အခန်း ၄

ယေရှုခရစ်က ဘယ်သူလဲ

ယေရှုခရစ်က ဘယ်သူလဲ

၁။ ယေရှု မြေကြီးပေါ်မလာခင် ဘယ်မှာရှိခဲ့သလဲ။

ဘယ်အရည်အသွေးတွေက ယေရှုကို ချဉ်းကပ်ရလွယ်ကူသူ ဖြစ်စေတာလဲ။—မဿဲ ၁၁:၂၉; မာကု ၁၀:၁၃-၁၆

ယေရှုဟာ မြေကြီးပေါ် မမွေးဖွားခင် ကောင်းကင်မှာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် အသက်ရှင်ခဲ့ပါတယ်။ ဒီအချက်ကြောင့် ယေရှုဟာ တခြားလူသားတွေထက် ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။ (ယောဟန် ၈:၂၃) ဘုရားသခင်က ယေရှုကို ဦးဆုံးဖန်ဆင်းခဲ့တယ်။ တခြားအရာတွေကို ဘုရားသခင် ဖန်ဆင်းတဲ့အခါ ယေရှု ကူညီပေးခဲ့ပါတယ်။ ယေရှုဟာ ဘုရားသခင် တိုက်ရိုက်ဖန်ဆင်းတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဘုရားသခင့် ‘တစ်ဦးတည်းသော’ သားတော်လို့ ခေါ်ဆိုတာ သင့်လျော်ပါတယ်။ ယေရှုဟာ ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် အမှုဆောင်ခဲ့တဲ့အတွက် ‘နှုတ်မြွက်တော်’ လို့လည်း ခေါ်ဆိုပါတယ်။—ယောဟန် ၁:၁၄။—သုတ္တံ ၈:၂၂၊ ၂၃၊ ၃၀; ကောလောသဲ ၁:၁၅၊ ၁၆ တို့ကိုဖတ်ပါ။

၂။ မြေကြီးပေါ်ကို ယေရှု ဘာဖြစ်လို့ လာခဲ့ရတာလဲ။

ဘုရားသခင်က ယေရှုရဲ့အသက်ကို ဂျူးအပျိုစင် မာရိရဲ့သားအိမ်ထဲ ပြောင်းရွှေ့ပေးလိုက်ပြီး မြေကြီးပေါ် စေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် ယေရှုမှာ လူသားဖခင် မရှိပါဘူး။ (လုကာ ၁:၃၀-၃၅) ယေရှု မြေကြီးပေါ်လာရတဲ့ အကြောင်းရင်း ၃ ခုရှိပါတယ်။ (၁) ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်ပေးဖို့၊ (၂) အခက်အခဲတွေကြုံရရင်တောင် ဘုရားသခင့်အလိုတော် ထမ်းဆောင်နိုင်ပုံကို စံနမူနာအနေနဲ့ လုပ်ဆောင်ပြဖို့ (၃) စုံလင်တဲ့အသက်ကို “ရွေးနုတ်ဖိုး” အနေနဲ့ ပေးဆက်ဖို့ ဖြစ်ပါတယ်။—မဿဲ ၂၀:၂၈ ကိုဖတ်ပါ။

၃။ ရွေးနုတ်ဖိုး ဘာကြောင့် လိုအပ်ရတာလဲ။

ရွေးနုတ်ဖိုးဆိုတာ လူတစ်ဦးကို သေခြင်းရဲ့ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်စေဖို့ ပေးရတဲ့ အဖိုးအခ ဖြစ်ပါတယ်။ (ထွက်မြောက်ရာ ၂၁:၂၉၊ ၃၀) ဘုရားသခင် လူတွေကိုဖန်ဆင်းရတဲ့ ရည်ရွယ်ချက်ထဲမှာ အိုမင်းရင့်ရော်ပြီး သေဆုံးသွားဖို့ မပါဘူး။ ဒါကို ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ “အပြစ်” လို့ခေါ်တဲ့အရာကို အာဒံ ကျူးလွန်မယ်ဆိုရင် သေရမယ်ဆိုပြီး ဘုရားသခင်ပြောခဲ့တယ်။ အာဒံသာ အပြစ်မကျူးလွန်ဘူးဆိုရင် ဘယ်တော့မှ သေရမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇;:) ကျမ်းစာအရ အာဒံကနေတစ်ဆင့် လူသားထုတစ်ရပ်လုံးဆီ သေခြင်း “ဝင်လာ” ခဲ့တယ်။ အာဒံဟာ သူ့သားမြေးအားလုံးကို အပြစ်နဲ့ အပြစ်ရဲ့အခဖြစ်တဲ့ သေခြင်းကို အမွေအဖြစ် ပေးခဲ့တယ်။ အာဒံဆီကနေ အမွေရထားတဲ့ သေခြင်းရဲ့ချုပ်နှောင်မှုအောက်ကနေ ကျွန်ုပ်တို့ လွတ်မြောက်ဖို့ တန်ဖိုးတူအဖိုးအခ ဒါမှမဟုတ် ရွေးနုတ်ဖိုး လိုအပ်နေပါတယ်။—ရောမ ၅:၁၂; ၆:၂၃ ကိုဖတ်ပါ။

