ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတဲ့အကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ

ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတဲ့အကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ

အခန်း ၂၅

ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတဲ့အကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ

“ကျွန်တော် ၈ နှစ်အရွယ်ကစပြီး ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတတ်လာ တယ်။ နောက်တော့ ဒီအကျင့်နဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို သိလာတယ်။ ဒီအကျင့်ဆိုးကို ပြန်ကျင့်မိတဲ့အခါတိုင်း သိပ်ဝမ်းနည်းတာပဲ။ ‘ငါ့လိုလူကို ဘုရား ဘယ်လိုချစ်နိုင်မှာလဲ’ လို့ စဉ်းစားမိတယ်။”—လူအီဇ်။

အပျိုပေါက်၊ လူပျိုပေါက် ဖြစ်လာချိန်မှာ လိင်ဆန္ဒတွေ သိသိသာသာ နိုးကြွလာတဲ့အတွက် ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေချင်စိတ် ပေါ်လာတယ်။ a လူအများစုကတော့ ‘အဲဒီအကျင့်က ဒီလောက်မဆိုးပါဘူး၊ တခြားသူတွေကိုမှ မထိခိုက်တာ’ ဆိုပြီးပြောတတ်တယ်။ ဒါပေမဲ့ ဒီအကျင့်ကို ရှောင်သင့်တဲ့ အကြောင်းကောင်းရှိတယ်။ ကျမ်းရေးသူပေါလုက ‘သွေးသားဆန္ဒပြင်းပြတဲ့ သင်တို့ရဲ့ ကိုယ်အင်္ဂါများကို သေစေကြပါ’ ဆိုပြီး ရေးခဲ့တယ်။ (ကောလောသဲ ၃:၅) ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတာက သွေးသားဆန္ဒကို မသေစေဘဲ ပိုလို့တောင် နိုးကြွလာစေတယ်။ ဒီအချက်တွေကိုလည်း ထည့်စဉ်းစားပါ–

● ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေသူဟာ အရမ်းကိုအတ္တဆန်သူပဲ။ အဲဒီအချိန်မှာခံစားရတဲ့ သာယာမှုမှာပဲ အာရုံနစ်မြုပ်နေတတ်တယ်။

● သူက လိင်ခြားသူတွေကို လိင်စိတ်နိုးကြွစေတဲ့ ကိရိယာအဖြစ်ပဲ ရှုမြင်တယ်။

● ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတတ်သူဟာ အတ္တသမားဖြစ်နေတော့ အိမ်ထောင်ပြုခဲ့ရင်တောင် လိင်ကိစ္စမှာ ကျေနပ်မှုမရနိုင်ဘူး။

သွေးသားဆန္ဒလျော့ပါးစေဖို့ ကိုယ့်ဘာသာကိုယ် လိင်စိတ်ဖြေမယ့်အစား ချုပ်တည်းနိုင်အောင် ကြိုးစားပါ။ (၁ သက်သာလောနိတ် ၄:၄၊ ၅) အဲဒီလိုလုပ်နိုင်ဖို့ လိင်စိတ်နှိုးဆွပေးတဲ့ အခြေအနေတွေကို ရှောင်ပါလို့ ကျမ်းစာအားပေးထားတယ်။ (သုတ္တံ ၅:၈၊ ၉) ဒါတောင်မှ အဲဒီအကျင့်ကို မချိုးနှိမ်နိုင်ရင်ကော။ ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ခဲ့လို့ ‘ငါတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ဘုရားရဲ့စံနှုန်းတွေကို မလိုက်နိုင်တော့ဘူး’ ဆိုပြီး အရှုံးပေးလိုက်မလား။ ပက်ဒရိုဆိုတဲ့ လူငယ်လေး အဲဒီလိုဖြစ်ခဲ့တယ်။ “ဒီအကျင့်ဆိုးကို ပြန်ပြန်လုပ်မိနေတော့ သိပ်စိတ်ပျက်တာပဲ။ ဘယ်တော့မှ ခွင့်လွှတ်ခံရမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဆုတောင် မတောင်းရဲတော့ဘူး” လို့သူပြောပြတယ်။

