အခန်း ၁၈

ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ

ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ

ဒိုမီနီကန်​ပြည်​သူ့​သမ္မတနိုင်ငံ

ဂျပန်

ဟေတီ

ဘေးအန္တရာယ် ကျရောက်​တဲ့အခါ​ ဘေးသင့်​တဲ့ ညီအစ်ကို/မတွေကို ကူညီ​ဖို့ ယေဟော​ဝါ​သက်သေ​တွေ ချက်ချင်း စီစဉ်​ကြ​တယ်။ ဒီလို ကြိုးစား​ကူညီ​ပေးမှု​တွေ​က တစ်​ဦး​အပေါ်တစ်​ဦး​ပြသ​တဲ့ ကျွန်တော်တို့ရဲ့ မေတ္တာစစ်​ကို ဖော်ပြနေတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၃:၁၇၊ ၁၈) ဘယ်လိုနည်းတွေနဲ့ ကူညီ​ပေး​ကြ​သလဲ။

ကျွန်တော်တို့ အလှူငွေ ထည့်​ကြ​တယ်။ ပထမ​ရာစု​တုန်းက ယုဒပြည်​မှာ အငတ်ဘေး ကျတဲ့​အခါ​ အန္တိအုတ်​က ခရစ်ယာန်​တွေဟာ ခရစ်ယာန် ညီအစ်ကိုချင်း​တွေအတွက်​ ငွေကြေး ပို့ပေး​ခဲ့ကြတယ်။ (တမန်တော် ၁၁:၂၇-၃၀) အလားတူ၊ တချို့​​ဒေသ​တွေ​က ညီအစ်ကို/မတွေ အခက်အခဲ ကြုံနေ​ရတာ​ကို ကျွန်တော်တို့ ကြားသိ​ရ​တဲ့အခါ​ အရေး​ပေါ် လိုအပ်​နေတဲ့ ရုပ်ပစ္စည်း​အကူအညီ​တွေ ပေးဖို့ အသင်း​တော်​က​နေ​တစ်ဆင့် အလှူငွေ ထည့်ဝင်​ကြ​တယ်။—၂ ကောရိန္သု ၈:၁၃-၁၅

လက်တွေ့ကျ​အကူအညီ​တွေကို ပေးကြတယ်။ ဘေးသင့်​တဲ့​ဒေသ​ရှိ အကြီးအကဲ​တွေ​က သက်သေခံ​ယောက်တိုင်း​ကို တွေ့​အောင် ရှာပြီး ဘေးကင်းလုံခြုံမှု ရှိ​ဖို့ ကူညီ​​ပေးကြတယ်။ အစားအစာ၊ သောက်​ရေ​သန့်၊ အဝတ်​အထည်၊ အမိုး​အကာ၊ ဆေးဝါး​တွေကို ဖြန့်ဝေ​ရာမှာ ကယ်ဆယ်ရေး​ကော်မတီက စီစဉ်​ညွှန်ကြား​ပေးတယ်။ လိုအပ်​တဲ့​လုပ်ငန်းမှာ ကျွမ်းကျင်မှု​ရှိတဲ့​သူတွေဟာ ကယ်ဆယ်ရေး​မှာ ပါဝင်ဖို့၊ ပျက်စီး​သွားတဲ့ ဝတ်ပြုရာခန်းမ​တွေနဲ့ အိမ်​တွေကို ပြန်ပြင်​ဖို့ ကိုယ့်​စရိတ်​နဲ့​ကိုယ် သွားရောက် ကူညီ​​ပေးကြတယ်။ ကျွန်တော်တို့ဟာ စည်းလုံး​တဲ့ အဖွဲ့အစည်း ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်​မှုမှာ အတွေ့အကြုံ ရှိ​ထားတာ​ကြောင့် လိုအပ်​တဲ့အခါ​ လိုအပ်ရာတွေ​နဲ့ လုပ်သား​တွေကို အလျင်အမြန် စုစည်း​နိုင်တယ်။ “ယုံကြည်ခြင်း​တူ​တဲ့​သူတွေ​ကို” ကူညီ​​ကြတဲ့​အပြင် ဖြစ်နိုင်တဲ့​အခါ​တိုင်း ဘယ်​ဘာသာ​ဝင်​ကို​မဆို ကူညီ​​ပေးကြတယ်။—ဂလာတိ ၆:၁၀

သမ္မာကျမ်းစာ​နဲ့ နှစ်သိမ့်ပေး​ပြီး စိတ်ခံစား​ချက်​ကို သက်သာ​စေ​ကြ​တယ်။ ဘေးသင့်​တဲ့​သူတွေဟာ အထူးသဖြင့် နှစ်သိမ့်ပေး​မှု လိုအပ်တယ်။ အဲဒီ​လို​အချိန်​​အခါ​​မျိုးမှာ ကျွန်ုပ်တို့​ဟာ “နှစ်သိမ့်ခြင်း​အမျိုးမျိုး​ရဲ့ အရှင်” ယေဟော​ဝါ​ထံ​က ခွန်အားရ​ယူ​ကြ​တယ်။ (၂ ကောရိန္သု ၁:၃၊ ၄) စိတ်ဓာတ်ကျ​သူတွေ​ကို ကျမ်းစာပါ ကတိတော်​တွေအကြောင်း ပြောပြ​ကြ​တယ်။ မကြာခင်​မှာ ဘုရား​သခင့်​နိုင်ငံ​တော်​က နာကျင်မှု၊ ဆင်းရဲမှု​တွေ ဖြစ်ပေါ်​စေတဲ့ အဖြစ်​ဆိုး​အားလုံး​ကို အဆုံးသတ်​တော့မယ်​ဆိုတာ စိတ်ချ​စေ​ကြ​တယ်။—ဗျာဒိတ် ၂၁:၄

  • ဘေးအန္တရာယ်​တွေ ကျရောက်​တဲ့အခါ​ ယေဟော​ဝါ​သက်သေ​တွေ အမြန်​ဆုံး ကူညီ​ပေး​နိုင်ကြ​တာ ဘာကြောင့်လဲ။

  • အသက်​ရှင်​လွတ်မြောက်​သူတွေ​ကို သမ္မာကျမ်းစာ​နဲ့ ဘယ်လို နှစ်သိမ့်ပေး​နိုင်ကြ​သလဲ။