အခန်း ၃

ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

၁။ ကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ။

လူတွေ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်နိုင်မယ်ဆိုတဲ့ သတင်းကောင်း ကျမ်းစာမှာပါတယ်။ (ဆာလံ ၃၇:၂၉) ကျမ်းစာကို စာစောင်ငယ် ၆၆ စောင်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ အဲဒီကျမ်းစောင်တွေကိုရေးဖို့ သစ္စာရှိအမျိုးသား အယောက် ၄၀ လောက်ကို ဘုရားသခင် အသုံးပြုခဲ့တယ်။ ကျမ်းစာရဲ့ ဦးဆုံးကျမ်း ငါးစောင်ကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ လောက်က မောရှေ ရေးသားခဲ့တယ်။ နောက်ဆုံးကျမ်းစောင်ကိုတော့ လွန်ခဲ့တဲ့ အနှစ် ၁,၉၀၀ ကျော်လောက်က တမန်တော်ယောဟန် ရေးသားခဲ့တယ်။ ကျမ်းရေးသူတွေက ဘယ်သူ့ရဲ့ စိတ်ကူးတွေကို ချရေးခဲ့ကြတာလဲ။ ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်ကနေတစ်ဆင့် ကျမ်းရေးသူတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ (၂ ဓမ္မရာဇဝင် ၂၃:) ဒီအချက်ကိုကြည့်ရင် ကျမ်းရေးသူတွေက သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးတွေကိုမဟုတ်ဘဲ ဘုရားသခင့်စိတ်ကူးနဲ့ အတွေးအခေါ်တွေကို ရေးခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ဘုရားသခင်ပဲ ဖြစ်ပါတယ်။—၂ တိမောသေ ၃:၁၆;  ၂ ပေတရု ၁:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

၂။ ကျမ်းစာက ဘုရားသခင်ဆီကလာတာလို့ ဘာကြောင့် ပြောနိုင်တာလဲ။

ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ ကျမ်းစာက အနာဂတ်မှာဖြစ်မယ့်အရာတွေကို အသေးစိတ်ကအစ ကြိုပြောထားလို့ပါပဲ။ ဘယ်လူသားကမှ အဲဒီလို ကြိုမပြောနိုင်ဘူး။ (ယောရှု ၂၃:၁၄) အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်သာ လူတွေရဲ့အနာဂတ်ကို အတိအကျ ကြိုမြင်နိုင်စွမ်းရှိပါတယ်။—ဟေရှာယ ၄၂:၉; ၄၆:၁၀ ကိုဖတ်ပါ။

ဘုရားသခင်ဆီကလာတဲ့ စာအုပ်ဆိုရင် တကယ့်ကို ထူးခြားလိမ့်မယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်တယ်၊ တကယ်လည်း ထူးခြားနေပါတယ်။ ကျမ်းစာကို ဘာသာစကားပေါင်းများစွာနဲ့ အုပ်ရေသန်းပေါင်းများစွာ ထုတ်ဝေပြီးသွားပါပြီ။ ကျမ်းစာက ရှေးကျပေမဲ့ သိပ္ပံပညာနဲ့လည်း ကိုက်ညီမှုရှိတယ်။ ဒါ့အပြင်၊ ကျမ်းရေးသူ အယောက် ၄၀ ရှိပေမဲ့လည်း သူတို့ရဲ့ ရေးသားမှုတွေမှာ ဆန့်ကျင်ကွဲလွဲတာ မရှိဘူး။ * ကျမ်းစာက ဘုရားသခင့်မေတ္တာအကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြပြီး အခုအချိန်ထိ လူတွေရဲ့ အသက်တာကို ပြောင်းလဲပေးနိုင်စွမ်း ရှိနေတုန်းပါပဲ။ အဲဒီအချက်တွေကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ ကျမ်းစာကို ဘုရားသခင့်စကားတော်လို့ ယုံကြည်နေခြင်းဖြစ်ပါတယ်။—၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။

၃။ ကျမ်းစာထဲမှာ ဘာအကြောင်းတွေ ပါသလဲ။

ကျမ်းစာရဲ့ အဓိကအကြောင်းတစ်ခုက လူတွေအတွက် ဘုရားသခင်ပြင်ဆင်ပေးမယ့် ကောင်းမြတ်လှတဲ့ အနာဂတ်သတင်းကောင်းဖြစ်ပါတယ်။ သာယာလှပတဲ့ကမ္ဘာပေါ် အသက်ရှင်ရမယ့်အခွင့်ထူးဟာ လူ့သမိုင်းစတင်ကတည်းက ဘယ်လို ဆုံးရှုံးသွားတယ်၊ ဒါပေမဲ့ ဒီကမ္ဘာကြီးက သာယာလှပတဲ့ ပရဒိသုဥယျာဉ် ဘယ်လိုပြန်ဖြစ်လာမယ် ဆိုတဲ့အကြောင်းတွေကို ကျမ်းစာက ရှင်းပြပါတယ်။—ဗျာဒိတ် ၂၁:၄၊ ၅ ကိုဖတ်ပါ။

ကျမ်းစာမှာ ပညတ်တွေ၊ မူတွေနဲ့ အကြံပေးချက်တွေလည်း ပါရှိတယ်။ ဘုရားသခင်က သူ့လူမျိုးနဲ့ ဘယ်လိုဆက်ဆံသလဲဆိုတာတွေလည်း ပါတယ်။ အဲဒါတွေကိုကြည့်ပြီး ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်တို့ သိရှိနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်အကြောင်းသိအောင် ကျမ်းစာက သင့်ကို ကူညီပေးနိုင်ပါတယ်။ ဘုရားသခင့်မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲဆိုတာကိုပါ ရှင်းပြပေးနိုင်ပါတယ်။—ဆာလံ ၁၉:၇၊ ၁၁; ယာကုပ် ၂:၂၃; ၄:၈ တို့ကိုဖတ်ပါ။

၄။ ကျမ်းစာကို သင် နားလည်အောင် ဘာက ကူ ညီပေးမလဲ။

ဒီစာစောင်က ကျမ်းစာကို သင် နားလည်အောင် ကူညီပေးမှာဖြစ်တယ်။ ဒီစာစောင်က ယေရှုသုံးခဲ့တဲ့နည်းကိုပဲ သုံးထားပါတယ်။ ယေရှုဟာ ကျမ်းချက်တစ်ချက် ကိုးကားပြီးတိုင်း “ကျမ်းစာ၏အနက်” ကို ရှင်းပြခဲ့တယ်။—လုကာ ၂၄:၂၇၊ ၄၅ ကိုဖတ်ပါ။

ဘုရားသခင်ဆီကလာတဲ့ သတင်းကောင်းက တခြားသတင်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကောင်းကို လူတချို့က စိတ်မဝင်စားကြဘူး၊ တချို့ဆိုရင် စိတ်အနှောင့်အယှက်တောင် ဖြစ်ကြသေးတယ်။ သူတို့ကြောင့် စိတ်ဓာတ်မကျပါနဲ့။ သင့်ရဲ့ ထာဝရအသက်မျှော်လင့်ချက်က ဘုရားသခင်အကြောင်း သင် ဘယ်လောက်သိသလဲ ဆိုတဲ့အချက်အပေါ် မူတည်နေပါတယ်။—ယောဟန် ၁၇:၃ ကိုဖတ်ပါ။

 

^ စာပိုဒ်၊ 3 လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် စာစောင်ကို ကြည့်ပါ။