သင်လည်း အဲဒီလိုခံစားမိရင် စိတ်ဓာတ်မကျပါနဲ့။ အားယူပါ။ လူကြီးလူငယ်မရွေး အဲဒီအကျင့်ကို ချိုးနှိမ်နိုင်ခဲ့သလို သင်လည်း ချိုးနှိမ်နိုင်မှာပါ။

အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို ဘယ်လိုဖျောက်နိုင်မလဲ

အဲဒီအကျင့်ရှိသူတွေက အပြစ်ရှိတယ်လို့ ခံစားတတ်ကြတယ်။ ‘ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ ဝမ်းနည်း’ တာက ဒီအကျင့်ဆိုးကို ချိုးနှိမ်နိုင်ဖို့ တွန်းအားပေးပါတယ်။ (၂ ကောရိန္သု ၇:၁၁) ဒါပေမဲ့ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင် စိတ်ဓာတ်ကျရုံပဲရှိပြီး အရှုံးပေးချင်စိတ် ပေါ်လာနိုင်တယ်။—သုတ္တံ ၂၄:၁၀

ဒါကြောင့် အရှိကိုအရှိအတိုင်း မြင်တတ်ဖို့ ကြိုးစားပါ။ ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတာက ညစ်ညမ်းတဲ့အကျင့်တစ်ခုပဲ။ ဒီအကျင့်က သင့်ကို ‘တပ်မက်ခြင်းနဲ့ အပျော်အပါးလိုက်စားခြင်း အမျိုးမျိုးတို့ရဲ့ကျွန်’ ဖြစ်စေပြီး မကောင်းတဲ့စိတ်ဆန္ဒတွေ ကြီးထွားလာအောင် လှုံ့ဆော်ပေးတယ်။ (တိတု ၃:၃) ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတာက ကြီးလေးတဲ့လိင်အကျင့်ယိုယွင်းမှုတော့ မဟုတ်ဘူး။ (ယုဒ ၇) သင့်မှာ ဒီအကျင့်ရှိနေရင် ခွင့်မလွှတ်နိုင်တဲ့အပြစ် ကျူးလွန်တာပဲလို့ မထင်လိုက်ပါနဲ့။ အရေးကြီးတာက အဲဒီပြင်းပြတဲ့ဆန္ဒကို တိုက်လှန်ဖို့၊ ဘယ်တော့မှ အရှုံးမပေးဖို့ စိတ်ပိုင်းဖြတ်ထားပါ။

ဒီအကျင့်ဆိုးကို ပြန်ကျင့်မိတယ်ဆိုရင် စိတ်ဓာတ်ကျလာမှာပဲ။ အကျင့်ဆိုးကို ပြန်လုပ်မိတာနဲ့ လူဆိုးကြီး ဖြစ်မသွားပါဘူး။ ဒါကြောင့် အရှုံးမပေးလိုက်ပါနဲ့။ ဘာကြောင့် အဲဒီလိုပြန်လုပ်မိသလဲဆိုတာ စဉ်းစားပြီး နောက်တစ်ခေါက် ပြန်မလုပ်မိဖို့ ကြိုးစားပါ။

ဘုရားသခင့် မေတ္တာကရုဏာအကြောင်း အချိန်ယူစဉ်းစားပါ။ အားနည်းချက်ကြောင့် အပြစ်ကျူးလွန်ဖူးတဲ့ ကျမ်းရေးသူဒါဝိဒ် အခုလိုပြောခဲ့တယ်– ‘အဖေက သားတွေကို ကရုဏာပြသလို ယေဟောဝါကလည်း သူ့ကို ကြောက်ရွံ့သူတွေကို ကရုဏာပြတယ်။ ဘုရားက ငါတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်းသိတယ်။ ငါတို့ဟာ မြေမှုန့်ပဲဆိုတဲ့အချက်ကို မမေ့ဘူး။’ (ဆာလံ ၁၀၃:၁၃၊ ၁၄ကဘ) ယေဟောဝါက လူတွေ မှားတတ်တယ်ဆိုတာ ထည့်တွက်ပြီး ‘ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။’ (ဆာလံ ၈၆:၅ကဘ) တစ်ချိန်တည်းမှာ ကျွန်တော်တို့ကိုလည်း ကြိုးစားပြီး ပြုပြင်ပြောင်းလဲစေချင်တယ်။ ဒါဆိုရင် အဲဒီအကျင့်ကို ချိုးနှိမ်ဖို့ ဘာလုပ်နိုင်မလဲ။

