အခန်း ၇

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

၁။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

ယေရှု ဘာကြောင့် အကောင်းဆုံး ဘုရင်ဖြစ်တာလဲ။—မာကု ၁:၄၀-၄၂

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်အစိုးရ ဖြစ်ပါတယ်။ အဲဒီအစိုးရက လူ့အုပ်ချုပ်မှုမှန်သမျှကို ဖယ်ရှားပြီး ဘုရားသခင့်အလိုတော်ကို ကောင်းကင်မှာ ပြည့်စုံစေခဲ့သလို ကမ္ဘာပေါ် ပြည့်စုံစေမှာဖြစ်တယ်။ ဒါဟာ သတင်းကောင်းပါပဲ။ မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာပေါ် ကောင်းစွာအုပ်ချုပ်ခြင်းအားဖြင့် လူသားတွေရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ ပြီးတော့ လူသား အားလုံးကို စည်းလုံးစေမှာဖြစ်တယ်။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀; ၂၄:၁၄ တို့ကိုဖတ်ပါ။

အစိုးရတစ်ခုမှာ အုပ်ချုပ်သူဆိုတာ ရှိရမယ်။ ဒါကြောင့် ယေဟောဝါဘုရားသခင်က သားတော်ယေရှုကို ကောင်းကင်အစိုးရမှာ အုပ်ချုပ်ဖို့ ဘုရင်အဖြစ် ခန့်အပ်လိုက်တယ်။—ဗျာဒိတ် ၁၁:၁၅ ကိုဖတ်ပါ။

၂။ ယေရှုက ဘာကြောင့် အကောင်းဆုံးဘုရင် ဖြစ်တာလဲ။

အကြောင်းရင်းက ယေရှုဟာ သနားကြင်နာပြီး မှန်ရာကို ပြတ်ပြတ်သားသား လုပ်ဆောင်လို့ပါပဲ။ (ယောဟန် ၁:၁၄) ဒါ့အပြင် ယေရှုဟာ ကောင်းကင်ကနေ မြေကြီးပေါ်ကို အုပ်ချုပ်မှာဖြစ်လို့ လူတွေကို ကူညီပေးနိုင်တဲ့ အစွမ်းတန်ခိုးလည်းရှိတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးတဲ့နောက် ကောင်းကင်ကို ပြန်သွားခဲ့ပြီး အုပ်ချုပ်ခွင့်အာဏာရဖို့ ယေဟောဝါဘုရားသခင်ရဲ့ လက်ယာဘက်မှာ ထိုင်စောင့်နေခဲ့တယ်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) နောက်ဆုံးမှာ ဘုရားသခင်က ယေရှုကို အုပ်ချုပ်ခွင့်အာဏာ အပ်နှင်းလိုက်တယ်။—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

၃။ ယေရှုနဲ့အတူ ဘယ်သူတွေ အုပ်ချုပ်ကြမလဲ။

“သန့်ရှင်းသူတို့” လို့ခေါ်တဲ့ အုပ်စုတစ်စုက ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ကြပါလိမ့်မယ်။ (ဒံယေလ ၇:၂၇သမ္မာကျမ်းစာတော်) အဲဒီသန့်ရှင်းသူတွေထဲမှာ ဦးဆုံးရွေးချယ်ခံရတဲ့သူတွေကတော့ ယေရှုရဲ့ သစ္စာရှိတဲ့တမန်တော်တွေ ဖြစ်ပါတယ်။ သစ္စာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို သန့်ရှင်းသူတွေအဖြစ် ယေဟောဝါဘုရားသခင် ရွေးချယ်ခဲ့ပါတယ်။ ကနေ့အချိန်အထိ ဆက်ပြီးရွေးချယ်နေတုန်းပါ။ သူတို့လည်း ယေရှုလိုပဲ နာမ်ခန္ဓာနဲ့ ရှင်ပြန်ထမြောက်ကြမှာဖြစ်တယ်။—ယောဟန် ၁၄:၁-၃; ၁  ကောရိန္သု ၁၅:၄၂-၄၄ တို့ကိုဖတ်ပါ။