ဒါဆိုရင် ဘယ်သူက ရွေးနုတ်ဖိုး ပေးနိုင်ပါသလဲ။ ကျွန်ုပ်တို့ သေဆုံးရတာက ကိုယ်တိုင်ရဲ့အပြစ်အတွက် အဖိုးအခအဖြစ် ပေးလိုက်ရတာဖြစ်တယ်။ ဒါကြောင့် ဘယ်သူကမှ တခြားသူတွေရဲ့အပြစ်အတွက် အဖိုးအခအဖြစ် မပေးဆက်နိုင်ပါဘူး။—ဆာလံ ၄၉:၇-၉ ကိုဖတ်ပါ။

၄။ ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ။

ကျွန်ုပ်တို့နဲ့မတူတာက ယေရှုဟာ စုံလင်သူ ဖြစ်ပါတယ်။ အပြစ်တစ်ခါမှ မကျူးလွန်ခဲ့တဲ့ ယေရှုဟာ သူ့အပြစ်အတွက် သေစရာမလိုပါဘူး။ တခြားသူတွေရဲ့အပြစ်အတွက် ယေရှု အသေခံခဲ့တာဖြစ်တယ်။ ဒီကိစ္စမှာ၊ ကျွန်ုပ်တို့အတွက်အသေခံပေးဖို့ သားတော်ကို စေလွှတ်ခဲ့တဲ့ ဘုရားသခင်ရဲ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ထင်ရှားပေါ်လွင်နေတယ်။ ယေရှုလည်း သူ့အဖေရဲ့စကားကို နားထောင်ပြီး ကျွန်ုပ်တို့အပြစ်အတွက် သူ့အသက်ကို ပေးဆက်ခြင်းဖြင့် ကျွန်ုပ်တို့ကိုချစ်ကြောင်း ဖော်ပြခဲ့ပါတယ်။—ယောဟန် ၃:၁၆; ရောမ ၅:၁၈၊ ၁၉ တို့ကိုဖတ်ပါ။

၅။ အခု ယေရှု ဘာလုပ်နေသလဲ။

ယေရှု မြေကြီးပေါ် ရှိတုန်းက နေမကောင်းတဲ့သူတွေကို ကုသပေးခဲ့တယ်၊ သေတဲ့သူကို ပြန်ရှင်အောင်လုပ်ပေးခဲ့တယ်၊ ပြီးတော့ ဆင်းရဲခက်ခဲနေသူတွေကို သက်သာမှုရအောင် လုပ်ပေးခဲ့တယ်။ အဲဒါက အနာဂတ်မှာ နာခံမှုရှိတဲ့သူတွေအတွက် လုပ်ပေးမယ့်အရာတွေကို လုပ်ပြခဲ့ခြင်းဖြစ်ပါတယ်။ (မဿဲ ၁၅:၃၀၊ ၃၁; ယောဟန် ၅:၂၈) ယေရှုသေပြီးနောက် ယေဟောဝါဘုရားသခင်က သူ့ကို နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနဲ့ ရှင်ပြန်ထမြောက်ပေးခဲ့ပါတယ်။ (၁ ပေတရု ၃:၁၈) အဲဒီနောက် ယေရှုဟာ ဘုရားသခင့်လက်ယာဘက်မှာထိုင်ပြီး ဒီကမ္ဘာကို ဘုရင်အနေနဲ့ အုပ်ချုပ်ခွင့်ရမယ့် အချိန်အထိ စောင့်နေခဲ့ပါတယ်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) အခုအချိန်မှာ ယေရှုဟာ ဘုရင်အနေနဲ့ ကောင်းကင်ပေါ်မှာ အုပ်ချုပ်နေပြီဖြစ်လို့ ကိုယ်တော့်နောက်လိုက်တွေက ဒီသတင်းကောင်းကို ကမ္ဘာတစ်ဝန်းမှာ ကြေညာနေကြပါတယ်။—ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၄:၁၄ တို့ကိုဖတ်ပါ။

မကြာခင် ယေရှုဟာ သူ့ရဲ့အခွင့်အာဏာကိုသုံးပြီး ဒီမြေကြီးပေါ်က ဆင်းရဲဒုက္ခတွေနဲ့ ဖြစ်ပေါ်စေသူအားလုံးကို ဖယ်ရှားပစ်ပါတော့မယ်။ ယေရှုကိုယုံကြည်ကြောင်း နာခံမှုလုပ်ရပ်နဲ့ တင်ပြသူအားလုံးဟာ သာယာလှပလာမယ့် ပရဒိသုမြေကြီးပေါ် အသက်ရှင်ခွင့် ရရှိကြပါလိမ့်မယ်။—ဆာလံ ၃၇:၉-၁၁ ကိုဖတ်ပါ။