အခန်း ၉

အစည်းအဝေးတွေအတွက် ဘယ်လိုပြင်ဆင်နည်းက အကောင်းဆုံးလဲ

အစည်းအဝေးတွေအတွက် ဘယ်လိုပြင်ဆင်နည်းက အကောင်းဆုံးလဲ

ကမ္ဘောဒီးယား

ယူကရိန်း

သင်ဟာ ယေဟောဝါသက်သေတစ်ယောက်ယောက်နဲ့ ကျမ်းစာလေ့လာနေတယ်ဆိုရင် အကြောင်းအရာကို ကြိုတင်လေ့လာထားပါလိမ့်မယ်။ အဲဒီလိုပါပဲ အသင်းတော်အစည်းအဝေး မတက်ခင် ကြိုတင်ပြင်ဆင်ထားရင် ကောင်းတယ်။ ဒီလိုပြင်ဆင်တတ်တဲ့ အလေ့အကျင့်ကောင်းရှိမယ်ဆိုရင် အကျိုးအများဆုံး ရပါလိမ့်မယ်။

လေ့လာမှုလုပ်ဖို့အတွက် အချိန်နဲ့ နေရာကို သတ်မှတ်ပါ။ ဘယ်အချိန်မှာ အကောင်းဆုံး အာရုံစိုက်နိုင်သလဲ။ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ မစတင်ခင် မနက်စောစောလား။ ဒါမှမဟုတ် ညဘက် ကလေးတွေ အိပ်ယာဝင်ပြီးတဲ့အချိန်လား။ အကြာကြီး မလေ့လာနိုင်ဘူးဆိုရင် အချိန်ဘယ်လောက်အသုံးပြုမလဲဆိုတာ ဆုံးဖြတ်ပါ။ အဲဒီအချိန်ကို တခြားတစ်ခုခုကြောင့် အပျက်မခံပါနဲ့။ ဆိတ်ငြိမ်တဲ့နေရာကို ရှာပါ။ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ဆဲလ်ဖုန်းလိုမျိုး အာရုံပျက်စေမယ့် အရာတွေကို ပိတ်ထားပါ။ လေ့လာမှု မစခင် အရင်ဆုတောင်းခြင်းက တစ်နေ့တာရဲ့ စိုးရိမ်စိတ်တွေ ပြေလျော့စေပြီး ဘုရားသခင့်စကားတော်ကို အာရုံစိုက်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ —ဖိလိပ္ပိ ၄:၆၊ ၇

အကြောင်းအရာကို မှတ်သားပါ၊ ပါဝင်ဖြေဆိုဖို့ ပြင်ဆင်ပါ။ အကြောင်းအရာကို ခြုံငုံနားလည်အောင် အရင်လုပ်ပါ။ ဆောင်းပါး ခေါင်းစဉ်ကို စဉ်းစားပါ။ ခေါင်းစဉ်ငယ်လေးတွေက ခေါင်းစဉ်ကြီးနဲ့ ဘယ်လို ဆက်စပ်သလဲ၊ ရုပ်ပုံတွေနဲ့ ပြန်လည်သုံးသပ်တဲ့ မေးခွန်းတွေက အဓိကအချက်ကို ဘယ်လို အလေးပေးသလဲဆိုတာတွေကို စဉ်းစားပါ။ အဲဒီနောက် အပိုဒ်ဖတ်ပြီး ပုံနှိပ်ထားတဲ့ မေးခွန်းကို အဖြေရှာပါ။ ညွှန်းထားတဲ့ကျမ်းချက်ကို ရှာဖတ်ပြီး အဲဒီကျမ်းချက်က အကြောင်းအရာကို ဘယ်လိုထောက်ခံသလဲ စဉ်းစားပါ။ (တမန်တော် ၁၇:၁၁) အဖြေသိပြီဆိုရင် အဓိကစကားလုံး၊ စကားစုကို မျဉ်းသားပါ၊ မှတ်သားထားပါ။ အဲ့ဒါက အစည်းအဝေးမှာ ပြန်သတိရဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ အစည်းအဝေး ရောက်တဲ့အခါ အဖြေပေးချင်တယ်ဆိုရင် လက်ထောင်နိုင်ပါတယ်။ ကိုယ်ပိုင်စကားနဲ့ လိုရင်းတိုရှင်း မှတ်ချက်ပေးပါ။

ပတ်စဉ် အစည်းအဝေးတွေမှာ ဆွေးနွေးတဲ့အကြာင်းအရာအမျိုးမျိုးကို ဆန်းစစ်လေ့လာခြင်းအားဖြင့် သင့်ရဲ့ သမ္မာကျမ်းစာအသိပညာ “ဘဏ္ဍာ” တိုက်ထဲမှာ အသိပညာအသစ်တွေ တိုးလာပါလိမ့်မယ်။—မဿဲ ၁၃:၅၁၊ ၅၂

  • အစည်းအဝေးအတွက် ပြင်ဆင်ရာမှာ ဘယ်လို အလေ့အကျင့်မျိုးကို ပျိုးထောင်နိုင်သလဲ။

  • အစည်းအဝေးမှာ မှတ်ချက်ပေးဖို့ ကိုယ်တိုင် ဘယ်လိုပြင်ဆင်နိုင်မလဲ။