ကောင်းကင်ကို လူဘယ်နှစ်ယောက် သွားကြမှာလဲ။ ယေရှုက သူတို့ကို “သိုးစုငယ်” လို့ခေါ်ခဲ့တယ်။ (လုကာ ၁၂:၃၂) သူတို့ဟာ နောက်ဆုံးမှာ ၁၄၄,၀၀၀ အထိ တိုးများလာမှာဖြစ်တယ်။ ပြီးတော့ ယေရှုနဲ့အတူ ကမ္ဘာကို အုပ်ချုပ်သွားမှာဖြစ်တယ်။—ဗျာဒိတ် ၁၄:၁ ကိုဖတ်ပါ။

၄။ ယေရှု စတင်အုပ်စိုးတာနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။

၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးခဲ့ပါတယ်။ * ဘုရင်ဖြစ်တဲ့ယေရှု ဦးဆုံးလုပ်ခဲ့တဲ့အရာကတော့ စာတန်နဲ့ သူ့ရဲ့အပေါင်းအပါ နာမ်ဝိညာဉ်ဆိုးတွေကို ကမ္ဘာပေါ် နှင်ချလိုက်တာဖြစ်တယ်။ စာတန် အရမ်းဒေါသထွက်သွားပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ပြဿနာတွေတက်အောင် စတင်ဖန်တီးခဲ့တယ်။ (ဗျာဒိတ် ၁၂:၇-၁၀၊ ၁၂) အဲဒီအချိန်ကစပြီး ဆင်းရဲဒုက္ခတွေ အကြီးအကျယ် တိုးများလာခဲ့တယ်။ စစ်၊ ငတ်မွတ်မှု၊ ကပ်ရောဂါနဲ့ မြေငလျင်တွေဟာ မကြာခင် ကမ္ဘာ့အရေးကိစ္စတွေကို ဘုရားသခင့်နိုင်ငံတော် အရေးယူလုပ်ဆောင်တော့မယ်ဆိုတာကို ဖော်ပြတဲ့ “နိမိတ်” ပဲ ဖြစ်ပါတယ်။—လုကာ ၂၁:၇၊ ၁၀၊ ၁၁၊ ၃၁ ကိုဖတ်ပါ။

၅။ ဘုရားသခင့်နိုင်ငံတော်က ဘာတွေကို ဖြစ်မြောက်စေနေသလဲ။

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအားဖြင့် လူမျိုးအသီးသီးက လူအုပ်ကြီးတစ်အုပ်ကို စည်းလုံးစေနေပါပြီ။ သန်းနဲ့ချီတဲ့ စိတ်နှိမ့်ချသူတွေဟာ ဘုရင်ယေရှုရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံနေကြပါပြီ။ လက်ရှိကမ္ဘာ့စနစ်ဆိုးကို ဘုရားသခင့်နိုင်ငံတော် ဖျက်ဆီးတဲ့အခါ သူတို့ ကာကွယ်ခံရမှာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ကနေ အကျိုးကျေးဇူးခံစားလိုသူအားလုံး ယေရှုရဲ့ နာခံမှုရှိတဲ့ လက်အောက်ခံတွေဖြစ်ဖို့ သင်ယူသင့်ပါတယ်။—ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၆၊ ၁၇ ကိုဖတ်ပါ။

ယေရှုအုပ်ချုပ်မယ့် အနှစ်တစ်ထောင်အတွင်းမှာ လူတွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ကို ဘုရားသခင့်နိုင်ငံတော်က အကောင်အထည်ဖော်မှာဖြစ်တယ်။ ကမ္ဘာမြေတစ်ခုလုံး သာယာလှပတဲ့ ပရဒိသုဥယျာဉ်လို ဖြစ်လာမယ်။ နောက်ဆုံးမှာ ယေရှုက နိုင်ငံတော်ကို ယေဟောဝါဘုရားသခင်ဆီ ပြန်လည်အပ်နှင်းမယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၆) တစ်ယောက်ယောက်ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သင် မပြောပြချင်ဘူးလား။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ ကိုဖတ်ပါ။

 

^ စာပိုဒ်၊ 6 ၁၉၁၄ ခုနှစ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုကြိုဟောထားသလဲဆိုတာ အသေးစိတ် သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ စာမျက်နှာ ၂၁၅-၂၁၈ မှာဖတ်ကြည့်ပါ။