သင်ခန်းစာ ၄၇
နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပြီလား
ကျမ်းစာလေ့လာတဲ့အတွက် ယေဟောဝါအကြောင်း သင် အများကြီး သိခဲ့ရပြီ။ လက်တွေ့ လိုက်နာဖို့ အပြောင်းအလဲအတွေကိုလည်း လုပ်ခဲ့မှာပဲ။ ဒါတောင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးလို့ ခံစားမိနိုင်တယ်။ နှစ်ခြင်းမခံခင် ကြုံရတတ်တဲ့ အတားအဆီးတွေ၊ ဖြတ်ကျော်နိုင်ပုံတွေကို ဒီသင်ခန်းစာမှာ လေ့လာကြပါမယ်။
၁။ နှစ်ခြင်းမခံခင် ကျမ်းစာအသိပညာ ဘယ်လောက်ရှိဖို့ လိုသလဲ။
နှစ်ခြင်းမခံခင် “အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိ” ထားဖို့ လိုတယ်။ (၁ တိမောသေ ၂:၄) ဒါပေမဲ့ ကျမ်းစာအဖြေအားလုံးကို သိထားရမယ်လို့ မဆိုလိုဘူး။ နှစ်ခြင်းခံတာ ကြာပြီဖြစ်တဲ့ ခရစ်ယာန်တွေတောင် လေ့လာနေရတုန်းပဲ။ (ကောလောသဲ ၁:၉၊ ၁၀) နှစ်ခြင်းမခံခင် အခြေခံ ကျမ်းစာသွန်သင်ချက်တွေကိုတော့ သိထားဖို့လိုတယ်။ သင့်မှာ ကျမ်းစာအသိပညာ အလုံအလောက် ရှိမရှိ သိဖို့ အသင်းတော်အကြီးအကဲတွေ ကူညီပေးပါလိမ့်မယ်။
၂။ နှစ်ခြင်းမခံခင် ဘာတွေ လုပ်ရမလဲ။
နှစ်ခြင်းမခံခင် ‘နောင်တရပြီး ပြန်လှည့်လာ’ ရမယ်။ (တမန်တော် ၃:၁၉ ကို ဖတ်ပါ။) လုပ်ခဲ့တဲ့ အပြစ်တွေအတွက် အလွန်ဝမ်းနည်းပြီး ယေဟောဝါဆီ ခွင့်လွှတ်မှု တောင်းခံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အကျင့်ဆိုးတွေကို ပြတ်ပြတ်သားသား ရှောင်ပြီး ဘုရားနှစ်သက်တဲ့ လမ်းစဉ်အတိုင်း နေထိုင်ဖို့ ဆုံးဖြတ်ထားရမယ်။ ဒါ့အပြင် အစည်းအဝေးတွေ တက်ခြင်း၊ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူအဖြစ် ဟောပြောခြင်းအားဖြင့် အသင်းတော်နဲ့ ပူးပေါင်းနေသူဖြစ်ရမယ်။
၃။ ကြောက်စိတ်က ဘာကြောင့် အတားအဆီး မဖြစ်စေသင့်သလဲ။
တချို့က ယေဟောဝါကို ကတိပေးထားတဲ့အတိုင်း မလုပ်နိုင်မှာ ကြောက်ကြတယ်။ ကျမ်းစာထဲက သစ္စာရှိ အမျိုးသား/သမီးတွေတောင် အပြစ်လုပ်မိတဲ့အတွက် သင်လည်း အပြစ်လုပ်မိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက မိမိကို ဝတ်ပြုသူတွေဆီကနေ ပြည့်ဝစုံလင်မှုကို မမျှော်လင့်ပါဘူး။ (ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။) သင် အတတ်နိုင်ဆုံး လုပ်ဆောင်နေတာကို ဘုရား နှစ်သက်တယ်။ သင့်ကို ကူညီပါလိမ့်မယ်။ ‘ဘုရားသခင်ရဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး’ လို့လည်း အာမခံထားတယ်။—ရောမ ၈:၃၈၊ ၃၉ ကို ဖတ်ပါ။
ရှာဖွေလေ တွေ့ရှိလေ
ယေဟောဝါအကြောင်း ပိုသိအောင် လေ့လာမယ်၊ ဘုရားအကူအညီကို လက်ခံမယ်ဆိုရင် နှစ်ခြင်းခံဖို့ အတားအဆီးတွေကို ဖြတ်ကျော်နိုင်တဲ့ အကြောင်း လေ့လာပါ။
၄။ ယေဟောဝါအကြောင်း ပိုသိအောင် လေ့လာပါ
နှစ်ခြင်းမခံခင် ယေဟောဝါအကြောင်း ဘယ်လောက် သိထားဖို့ လိုသလဲ။ ဘုရားကို ချစ်ပြီး ဘုရားနှစ်သက်မှု ရချင်စိတ် ပေါ်လာတဲ့အထိ သိထားဖို့ လိုတယ်။ ကမ္ဘာတစ်ဝန်းက ကျမ်းစာသင်သားတွေ ဘယ်လို လုပ်ဆောင်နေသလဲ သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာ လူတချို့ နှစ်ခြင်းခံဖို့ အသင့်ဖြစ်အောင် ဘာက ကူညီပေးသလဲ။
တမန်တော် ၁၇:၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ကျမ်းစာသွန်သင်တာ၊ ယေဟောဝါသက်သေတွေ သင်ပေးတာ မှန်ရဲ့လားဆိုပြီး သံသယဖြစ်မိသလား။