ဖျော်ဖြေရေးအစီအစဉ်တွေကို စိစစ်ပါ။ သင်ကြည့်နေတဲ့ ရုပ်ရှင်၊ တီဗွီအစီအစဉ်နဲ့ ဝက်ဘ်ဆိုက်တွေက လိင်စိတ်ကို နှိုးဆွပေးသလား။ ကျမ်းရေးသူတစ်ယောက်က ‘အချည်းနှီးဖြစ်တဲ့အရာတွေ မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ’ လို့ ပညာရှိရှိဆုတောင်းခဲ့တယ်။—ဆာလံ ၁၁၉:၃၇ကဘ။

တခြားကိစ္စတွေအပေါ် အာရုံပြောင်းပါ။ ဝီလျံဆိုတဲ့ ခရစ်ယာန်လူငယ်က “အိပ်ရာမဝင်ခင် ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ပါ။ မအိပ်ခင် နောက်ဆုံးစဉ်းစားလိုက်တာက ဘုရားနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ဖို့ သိပ်အရေးကြီးတယ်” လို့ အကြံပေးတယ်။—ဖိလိပ္ပိ ၄:၈

တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ။ ရှက်စိတ်ကြောင့် ရင်ဖွင့်ဖို့ခက်မှာပဲ။ ဒါပေမဲ့ ဖွင့်ပြောလိုက်တဲ့အခါ ဒီအကျင့်ကို ဖျောက်ပစ်နိုင်တယ်။ ဒေးဗစ်ဆိုတဲ့ ခရစ်ယာန်လူငယ်လေး အခုလိုပြောတယ်– “အဖေ့ကို အဲဒီအကြောင်း ရင်ဖွင့်လိုက်တယ်။ အဖေပြန်ပြောတဲ့ စကားကို ကျွန်တော် ဘယ်တော့မှမမေ့ဘူး။ သူက အားပေးတဲ့အပြုံးလေးနဲ့ ‘သားအတွက် အဖေ ဂုဏ်ယူတယ်’ လို့ပြောတယ်။ ဒီအကြောင်း ဖွင့်ပြောဖို့ ဘယ်လောက်ခက်မယ်ဆိုတာ အဖေ နားလည်ပေးတယ်။ အဲဒါက အားဆေးတစ်ခွက်လိုပါပဲ။ ဒါကြောင့် အားမလျှော့ဘဲ ကြိုးစားဖို့ ကျွန်တော်ဆုံးဖြတ်နိုင်ခဲ့တာ။

“အဖေက ကျမ်းချက်တွေဖတ်ပြပြီး ကျွန်တော်ဟာ ‘ပြင်လို့မရတဲ့သူ’ မဟုတ်ဘူးဆိုတာ နားလည်အောင် ကူညီပေးတယ်။ ကျွန်တော့်လုပ်ရပ်က ဘယ်လောက်ဆိုးတယ်ဆိုတာ သဘောပေါက်ဖို့ တခြားကျမ်းချက်တွေ ဖတ်ပြသေးတယ်။ ပြီးတော့ ‘အခု ဒီအကြောင်းကို ဆက်မပြောတော့ဘူး။ သားဘက်က အတတ်နိုင်ဆုံး ကြိုးစားပါ။ တကယ်လို့ ပြန်လုပ်မိတယ်ဆိုရင် အဲဒီအခါကျမှ ထပ်ဆွေးနွေးကြမယ်။ ပြန်လုပ်မိလို့လည်း စိတ်ဓာတ်မကျနဲ့’ ဆိုပြီး အားပေးတယ်။ ကျွန်တော့်အားနည်းချက်ကို အဖေသိပြီး ကူညီပေးလို့ သိပ်အားရှိတာပဲ။”

