အခန်း ၁၁

အစည်းအဝေးတွေကို ဘာကြောင့် တက်ကြရသလဲ

အစည်းအဝေးတွေကို ဘာကြောင့် တက်ကြရသလဲ

မက္ကဆီကို

ဂျာမနီ

ဘော့ဆွာနာ

နီကာရာဂွါ

အီတလီ

ဒီလူတွေ ဘာလို့ ဒီလောက်ပျော်နေကြတာလဲ။ ကျွန်တော်တို့ရဲ့ အစည်းအဝေးတစ်ခုမှာ ရောက်နေကြလို့ပါ။ ရှေးခေတ်က ဘုရားသခင့်ကျေးကျွန်တွေဟာ တစ်နှစ်မှာ သုံးကြိမ်စုဝေးဖို့ လမ်းညွှန်ခံရတယ်။ အလားတူ ကျွန်တော်တို့လည်း အစည်းအဝေးမှာ အတူတကွ တွေ့ဆုံစုဝေးဖို့ မျှော်လင့် ကြတယ်။ (တရားဟောရာ ၁၆:၁၆) နှစ်စဉ် ကျွန်တော်တို့မှာ အစည်းအဝေးသုံးခုရှိတယ်– တစ်ရက်ကြာ တိုက်နယ်အစည်းအဝေး နှစ်ခုနဲ့ သုံးရက်ကြာ ခရိုင်အစည်းအဝေးတို့ ဖြစ်တယ်။ ဒီကနေ ဘာအကျိုးကျေးဇူးတွေ ရကြသလဲ။

ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းရဲ့ စည်းလုံးမှုကို ပိုခိုင်မြဲစေတယ်။ “လူစုလူဝေးကြီးအလယ်မှာ” ယေဟောဝါဘုရားကို ချီးမွမ်းရတာကို အစ္စရေးလူမျိုးတွေ ပျော်ရွှင်ခဲ့ကြသလို ပါပဲ၊ အစည်းအဝေးတွေမှာ အတူတကွ ဝတ်ပြုကိုးကွယ်ရတာကို ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ (ဆာလံ ၂၆:၁၂။ ၁၁၁:၁) ဒီလိုအခါသမယတွေမှာ တခြားအသင်းတော်က သက်သေခံတွေ၊ တခြားနိုင်ငံက သက်သေခံတွေနဲ့တောင် ဆုံတွေ့ခွင့်ရကြတယ်။ နေ့လယ်စာ ယူလာဖို့ ကျွန်တော်တို့ အားပေးခံရပြီး နေ့လယ်စာစားချိန်က မိတ်ဆွေဖွဲ့ဖို့ ထပ်ဆင့်အခွင့်အရေးရစေတယ်။ (တမန်တော် ၂:၄၂) အဲဒီမှာ ကမ္ဘာချီ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” ကို စည်းလုံးစေတဲ့ မေတ္တာကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားရမယ်။—၁ ပေတရု ၂:၁၇

အမှန်တရားအသိပညာ ပိုတိုးတက်လာအောင် ထောက်ကူပေးတယ်။ အစ္စရေးလူမျိုးတွေဟာ ကျမ်းစာရှင်းပြချက်တွေကို ကြားရပြီး “သဘောပေါက်” လာတဲ့အခါ အကျိုးခံစားခဲ့ရတယ်။ (နေဟမိ ၈:၈၊ ၁၂) ကျွန်တော်တို့လည်း အစည်းအဝေးတွေမှာ ကြားရတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို တန်ဖိုးထားကြတယ်။ အစီအစဉ်တိုင်းကို ကျမ်းစာအကြောင်းအရာအပေါ် အခြေခံထားတယ်။ ဘုရားသခင့်အလိုတော်ကို ဘဝအသက်တာမှာ ဘယ်လို ကျင့်သုံးနိုင်မလဲဆိုတာကို စိတ်ဝင်စားစရာ ဟောပြောချက်တွေ၊ အခန်းဆက်တွေ၊ ပြန်လည်သရုပ်ပြခန်းတွေနဲ့ သင်ပေးတယ်။ ဒီခက်ခဲကျပ်တည်းတဲ့ကာလမှာ ကျမ်းစာမူတွေကို အောင်မြင်စွာ လက်တွေ့ကျင့်သုံးခဲ့သူတွေရဲ့ တွေ့ကြုံမှုတွေကို ကြားရတဲ့အခါ အားရှိကြတယ်။ ခရိုင်အစည်းအဝေးတွေမှာ ရှေးခေတ်ဝတ်စုံနဲ့ တင်ဆက်တဲ့ ပြဇာတ်တွေက ကျမ်းစာမှတ်တမ်းတွေကို အသက်ဝင်စေပြီး လက်တွေ့ကျသင်ခန်းစာတွေကို သင်ပေးတယ်။ မိမိကိုယ်ကို ဘုရားသခင်ဆီ အပ်နှံထားကြောင်း ဖော်ပြလိုသူတွေအတွက် တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတိုင်းမှာ နှစ်ခြင်းအစီအစဉ် ရှိတယ်။

  • အစည်းအဝေးတွေဟာ ဘာလို့ ပျော်စရာကောင်းသလဲ။

  • အစည်းအဝေးတွေကို တက်ရောက်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ။