အခန်း ၁၁

ကျမ်းစာမူတွေက အကျိုးရှိသလား

ကျမ်းစာမူတွေက အကျိုးရှိသလား

၁။ ကျွန်ုပ်တို့ ဘာကြောင့် လမ်းညွှန်မှု လိုအပ်တာလဲ။

ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ ကျွန်ုပ်တို့ကို ကျမ်းစာမူတွေက ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ​—ဆာလံ ၃၆:

ဖန်ဆင်းရှင်ဟာ ဉာဏ်ပညာအရာမှာ ကျွန်ုပ်တို့ထက် အများကြီးသာလွန်ပါတယ်။ မေတ္တာရှင်ဖခင်ဖြစ်တဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဂရုစိုက်နေပါတယ်။ ဘုရားသခင်မပါဘဲ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ ကျွန်ုပ်တို့ကို မဖန်ဆင်းထားပါဘူး။ (ယေရမိ ၁၀:၂၃) ဒါကြောင့် ကလေးတစ်ယောက်က မိဘရဲ့လမ်းညွှန်မှု လိုအပ်သလို ကျွန်ုပ်တို့လည်း ဘုရားသခင်ရဲ့ လမ်းညွှန်မှု လိုအပ်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ကျမ်းစာမူတွေဟာ ဘုရားသခင်ဆီကလာတဲ့ ဆုလက်ဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကို လမ်းညွှန်ပေးပါတယ်။​—၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်ရဲ့ ပညတ်တွေနဲ့ မူတွေဟာ အခုအချိန်မှာ အကောင်း ဆုံးဘဝလမ်းစဉ်နဲ့ နေထိုင်ဖို့ သွန်သင်ပေးတဲ့အပြင် အနာဂတ်မှာ ထာဝရအသက်ရရှိဖို့ ဘာလုပ်ရမလဲဆိုတာကိုလည်း ဖော်ပြပေးတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်လို့ ကိုယ်တော်ရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်သင့်ပြီး လိုလိုလားလား လိုက်လျှောက်သင့်ပါတယ်။​—ဆာလံ ၁၉:၇၊ ၁၁; ဗျာဒိတ် ၄:၁၁ တို့ကိုဖတ်ပါ။

၂။ ကျမ်းစာမူတွေဆိုတာ ဘာကိုပြောတာလဲ။

ကျမ်းစာမူတွေဟာ အခြေခံအမှန်တရားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့၊ အခြေအနေတချို့အတွက် သတ်သတ်မှတ်မှတ် ဖော်ပြထားတဲ့ ပညတ်တွေလည်းရှိပါတယ်။ (တရားဟောရာ ၂၂:) ကျမ်းစာမူတစ်ခုက အခြေအနေတစ်ခုနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာ နားလည်အောင် ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို အသုံးပြုရမယ်။ (သုတ္တံ ၂:၁၀-၁၂) ဥပမာ၊ အသက်ဟာ ဘုရားသခင်ဆီကလာတဲ့ ဆုလက်ဆောင်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအခြေခံမူက အလုပ်ခွင်မှာ၊ အိမ်မှာ၊ ခရီးသွားနေတဲ့အချိန်မှာတောင် ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ ဘေးကင်းအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးပါတယ်။​တမန်တော် ၁၇:၂၈ ကိုဖတ်ပါ။

၃။ အရေးကြီးတဲ့ ကျမ်းစာမူနှစ်ခုက ဘာလဲ။

အရေးကြီးတဲ့ ကျမ်းစာမူ နှစ်ခုကို ယေရှု ပြောပြခဲ့တယ်။ လူသားတွေ အသက်ရှင်ရတဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင်ကို သိရှိပြီး ချစ်ဖို့၊ သစ္စာရှိရှိ ဝတ်ပြုဖို့ဆိုတာ ပထမကျမ်းစာမူကနေ သိရှိရတယ်။ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်ချတိုင်း အဲဒီမူကို ထည့်သွင်းသုံးသပ်သင့်တယ်။ (သုတ္တံ ၃:) အဲဒီမူနဲ့အညီ နေထိုင်တဲ့သူတွေဟာ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ ခွင့်၊ စစ်မှန်တဲ့ပျော်ရွှင်မှုအပြင် အနာဂတ်မှာ ထာဝရအသက်ကိုပါ ရရှိမှာဖြစ်တယ်။​—မဿဲ ၂၂:၃၆-၃၈ ကိုဖတ်ပါ။

