အခန်း ၅

ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

၁။ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ။

လူတွေနေထိုင်ဖို့ ဒီကမ္ဘာကို ဘုရားသခင် ဖန်ဆင်းခဲ့တာဖြစ်တယ်။ ပထမလူသားမောင်နှံဖြစ်တဲ့ အာဒံနဲ့ ဧဝကို ကောင်းကင်မှာနေထိုင်ဖို့ ဖန်ဆင်းခဲ့တာမဟုတ်ပါဘူး။ ကောင်းကင်မှာ ကောင်းကင်တမန်တွေကို ဘုရားသခင် ဖန်ဆင်းထားပြီးသား ဖြစ်တယ်။ (ယောဘ ၃၈:၄၊) ဒါကြောင့် ဘုရားသခင်က ပထမလူယောက်ျားကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေရာချပေးတယ်။ (ကမ္ဘာဦး ၂:၁၅-၁၇) အာဒံနဲ့ သူ့သားစဉ်မြေးဆက်တွေကို ဒီမြေကြီးပေါ်မှာ အဆုံးမဲ့အသက်တာနဲ့ ပျော်မွေ့နိုင်ခွင့် ဘုရားသခင်ပေးခဲ့တယ်။—ဆာလံ ၃၇:၂၉; ၁၁၅:၁၆ ကိုဖတ်ပါ။

အစတုန်းကတော့ ဧဒင်ဥယျာဉ်တစ်ခုပဲ သာယာလှပခဲ့ပါတယ်။ ပထမလူသားမောင်နှံက သူတို့ရဲ့သားသမီးတွေနဲ့ ဒီမြေကြီးကို ပြည့်စေရမှာ ဖြစ်တယ်။ နောက်ဆုံးမှာ၊ သူတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကောင်းကောင်းနိုင်နင်းပြီး သာယာလှပတဲ့နေရာဖြစ်အောင် တိုးချဲ့ပြုလုပ်ရမှာဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၈) ကမ္ဘာကြီးက ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘဲ လူတွေရဲ့ နေအိမ် ထာဝစဉ်ဖြစ်သွားမှာပါ။—ဆာလံ ၁၀၄:၅ ကိုဖတ်ပါ။

၂။ အခုချိန်မှာ ကမ္ဘာကြီးက ပရဒိသုဥယျာဉ် ဘာကြောင့် မဖြစ်တာလဲ။

အာဒံနဲ့ဧဝတို့ ဘုရားသခင်ကို မနာခံတဲ့အတွက် ပရဒိသုဥယျာဉ်ကြီးကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ပရဒိသုဥယျာဉ် ပျောက်ဆုံးသွားခဲ့ရတယ်။ နဂိုအတိုင်း ပြန်ဖြစ်အောင် ဘယ်လူသားမှ လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ အဲဒီအချိန်ကစပြီး မြေကြီးပေါ်မှာ လူဆိုးတွေ တဖြည်းဖြည်း များပြားလာခဲ့တယ်။—ကမ္ဘာဦး ၃:၂၃၊ ၂၄ ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်က လူတွေအတွက် သူ့ရဲ့မူလရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီလား။ မစွန့်လွှတ်ပါဘူး။ ကိုယ်တော်က အတိုင်းအဆမဲ့ တန်ခိုးရှင်ဖြစ်တဲ့အတွက် မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ (ဟေရှာယ ၄၅:၁၈) သူ့မူလရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။—ဆာလံ ၃၇:၁၁၊ ၃၄ ကိုဖတ်ပါ။

၃။ ပရဒိသုဥယျာဉ် ဘယ်လိုပြန်ဖြစ်လာမလဲ။

ကမ္ဘာကြီးက ဘုရားသခင့် ခန့်အပ်ခံဘုရင်ဖြစ်တဲ့ ယေရှုရဲ့အုပ်ချုပ်ချိန်အတွင်းမှာ ပြောင်းလဲသွားပါလိမ့်မယ်။ အာမဂေဒုန်လို့ခေါ်တဲ့ စစ်ပွဲမှာ ယေရှုက ကောင်းကင်တမန်တွေကို ဦးဆောင်ပြီး ဘုရားသခင့်ရန်သူအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ အဲဒီနောက် စာတန်ကို အနှစ် ၁,၀၀၀ ချုပ်နှောင်ထားပါလိမ့်မယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ ယေရှုရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်မှုကြောင့် ဖျက်ဆီးခြင်းဘေးကနေ ကပ်ကျော်လွတ်မြောက်ပြီး ဒီကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်သွားကြပါလိမ့်မယ်။—ဗျာဒိတ် ၂၀:၁-၃; ၂၁:၃၊ ၄ ကိုဖတ်ပါ။

