ်ခုခုပေးပြီး ကလေးတို့နဲ့ သူတို့လုပ်ချင်တာတွေကို တခြားသူတွေကို ပြန်မပြောရဘူးလို့ ပြောမယ်။ တကယ်တော့ ဒီလူတွေဟာ တစ်ကိုယ်ကောင်းသမားတွေ၊ စာတန်နဲ့ နတ်ဆိုးတွေလိုပဲ သူတို့သာယာမှုရဖို့ပဲ ရှာနေကြတာ။ အဲဒီသာယာမှုရဖို့ ကလေးတွေနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားကြတယ်။ အဲဒါ သိပ်မှားတယ်။

သူတို့ သာယာမှုရဖို့ ကလေးတို့ကို ဘာလုပ်နိုင်သလဲ သိသလား။— သူတို့က ကလေးတို့ရဲ့ လိင်အင်္ဂါတွေကို ပွတ်သပ်မယ်။ ဒါမှမဟုတ် သူတို့ရဲ့ လိင်အင်္ဂါတွေနဲ့ ကလေးတို့ရဲ့ လိင်အင်္ဂါတွေကို ပွတ်သပ်မယ်။ ဒါပေမဲ့ ကလေးတို့ရဲ့ လိင်အင်္ဂါတွေကို ဘယ်သူ့ကိုမှ ကိုင်တွယ်ကစားခွင့် မပေးရဘူးနော်။ ကလေးတို့ရဲ့ ကိုကို၊ မမ၊ ဖေဖေ၊ မေမေတို့ကိုတောင် ကိုင်တွယ်ကစားခွင့် မပေးရဘူး။ ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ ကိုယ်တစ်ဦးတည်းနဲ့ပဲဆိုင်တဲ့ အင်္ဂါတွေဖြစ်တယ်ကွဲ့။

တစ်ယောက်ယောက်က ကလေးတို့ကို မတော်မလျော် ထိကိုင်ဖို့လုပ်ရင် ဘာပြောရမလဲ။ ဘာလုပ်ရမလဲ

ဒီလို မကောင်းမှုကျူးလွန်တဲ့ လူတွေရန်ကနေ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လို ကာကွယ်နိုင်သလဲ။— ဦးဆုံးအနေနဲ့ ဘယ်သူ့ကိုမှ ကလေးတို့ရဲ့ လိင်အင်္ဂါတွေကို ဆော့ကစားခွင့် မပေးရဘူး။ တစ်ယောက်ယောက်က ထိကိုင်ဖို့ ကြိုးစားလာရင် “မလုပ်နဲ့။ တိုင်ပြောလိုက်မယ်” လို့ အသံကျယ်ကျယ်၊ ပြတ်ပြတ်သားသား ပြောပါ။ အဲဒီလူက အခုလို ဖြစ်သွားရတာဟာ ကလေးတို့အပြစ်လို့ ပြောလာရင် မယုံလိုက်ပါနဲ့။ သူပြောတာ မမှန်ဘူး။ အဲဒီလူဟာ ဘယ်သူပဲ ဖြစ်နေပါစေ တိုင်ပြောပါ။ အဲဒီလူက ဒီကိစ္စကို လျှို့ဝှက်ထားကြေး ဆိုပြီးပြောရင်လည်း တိုင်ကိုတိုင်ရမယ်။ လက်ဆောင် လှလှလေးတွေ ပေးမယ်၊ ဒါမှမဟုတ် တစ်ခုခု လုပ်မယ်လို့ ခြိမ်းခြောက်လာရင်တောင် သူ့ကို ဝေးဝေးရှောင်ပြီး သူ့အကြောင်း တိုင်ဖြစ်အောင်တိုင်ပါ။

ကလေးတို့ ကြောက်စရာ မလိုပါဘူး၊ ဒါပေမဲ့ သတိတော့ ထားရမယ်။ ဖေဖေ မေမေတို့က ကလေးတို့အတွက် အန္တရာယ်ရှိတဲ့ လူတွေ၊ အန္တရာယ်ရှိတဲ့ နေရာတွေကို သတိပေးတဲ့အခါ နားထောင်ရမယ်ကွဲ့။ ဒါဆိုရင် ကလေးတို့ကို အန္တရာယ်ပေးဖို့ လူဆိုးတွေ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။

လိင်နဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အပြုအမူတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကမ္ဘာဦး ၃၉:၇-၁၂။ ပညာအလိမ္မာ ၄:၁၄-၁၆။ ၁၄:၁၅၊ ၁၆။ ၁ ကောရိန္သု ၆:၁၈။ ၂ ပေတရု ၂:၁၄ တို့ကို ဖတ်ကြည့်ပါ။