ဒုတိယကျမ်းစာမူက သူတစ်ပါးနဲ့ သင့်သင့်မြတ်မြတ် နေတတ်အောင် လမ်းညွှန်ပေးပါတယ်။ (၁ ကောရိန္သု ၁၃:၄-၇) ဒုတိယကျမ်းစာမူကို ကျင့်သုံးမယ်ဆိုရင် လူတွေနဲ့ ဘုရားသခင် ဆက်ဆံပုံကို တုပရာရောက်တယ်။​—မဿဲ ၇:၁၂; ၂၂:၃၉၊ ၄၀ ကိုဖတ်ပါ။

၄။ ကျမ်းစာမူတွေက အကျိုးရှိသလား။

ကျမ်းစာမူတွေက အချင်းချင်းချစ်ပြီး စည်းလုံးညီညွတ်တဲ့ မိသားစုတွေဖြစ်လာအောင် သွန်သင်ပေးပါတယ်။ (ကောလောသဲ ၃:၁၂-၁၄) မိသားစုတွေ မပြိုကွဲအောင် ကာကွယ်ပေးတဲ့ နောက်မူတစ်ခုက အိမ်ထောင်မင်္ဂလာဟာ ရာသက်ပန်ဖြစ်ရမယ် ဆိုတဲ့အချက်ပါပဲ။​—ကမ္ဘာဦး ၂:၂၄ ကိုဖတ်ပါ။

ကျမ်းစာသွန်သင်ချက်တွေကို ကျင့်သုံးမယ်ဆိုရင် ရုပ်ပစ္စည်းဖူလုံပြီး စိတ်ငြိမ်သက်မှု ရရှိပါလိမ့်မယ်။ ဥပမာ၊ ရိုးသားကြိုးစားပါဆိုတဲ့ ကျမ်းစာမူနဲ့အညီ နေထိုင်တဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက လိုချင်ကြတယ်။ (သုတ္တံ ၁၀:၄၊ ၂၆; ဟေဗြဲ ၁၃:၁၈) ရှိတာလေးနဲ့ ရောင့်ရဲတတ်ဖို့၊ ရုပ်ပစ္စည်းထက် ဘုရားသခင်နဲ့မိတ်ဆွေဖွဲ့ခွင့်ရတာကို တန်ဖိုးထားတတ်ဖို့လည်း ကျမ်းစာက သွန်သင်ပေးပါတယ်။​—မဿဲ ၆:၂၄၊ ၂၅၊ ၃၃; ၁ တိမောသေ ၆:၈-၁၀ တို့ကိုဖတ်ပါ။

ကျမ်းစာမူတွေနဲ့အညီ နေထိုင်ခြင်းက ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်ပါတယ်။ (သုတ္တံ ၁၄:၃၀; ၂၂:၂၄၊ ၂၅) ဥပမာ၊ အရက်ကို လွန်ကြူးစွာမသောက်ရဆိုတဲ့ ဘုရားသခင်ရဲ့ပညတ်ကို ကျင့်သုံးမယ်ဆိုရင် ရောဂါတွေနဲ့ မတော်တဆမှုတွေကို ရှောင်ကြဉ်နိုင်မယ်။ (သုတ္တံ ၂၃:၂၀) ကျမ်းစာအရ၊ အရက်ကို တော်ရုံသင့်ရုံသောက်ခွင့်ရှိပါတယ်။ (ဆာလံ ၁၀၄:၁၅; ၁ ကောရိန္သု ၆:၁၀) ကျွန်ုပ်တို့ရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေ သတိလက်လွတ် မဖြစ်ရအောင် ကျမ်းစာမူတွေက ကူညီပေးတယ်။ (ဆာလံ ၁၁၉:၉၇-၁၀၀) ဒါပေမဲ့ ခရစ်ယာန်စစ်တွေဟာ ကိုယ့်အကျိုးအတွက်လောက်ပဲ မဟုတ်ဘဲ ဘုရားသခင်ကို ဂုဏ်တင်ဖို့အတွက်ပါ ကျမ်းစာမူတွေကို ကျင့်သုံးနေတာဖြစ်တယ်။​—မဿဲ ၅:၁၄-၁၆ ကိုဖတ်ပါ။