အပိုင်း

ဧဒင်ဥယျာဉ် အသက်တာ

ဧဒင်ဥယျာဉ် အသက်တာ

ယေဟောဝါက အာဒံနဲ့ ဧဝကို ကောင်းတဲ့အရာအများကြီး ပေးခဲ့တယ်။ ကမ္ဘာဦး ၁:၂၈

ယေဟောဝါက ပထမဆုံးလူမိန်းမ ဧဝကို ဖန်ဆင်းပြီး အာဒံနဲ့ ထိမ်းမြားပေးခဲ့တယ်။—ကမ္ဘာဦး ၂:၂၁၊ ၂၂

ယေဟောဝါက သူတို့ကို ပြည့်ဝစုံလင်တဲ့ စိတ်၊ ခန္ဓာနဲ့ ဖန်ဆင်းခဲ့တယ်။

သူတို့က ဧဒင်ဥယျာဉ်မှာ နေကြတယ်။ အဲဒီမှာ မြစ်တစ်စင်း၊ သီးပင်စားပင်တွေနဲ့ တိရစ္ဆာန်တွေ ရှိပြီး တကယ့်ကို သာယာလှပတဲ့နေရာ ဖြစ်တယ်။

ယေဟောဝါက သူတို့နဲ့ စကားပြောတယ်၊ သွန်သင်ညွှန်ကြားတယ်။ သူတို့သာ ဘုရားစကား နားထောင်မယ်ဆိုရင် သာယာလှပတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ကြရမယ်။

အပင်တစ်ပင်ရဲ့အသီးကို မစားဖို့ ဘုရားသခင် ပြောခဲ့တယ်။ ကမ္ဘာဦး ၂:၁၆၊ ၁၇

ယေဟောဝါက အာဒံနဲ့ဧဝကို ဥယျာဉ်ထဲမှာရှိတဲ့ အပင်တစ်ပင်ကို ပြပြီး အဲဒီအပင်ရဲ့အသီးကို စားရင် သေမယ်လို့ ပြောခဲ့တယ်။

ကောင်းကင်တမန်တစ်ပါး ဘုရားသခင်ကို ပုန်ကန်ခဲ့တယ်။ ဒီကောင်းကင်တမန်ဆိုးက စာတန်မာရ်နတ်ပါပဲ။

စာတန်က အာဒံနဲ့ ဧဝကို ယေဟောဝါစကား နားမထောင်စေချင်ဘူး။ ဒါကြောင့် မြွေတစ်ကောင်ကို သုံးပြီး ဧဝကို စကားပြောခဲ့တယ်။ အဲဒီအပင်ရဲ့အသီးကို စားရင် မသေဘဲ ဘုရားသခင်လိုတောင် ဖြစ်လာမယ်လို့ ပြောခဲ့တယ်။ တကယ်တော့ လိမ်ညာနေတာ။—ကမ္ဘာဦး ၃:၁-၅