သင်ခန်းစာ ၀၉

ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ

ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ဘဝမှာ လမ်းညွှန်မှု လိုတယ်လို့ ခံစားဖူးပါသလား။ ဘယ်အရေးကြီး မေးခွန်းတွေရဲ့ အဖြေကို သိချင်နေသလဲ။ နှစ်သိမ့်မှု လိုအပ်နေသလား။ ယေဟောဝါနဲ့ ပိုရင်းနှီးချင်ပါသလား။ ဒါတွေအားလုံးကို ဆုတောင်းခြင်းအားဖြင့် ရနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လို နည်းမှန်လမ်းကျ ဆုတောင်းရမလဲ။ ဆုတောင်းချက်အားလုံးကို ဘုရား နားထောင်သလား။ သင့်ဆုတောင်းချက်ကို ဘုရား နားထောင်ဖို့ ဘာလုပ်ရမလဲ။ လေ့လာကြည့်ရအောင်။

၁။ ဘယ်သူ့ဆီ ဆုတောင်းရမလဲ၊ ဘာအတွက် ဆုတောင်းနိုင်သလဲ။

ကောင်းကင်ဘုံစံ အဖတစ်ပါးတည်းကိုပဲ ဆုတောင်းရမယ်လို့ ယေရှု သင်ပေးတယ်။ ယေရှုကိုယ်တိုင် ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်- ‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ . . . ” လို့ ယေရှု သင်ပေးတယ်။ (မဿဲ ၆:၉) ကျွန်တော်တို့ ဆုတောင်းတဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။

ဘာကိစ္စအတွက်မဆို ဆုတောင်းလို့ ရပါတယ်။ အလိုတော်နဲ့ညီတဲ့ ဆုတောင်းချက်တွေကို ဘုရား နားထောင်တယ်။ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်။” (၁ ယောဟန် ၅:၁၄) ဘာတွေအတွက် ဆုတောင်းသင့်တယ်ဆိုတာ ယေရှု နမူနာပြောပြခဲ့တယ်။ (မဿဲ ၆:​၉-၁၃ ကို ဖတ်ပါ။) ကိုယ်ရေးကိုယ်တာအတွက် ဆုတောင်းတဲ့အပြင် ကျွန်တော်တို့အတွက် ဘုရား လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ဆုတောင်းနိုင်တယ်။ တခြားသူတွေကို ကူညီပေးဖို့လည်း ဆုတောင်းနိုင်တယ်။

၂။ ဘယ်လို ဆုတောင်းသင့်သလဲ။

“ဘုရားကို ရင်ဖွင့်ကြပါ” လို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဆာလံ ၆၂:၈) ဒါကြောင့် စိတ်ရင်းမှန်နဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းရမယ်။ အသံထွက်ဖြစ်စေ၊ အသံတိတ်ဖြစ်စေ ဆုတောင်းနိုင်တယ်။ ဘုရားကို ရိုသေလေးစားတဲ့ ကိုယ်ဟန်အနေအထား ဖြစ်ရမယ်။ အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်တယ်။

၃။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို အဖြေပေးသလဲ။

နည်းအမျိုးမျိုးနဲ့ အဖြေပေးပါတယ်။ ယေဟောဝါက ကျမ်းစာကို ပေးထားတယ်။ ကျွန်တော်တို့ သိချင်တဲ့ မေးခွန်းတွေရဲ့အဖြေ ကျမ်းစာမှာ ပါတယ်။ ကျမ်းစာက “အတွေ့အကြုံမရှိသူကို ဉာဏ်ပညာရှိစေတယ်။” (ဆာလံ ၁၉:၇။ ယာကုပ် ၁:၅ ကို ဖတ်ပါ။) ကျွန်တော်တို့ အခက်အခဲကြုံတဲ့အခါ ဘုရားက စိတ်ငြိမ်သက်မှု ပေးနိုင်တယ်။ ကျွန်တော်တို့ လိုအပ်ချိန်မှာ ဘုရားကိုဝတ်ပြုသူတွေကတစ်ဆင့် ကူညီပေးနိုင်တယ်။

ရှာဖွေလေ တွေ့ရှိလေ

ဘုရားနှစ်သက်တဲ့နည်းနဲ့ ဆုတောင်းနိုင်ပုံကို လေ့လာပါ။ ဆုတောင်းခြင်းက သင့်ကို ဘယ်လို အကျိုးပြုသလဲဆိုတာ ရှာဖွေကြည့်ပါ။

၄။ ဘုရားနားထောင်မယ့် ဆုတောင်းချက်

ဘယ်အချက်တွေပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား နှစ်သက်လက်ခံသလဲ။ ဗီဒီယို ဖွင့်ပါ

ယေဟောဝါက ကျွန်တော်တို့ကို ဆုတောင်းစေချင်တယ်။ ဆာလံ ၆၅:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • “ဆုတောင်းသံကို နားထောင်တဲ့အရှင်” က သင့်ကို ဆုတောင်းစေချင်တယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား နားထောင်စေချင်ရင် ဘုရားရဲ့စံနှုန်းတွေနဲ့အညီ နေထိုင်ရမယ်။ မိက္ခာ ၃:၄ နဲ့ ၁ ပေတရု ၃:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်စေချင်ရင် ဘာလုပ်ရမလဲ။