သံသယဖြစ်နေရင် ဘာလုပ်နိုင်သလဲ။
၅။ နှစ်ခြင်းခံဖို့ တားဆီးနေတာတွေကို ဖြတ်ကျော်ပါ
ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ ဆုံးဖြတ်ချိန်မှာ ကျွန်တော်တို့အားလုံး အခက်ကြုံရတတ်တယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာ နာရန်ဂါရယ်ဟာ ယေဟောဝါကို ဝတ်ပြုဖို့ ဘယ်အတားအဆီးတွေကို ဖြတ်ကျော်ရသလဲ။
ဒီအတားအဆီးတွေကို ဖြတ်ကျော်ဖို့ ယေဟောဝါကို ချစ်တဲ့မေတ္တာက ဘယ်လို ကူညီပေးသလဲ။
ပညာအလိမ္မာ ၂၉:၂၅ နဲ့ ၂ တိမောသေ ၁:၇ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ဘာက သတ္တိရှိစေသလဲ။
၆။ ယေဟောဝါကူညီမယ်ဆိုတာ စိတ်ချပါ
သင့်ကို ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာ ကျမ်းစာသင်သားက နှစ်ခြင်းခံဖို့ ဘာကြောင့် တွန့်ဆုတ်နေသလဲ။
သူ လေ့လာသိရှိခဲ့တာတွေက ယေဟောဝါကို ယုံကြည်အားကိုးဖို့ ဘယ်လို ကူညီပေးသလဲ။
ဟေရှာယ ၄၁:၁၀၊ ၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
ဆက်ကပ်အပ်နှံချိန်မှာ ပေးတဲ့ ကတိအတိုင်း လုပ်ဆောင်နိုင်မယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၇။ ယေဟောဝါရဲ့မေတ္တာကို တန်ဖိုးထားလေးမြတ်စိတ် တိုးပွားစေပါ
သင့်ကို ယေဟောဝါ ဘယ်လောက်ချစ်မှန်း တွေးတောတဲ့အခါ ဘုရားကို ပိုကျေးဇူးတင်ပြီး ထာဝစဉ်ဝတ်ပြုချင်စိတ် ပေါ်လာပါလိမ့်မယ်။ ဆာလံ ၄၀:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
ယေဟောဝါဆီက ဘယ်ကောင်းချီးတွေအတွက် အထူးကျေးဇူးတင်သလဲ။
ပရောဖက် ယေရမိက ယေဟောဝါနဲ့ တရားစကားကို ချစ်မြတ်နိုးတယ်။ ယေဟောဝါနာမည် ခံယူခွင့်ကို အလွန်တန်ဖိုးထားတယ်။ ‘ယေဟောဝါဘုရား၊ နာမတော်ကို ခံယူထားတဲ့အတွက် နှုတ်တော်ထွက်စကားတွေက ကျွန်တော့်ကို ရွှင်လန်းစေတယ်။ ရင်ကို ကြည်နူးစေပါတယ်’ လို့ သူပြောတယ်။ (ယေရမိ ၁၅:၁၆) ဒီမေးခွန်းတွေကို ဖြေပါ။
ယေဟောဝါသက်သေဖြစ်ရတာ ဘာကြောင့် အခွင့်ထူးသလဲ။
ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံချင်သလား။
နှစ်ခြင်းခံဖို့ တားဆီးနေတဲ့အရာတစ်ခုခု ရှိနေသလား။
နှစ်ခြင်းခံဖို့ ပန်းတိုင်ရောက်အောင် ဘာလုပ်ဖို့လိုမယ် ထင်သလဲ။
လူတချို့ အမေး။ “နှစ်ခြင်းခံပြီးမှ ကတိအတိုင်း မလိုက်နာနိုင်မှာ စိုးရိမ်တယ်။”
သင်ကော အဲဒီလို ခံစားရသလား။
အနှစ်ချုပ်
နှစ်ခြင်းခံဖို့ အတားအဆီးမှန်သမျှကို ယေဟောဝါအကူအညီနဲ့ ဖြတ်ကျော်နိုင်ပါတယ်။
ပြန်လည်သုံးသပ်ခြင်း
နှစ်ခြင်းမခံခင် ကျမ်းစာအသိပညာ ဘယ်လောက်ရှိဖို့ လိုသလဲ။
နှစ်ခြင်းမခံခင် ဘယ်အပြောင်းအလဲတွေ လုပ်ဖို့ လိုနိုင်သလဲ။
ကြောက်စိတ်က ဘာကြောင့် အတားအဆီး မဖြစ်စေသင့်သလဲ။
လေ့လာစရာ ထပ်ဖွေရှာ
နှစ်ခြင်းခံဖို့ အတားအဆီးကြီးတွေကို ဖြတ်ကျော်ခဲ့သူတစ်ဦးအကြောင်း ရှုစားပါ။
ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ
မေးလေ့ရှိတဲ့ မေးခွန်းများ
ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ
ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ အခမဲ့ လေ့လာမှုအစီအစဉ်မှာ ဘယ်ဘာသာပြန်ကျမ်းကိုမဆို သုံးနိုင်ပါတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ပါဝင်ဖို့ ဖိတ်ခေါ်လို့ ရတယ်။
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