အခန်း ၁၃

ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

၁။ ဘာသာတရားအားလုံး မှန်ပါသလား။

ဘာသာတရားတိုင်းမှာ ရိုးဖြောင့်တဲ့သူတွေ ရှိပါတယ်။ သူတို့ကို ဘုရားသခင် တွေ့မြင်ပြီး ဂရုစိုက်တယ်ဆိုတာက သတင်းကောင်းပါပဲ။ ဝမ်းနည်းစရာက လူတွေဟာ ဘာသာတရားကို ဗန်းပြပြီး မကောင်းမှုတွေ ပြုလုပ်နေကြတာဖြစ်တယ်။ (၂ ကောရိန္သု ၄:၃၊ ၄; ၁၁:၁၃-၁၅) ဘာသာတရားတချို့က အကြမ်းဖက်မှု၊ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်မှု၊ ကလေး မတော်မတရားပြုမှုနဲ့တောင် ပတ်သက်နေတယ်လို့ ကြားသိနေရပါတယ်။ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်တဲ့သူတွေဟာ အဲဒါတွေကိုကြည့်ပြီး ဝမ်းနည်းကြေကွဲနေကြတယ်။​မဿဲ ၂၄:၃-၅၊ ၁၁၊ ၁၂ ကိုဖတ်ပါ။

စစ်မှန်တဲ့ဘာသာတရားက ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းပေမဲ့ ဘာသာတရားအတုတွေကတော့ ရှုတ်ချဂုဏ်ဖျက်နေကြတယ်။ ဘာသာတရားအတုတွေက ကျမ်းစာမှာမပါတဲ့ အယူဝါဒတွေကို သင်ပေးနေတယ်။ အဲဒီအထဲမှာ ဘုရားသခင်အကြောင်း၊ သေလွန်သူတွေအကြောင်း မဟုတ်မမှန် သင်ပေးတာတွေလည်းပါတယ်။ ဘုရားသခင်က လူတွေကို မိမိ နဲ့ပတ်သက်တဲ့ အမှန်တရား သိစေချင်ပါတယ်။​—ဒေသနာ ၉:၅၊ ၁၀; ၁ တိမောသေ ၂:၃-၅ တို့ကိုဖတ်ပါ။

၂။ ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ။

ဘုရားသခင်ကို ချစ်ပါတယ်လို့ပြောပြီး တစ်ဖက်မှာ စာတန့်လောကအကြိုက် လုပ်ဆောင်နေတဲ့ ဘာသာတရားတွေဟာ ကိုယ်တော့်ကို လှည့်စားနိုင်မှာမဟုတ်ဘူး။ (ယာကုပ် ၄:) ကျမ်းစာမှာ ဘာသာတရားအတုတွေကို “မဟာဗာဗုလုန်” နဲ့ ခိုင်းနှိုင်းထားပါတယ်။ ဗာဗုလုန်မြို့ဟာ ရှေးမြို့ဟောင်းဖြစ်ပြီး နောဧခေတ် ရေလွှမ်းမိုးပြီးတဲ့နောက် အဲဒီမြို့ကနေ ဘာသာတရားအတုတွေ ပေါ်ထွက်လာတာဖြစ်တယ်။ လူတွေကို လှည့်စားပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အဲဒီဘာသာတရားတွေကို မကြာခင် ဘုရားသခင် ရုတ်တရက် ဖယ်ရှားတော့မှာ ဖြစ်တယ်။​—ဗျာဒိတ် ၁၇:၁၊ ၂၊ ၅၊ ၁၆၊ ၁၇; ၁၈:၈ ကိုဖတ်ပါ။

နောက်ထပ် သတင်းကောင်းလည်း ရှိပါသေးတယ်။ ကမ္ဘာတစ်ဝန်းက ဘာသာတရားအတုတွေမှာရှိတဲ့ ရိုးဖြောင့်တဲ့သူတွေကို ဘုရားသခင် မေ့မထားပါဘူး။ သူတို့ကို အမှန်တရား သင်ပေးပြီး စုသိမ်းနေပါတယ်။​မိက္ခာ ၄:၂၊  ကိုဖတ်ပါ။