စစ်ပွဲအတွင်း နှစ်ဖက်စလုံးက အနိုင်ရဖို့ ဆုတောင်းကြတယ်။ သူတို့ရဲ့ ဆုတောင်းချက်ကို ဘုရား နားထောင်မယ်လို့ ယူဆတာ ယုတ္တိရှိပါ့မလား။

၅။ ရင်ထဲကလာတဲ့ ဆုတောင်းချက် ဖြစ်သင့်

ဆုတောင်းချက်ကို အထပ်ထပ် ရွတ်ဆိုဖို့ တချို့ သွန်သင်ခံရတယ်။ ဘုရားသခင်ကကော အဲဒီလို ဆုတောင်းစေချင်သလား။ မဿဲ ၆:၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဆုတောင်းတဲ့အခါ ‘အကြောင်းအရာ တစ်မျိုးတည်း အထပ်ထပ် ရွတ်’ တာကို ဘယ်လို ရှောင်နိုင်မလဲ။

ယေဟောဝါကို ကျေးဇူးတင်ရမယ့် သတ်သတ်မှတ်မှတ် အချက်တစ်ချက်ကို နေ့တိုင်း စဉ်းစားပါ။ အဲဒီလို တစ်ပတ်လုံး စဉ်းစားမယ်ဆိုရင် ဆုတောင်းစရာအချက် ခုနစ်ချက် ထွက်လာမှာဖြစ်လို့ ထပ်နေတော့မှာ မဟုတ်ဘူး။

ဖခင်ကောင်းက သားဖြစ်သူ ခံစားနေရတာကို ရင်ဖွင့်ပြောစေချင်တယ်။ ယေဟောဝါကလည်း ကျွန်တော်တို့ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းစေချင်တယ်

၆။ ဆုတောင်းခြင်းဟာ ဘုရားပေး လက်ဆောင် ဖြစ်

ဘဝမှာ အထူးသဖြင့် အခက်အခဲကြုံရချိန်မှာ ဆုတောင်းခြင်းက ဘယ်လို ခွန်အားရှိစေနိုင်သလဲ။ ဗီဒီယို ဖွင့်ပါ

ဆုတောင်းခြင်းက စိတ်ငြိမ်သက်မှု ရှိစေနိုင်တယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ ဖိလိပ္ပိ ၄:၆၊ ၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဆုတောင်းခြင်းက အမြဲ ပြဿနာပြေလည်စေတာ မဟုတ်ပေမဲ့ ဘယ်လို ကူညီပေးသလဲ။

  • ဘာအတွက် သင် ဆုတောင်းချင်သလဲ။

စိတ်ဝင်စားစရာအချက်

“အာမင်” ဆိုတဲ့စကားလုံးက “ပြောတဲ့အတိုင်း ဖြစ်ပါစေ၊” “မှန်ပါစေ” လို့ အဓိပ္ပာယ်ရတယ်။ ကျမ်းစာခေတ်တုန်းက ဆုတောင်းချက်အပြီးမှာ “အာမင်” လို့ ပြောကြတယ်။​—၁ ရာဇဝင်ချုပ် ၁၆:၃၆

၇။ ဆုတောင်းဖို့ အချိန်ပေးပါ

တစ်ခါတလေကျရင် ဆုမတောင်းနိုင်လောက်အောင် အလုပ်များလွန်းတာမျိုး ရှိနိုင်တယ်။ ဆုတောင်းတာက ယေရှုအတွက် ဘယ်လောက် အရေးကြီးသလဲ။ မဿဲ ၁၄:၂၃ နဲ့ မာကု ၁:၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဆုတောင်းဖို့ အချိန်ရအောင် ယေရှု ဘာလုပ်ခဲ့သလဲ။

  • ဘယ်အခါမျိုးမှာ အချိန်ယူ ဆုတောင်းနိုင်သလဲ။

လူတချို့ အဆို။ “ဆုတောင်းတိုင်းလည်း ပြည့်တာမှ မဟုတ်တာ။”

  • သင်ကော ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

စိတ်ရင်းမှန်နဲ့ ဆုတောင်းတာက ဘုရားနဲ့ ပိုရင်းနှီးစေတယ်၊ စိတ်ငြိမ်သက်မှု ပေးတယ်၊ ယေဟောဝါ နှစ်သက်တာတွေ လုပ်ဖို့ ခွန်အားပေးနိုင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ဘယ်သူ့ဆီ ဆုတောင်းရမလဲ။

  • ဘယ်လို ဆုတောင်းရမလဲ။

  • ဆုတောင်းခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဒီတေးဗီဒီယိုမှာ အချိန်တိုင်း၊ နေရာတိုင်း ဆုတောင်းနိုင်ကြောင်း ဖော်ပြထားတယ်။

အချိန်မရွေး ဆုတောင်းပါ (၁:၂၂)