၄။ ဆင်းရဲဒုက္ခတွေ ဘယ်တော့ ပျောက်ကွယ်သွားမလဲ။

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘယ်တော့ ဖယ်ရှားပစ်မှာလဲ။ အဆုံးရောက်လာတော့မယ့်အချိန်ကို ဖော်ပြတဲ့ “နိမိတ်” ကို ယေရှု ပေးခဲ့ပါတယ်။ ကမ္ဘာ့အခြေအနေတွေ ဒီအတိုင်းသာ ဆက်ရှိသွားမယ်ဆိုရင် လူသားမျိုးနွယ် ပျောက်ကွယ်သွားနိုင်စရာရှိတယ်။ ဒီအခြေအနေတွေက ကျွန်ုပ်တို့ဟာ “ဤလောကစနစ် နိဂုံးပိုင်း” မှာ အသက်ရှင်နေကြတယ်ဆိုတာကို ဖော်ပြတယ်။—မဿဲ ၂၄:၃၊ ၇-၁၄၊ ၂၁၊ ၂၂ ကိုဖတ်ပါ။

ယေရှုဟာ ကောင်းကင်ပေါ်ကနေ မြေကြီးကိုအုပ်ချုပ်မယ့် အနှစ် ၁,၀၀၀ အတွင်း ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဟေရှာယ ၉:၆၊ ၇; ၁၁:) ဘုရင်အနေနဲ့ရော ယဇ်ပုရောဟိတ်မင်းကြီးအနေနဲ့ပါ ဘုရားသခင်ကိုချစ်မြတ်နိုးသူတွေရဲ့ အပြစ်ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုရားသခင်ဟာ ယေရှုအားဖြင့် ဖျားနာမှု၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတို့ကို ဖယ်ရှားပစ်မှာဖြစ်တယ်။—ဟေရှာယ ၂၅:၈; ၃၃:၂၄ ကိုဖတ်ပါ။

၅။ ပရဒိသုမြေကြီးပေါ်မှာ ဘယ်သူတွေ နေထိုင်ကြမလဲ။

ဘုရားသခင်ကိုချစ်ပြီး ကိုယ်တော်ရဲ့ နှစ်သက်လက်ခံမှုကို ဘယ်လိုရရှိနိုင်တယ်ဆိုတာ သင်ယူချင်တဲ့ သူတွေကို ဝတ်ပြုရာခန်းမမှာ တွေ့ရမှာဖြစ်

ဘုရားသခင့်စကားကို နားထောင်တဲ့သူတွေ နေထိုင်ကြမှာ ဖြစ်ပါတယ်။ (၁ ယောဟန် ၂:၁၇) စိတ်နှိမ့်ချတဲ့သူတွေကို ရှာဖွေပြီး ဘုရားသခင်လက်ခံတဲ့သူ ဖြစ်လာအောင် သွန်သင်ပေးဖို့ နောက်လိုက်တွေကို ယေရှု စေလွှတ်ခဲ့တယ်။ ကနေ့၊ သန်းနဲ့ချီတဲ့လူတွေ အနာဂတ်ကမ္ဘာသစ်မှာ နေထိုင်နိုင်ဖို့ ဘုရားသခင် ပြင်ဆင်ပေးနေပါတယ်။ (ဇေဖနိ ၂:) လင်ယောက်ျားနဲ့ဖခင်ကောင်းတွေ ဖြစ်လာနိုင်ပုံ၊ ဇနီးသည်နဲ့မိခင်ကောင်းတွေ ဖြစ်လာနိုင်ပုံကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမ တွေမှာ လူတွေ သင်ယူနေကြတယ်။ သားသမီးနဲ့မိဘတွေ အတူတကွ ဝတ်ပြုပြီး ကျမ်းစာအသိပညာကနေ အကျိုးရရှိနိုင်ပုံကို သင်ယူနေကြပါတယ်။—မိက္ခာ ၄:၁-၄ ကိုဖတ်ပါ။