၃။ ရိုးဖြောင့်တဲ့သူတွေ ဘာလုပ်သင့်သလဲ။

စစ်မှန်တဲ့ဘာသာတရားက လူတွေကို စည်းလုံးစေ

အမှန်တရားကို သိရှိပြီး ကောင်းရာလုပ်ချင်တဲ့သူတွေကို ဘုရားသခင် ဂရုစိုက်ပါတယ်။ ဘာသာတရားအတုတွေကနေ ထွက်လာဖို့ သူတို့ကို ကိုယ်တော် တိုက်တွန်းနေပါပြီ။ ဘုရားသခင်ကို ချစ်တဲ့သူတွေက သူတို့ရဲ့ ဘဝလမ်းစဉ်ကို ပြောင်းလဲဖို့ အသင့် ရှိကြပါတယ်။​—ဗျာဒိတ် ၁၈:၄ ကိုဖတ်ပါ။

ပထမရာစုမှာ ရိုးဖြောင့်တဲ့သူတွေဟာ တမန်တော်တွေဆီကနေ သတင်းကောင်း ကြားရတဲ့အခါ အားရဝမ်းသာ လက်ခံပြီး ဘုရားသခင်နှစ်သက်တဲ့ ဘဝလမ်းစဉ်သစ်ကို သင်ယူခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဘဝဟာ အဓိပ္ပာယ်ရှိပြီး မျှော်လင့်ချက်ပါ ရှိလာတဲ့အတွက် ပျော်ရွှင်လာကြတယ်။ သူတို့ဟာ သတင်းကောင်းကြားနာပြီး ဘုရားသခင်ကို ပထမနေရာမှာ ထားကြတဲ့အတွက် ကျွန်ုပ်တို့ အတုယူထိုက်တဲ့ စံနမူနာရှင်တွေပါပဲ။​—၁ သက်သာလောနိတ် ၁:၈၊ ၉; ၂:၁၃ ကိုဖတ်ပါ။

ယေဟောဝါဘုရားသခင်ဟာ ဘာသာတရားအတုတွေကနေ ထွက်လာတဲ့သူတွေကို မိမိရဲ့မိသားစုဝင်အဖြစ် လက်ခံကြိုဆိုပါတယ်။ ဘုရားသခင်ရဲ့ လှိုက်လှဲတဲ့ ကြိုဆိုမှုကို သင် လက်ခံမယ်ဆိုရင် ကိုယ်တော့်မိတ်ဆွေဖြစ်ခွင့်၊ မေတ္တာနဲ့လွှမ်းခြုံထားတဲ့ ကိုယ်တော့်မိသားစုဝင်ဖြစ်ခွင့်နဲ့ ထာဝရအသက်ကို ရရှိပါလိမ့်မယ်။​—မာကု ၁၀:၂၉၊ ၃၀; ၂ ကောရိန္သု ၆:၁၇၊ ၁၈ တို့ကို ဖတ်ပါ။

၄။ ကမ္ဘာတစ်ဝန်းကလူတွေ ရွှင်လန်းအောင် ဘုရားသခင် ဘယ်လို လုပ်ဆောင်ပေးမလဲ။

ဘာသာတရားအတုတွေကို မကြာခင် ဘုရားသခင် တရားစီရင်တော့မယ်ဆိုတာက သတင်းကောင်းပါပဲ။ လူတွေဟာ ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်ပါတော့မယ်။ ဘာသာတရားအတုတွေက လူတွေကို လှည့်စားပြီး စိတ်ဝမ်းကွဲအောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လူတိုင်းဟာ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ကို စည်းစည်းလုံးလုံးနဲ့ ဝတ်ပြုကြမှာဖြစ်တယ်။​ဗျာဒိတ် ၁၈:၂၀၊ ၂၁; ၂၁:၃၊ ၄ ကိုဖတ်ပါ။