အခန်း ၃

သမ္မာကျမ်းစာအမှန်တရား ဘယ်လို ပြန်ပေါ်လာသလဲ

သမ္မာကျမ်းစာအမှန်တရား ဘယ်လို ပြန်ပေါ်လာသလဲ

ကျမ်းစာကျောင်းသားများ၊ ၁၈၇၀ ပြည့်လွန်နှစ်များ

ကင်းမျှော်စင် ပထမဦးဆုံးစာစောင်၊ ၁၈၇၉ ခုနှစ်

ယနေ့ ကင်းမျှော်စင်

ခရစ်တော်သေဆုံးပြီးနောက် အစောပိုင်း ခရစ်ယာန်တွေကြားမှာ လွဲမှားစွာသွန်သင်တဲ့သူတွေ ပေါ်လာပြီး ကျမ်းစာအမှန်တရားကို ဖောက်လွဲဖောက်ပြန် ပြုကြလိမ့်မယ်လို့ သမ္မာကျမ်းစာမှာ ကြိုပြောထားတယ်။ (တမန်တော် ၂၀:၂၉၊ ၃၀) အဲဒီအတိုင်းပဲ အတိအကျ ဖြစ်လာခဲ့တယ်။ သူတို့က ယေရှုရဲ့သွန်သင်ချက်တွေနဲ့ မှားယွင်းတဲ့သွန်သင်ချက်တွေကို ရောနှောပြီး ခရစ်ယာန်ဘာသာအတု ပေါ်ထွက်စေခဲ့တယ်။ (၂ တိမောသေ ၄:၃၊ ၄) ယနေ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်တာတွေကို မှန်မှန်ကန်ကန်နားလည်ထားကြောင်း ဘယ်လိုနည်းနဲ့ အသေအချာသိနိုင်မလဲ။

အမှန်တရားကို ယေဟောဝါဘုရား ဖော်ထုတ်တဲ့အချိန် ရောက်လာတယ်။ နောက်ဆုံးကာလဖြစ်တဲ့ “အဆုံးပိုင်းကာလ” အတွင်းမှာ “စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်” ဆိုပြီး ဘုရား ကြိုဟောထားတယ်။ (ဒံယေလ ၁၂:၄) ၁၈၇၀ ပြည့်နှစ်မှာ အမှန်တရားကိုရှာဖွေတဲ့ အုပ်စုငယ်လေးက ချာ့ခ်ျအယူဝါဒများစွာဟာ ကျမ်းစာနဲ့မကိုက်ညီမှန်း တွေ့ရှိလာကြတယ်။ ဒါကြောင့် သမ္မာကျမ်းစာရဲ့ မူလသွန်သင်ချက်ကို သဘောပေါက်ဖို့ လေ့လာရှာဖွေမှုတွေ စတင်လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။

စိတ်နှလုံး ရိုးဖြောင့်တဲ့သူတွေဟာ သမ္မာကျမ်းစာကို အသေအချာ လေ့လာခဲ့ကြတယ်။ စိတ်ထက်သန်တဲ့ ကျမ်းစာကျောင်းသားတွေ (အစောပိုင်းယေဟောဝါသက်သေတွေ) သုံးခဲ့တဲ့ လေ့လာနည်းကို ကျွန်တော်တို့ အခုအချိန်ထိ သုံးနေတုန်းပါပဲ။ သူတို့က အကြောင်းအရာတစ်ခုချင်းစီကို ဆွေးနွေးသုံးသပ်ကြတယ်။ နားလည်ရခက်တဲ့ ကျမ်းပိုဒ်ကို တွေ့တဲ့အခါ အဲဒါကို ရှင်းပြဖို့ တခြားကျမ်းချက်တွေကို ရှာဖွေကြတယ်။ ကျမ်းစာရဲ့ကျန်တဲ့အပိုင်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ ကောက်ချက် ချနိုင်ပြီဆိုရင် အဲဒါကို ရေးမှတ်ထားလိုက်တယ်။ အဲဒီလိုသမ္မာကျမ်းစာကိုယ်နှိုက်ရဲ့ ရှင်းလင်းဖော်ပြချက်ကိုသုံးပြီး ဘုရားသခင့်နာမတော်နဲ့ နိုင်ငံတော်၊ လူသားတွေနဲ့ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်လူသေတွေရဲ့ အခြေအနေရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် စတဲ့ အမှန်တရားတွေကို ပြန်ဖော်ထုတ်ခဲ့ကြတယ်။ သူတို့ရဲ့ရှာဖွေလေ့လာမှုကြောင့် မှားယွင်းတဲ့ ယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေကနေ လွတ်မြောက်လာခဲ့ကြတယ်။—ယောဟန် ၈:၃၁၊ ၃၂

၁၈၇၉ ခုနှစ်မှာ ကျမ်းစာကျောင်းသားတွေက လူအများကို အမှန်တရား ပေးသိဖို့ အချိန်တန်ပြီဆိုတာ သိရှိလာခဲ့ကြတယ်။ ဒါနဲ့ အဲဒီနှစ်ကနေစပြီး ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း မဂ္ဂဇင်းကို ထုတ်ဝေခဲ့တာ ဒီနေ့ထိပါပဲ။ ဒီနေ့ သမ္မာကျမ်းစာ အမှန်တရားကို နိုင်ငံနဲ့ နယ်မြေပေါင်း ၂၄၀ မှာ ဘာသာစကားပေါင်း ၉၀၀ ကျော်နဲ့ ဖြန့်ဝေပေးနေပါတယ်။ စစ်မှန်တဲ့အသိပညာ ဒီလောက်အထိပျံ့နှံ့တာ တစ်ခါမှ မရှိခဲ့ဖူးဘူး။

  • ခရစ်တော်သေဆုံးပြီးနောက် သမ္မာကျမ်းစာအမှန်တရား ဘာဖြစ်ခဲ့သလဲ။

  • သမ္မာကျမ်းစာအမှန်တရား ဘယ်လိုနည်းနဲ့ ပြန်ပေါ်လာခဲ့သလဲ။