နောက်အခန်းမှာဖတ်ကြည့်ပါ

ကြုံရာလူနဲ့လိင်ဆက်ဆံတာကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဘာကြောင့်လဲ။

[အောက်ခြေမှတ်ချက်]

a ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတာကို လိင်ဆန္ဒ အမှတ်တမဲ့နိုးကြွတတ်တာနဲ့ မရောလိုက်ပါနဲ့။ ဥပမာ၊ ယောက်ျားလေးတွေက လိင်စိတ်ကြွပြီး အိပ်ရာနိုးလာတာမျိုး ဒါမှမဟုတ် ညဘက်မှာ သုက်ရည်လွှတ်တာမျိုး ဖြစ်တတ်တယ်။ မိန်းကလေးတချို့လည်း ရာသီမလာခင်နဲ့ လာပြီးနောက်မှာ လိင်စိတ်ကြွတတ်တယ်။ ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတာကတော့ လိင်စိတ်ကြွလာအောင် တမင်တကာ နှိုးဆွတာဖြစ်တယ်။

အဓိကကျမ်းချက်

“လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်းတို့ရှိရန် စင်ကြယ်သောနှလုံးဖြင့် သခင်ကို ခေါ်သောသူတို့နှင့်အတူ အစဉ်ကြိုးစားအားထုတ်လော့။”—၂ တိမောသေ ၂:၂၂

အကြံပြုချက်

လိင်ဆန္ဒ မပြင်းပြလာခင် ဘုရားကိုဆုတောင်းပါ။ သွေးဆောင်မှုကို တွန်းလှန်နိုင်ဖို့ ယေဟောဝါဘုရားဆီကနေ “သာမန်ထက် ထူးကဲသောတန်ခိုး” တောင်းဆိုပါ။—၂ ကောရိန္သု ၄:၇

သင်သိပါသလား . . . ?

ပျော့ညံ့တဲ့သူက လိင်ဆန္ဒပေါ်လာတဲ့အခါ အလျှော့ပေးတတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူကတော့ တစ်ယောက်တည်းရှိနေချိန်မှာတောင် ထိန်းချုပ်နိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

စင်ကြယ်တဲ့အရာတွေကို အာရုံစိုက်နိုင်ဖို့ ငါလုပ်ရမှာက ․․․․․

လိင်ဆန္ဒကို အလျှော့ပေးလိုက်မယ့်အစား ငါလုပ်ရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ယေဟောဝါဘုရားက ‘ခွင့်လွှတ်ဖို့ အသင့်ရှိတယ်’ ဆိုတာ သတိရဖို့ ဘာကြောင့်အရေးကြီးတာလဲ။—ဆာလံ ၈၆:၅ကဘ။

● လိင်ဆန္ဒကို ထည့်သွင်းပေးတဲ့ ဘုရားသခင်က အဲဒီဆန္ဒကို ချုပ်တည်းရမယ် လို့လည်း ပြောတဲ့အတွက် သင်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တော်ယုံကြည်သလဲ။

[စာမျက်နှာ ၁၈၂ ပါ ရုပ်ပုံ]

‘‘ဒီအကျင့်ဆိုးကို ဖျောက်ပစ်နိုင်ကတည်းက ယေဟောဝါဘုရားရှေ့မှာ စိတ်သန့်တယ်။ အဲဒီအခြေအနေကို ဘာနဲ့မှ အစားမထိုးနိုင်ဘူး။’’—ဆယ်ရာ

[စာမျက်နှာ ၁၈၀ ပါ ရုပ်ပုံ]

ပြေးနေရင်း လဲကျသွားရင် ပြန်ထပြီး ဆက်ပြေးမှာပဲ။ ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတဲ့အကျင့်ဆိုးကို ပြန်လုပ်မိရင်လည်း စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားနေပါ