အခန်း ၁၄

ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ

ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ

၁။ ရှေးခေတ် အစ္စရေးလူမျိုးကို ဘုရားသခင် ဘာကြောင့် ဖွဲ့စည်းခဲ့ရတာလဲ။

ဘုရားသခင်ဟာ ရှေးဘိုးဘေး အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းပေးခဲ့ပြီး ပညတ်တွေ ပေးခဲ့ပါတယ်။ အစ္စရေးလို့ အမည်ရခဲ့တဲ့ သူတို့သာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်ပြီး ဘုရားသခင့်စကားတော်ကို စောင့်ထိန်းခဲ့ကြတယ်။ (ဆာလံ ၁၄၇:၁၉၊ ၂၀) ဒီလိုနဲ့ လူမျိုးအပေါင်းဟာ အစ္စရေးလူမျိုးကနေတစ်ဆင့် ကောင်းချီးခံစားနိုင်ကြမှာ ဖြစ်တယ်။​—ကမ္ဘာဦး ၂၂:၁၈ ကိုဖတ်ပါ။

ဘုရားသခင်ဟာ အစ္စရေးလူမျိုးကို သူ့ရဲ့သက်သေအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဘုရားသခင့်ပညတ်တွေကို လိုက်လျှောက်တဲ့အခါ လူတွေ ဘယ်လောက်ထိ အကျိုးခံစားခဲ့ရသလဲဆိုတာကို ရှေးခေတ်အစ္စရေး သမိုင်းကြောင်းကနေ သိနိုင်ပါတယ်။ (တရားဟောရာ ၄:) အစ္စရေးလူမျိုးအားဖြင့် စစ်မှန်တဲ့ဘုရားသခင်ကို လူတွေ သိရှိလာနိုင်ပါတယ်။​—ဟေရှာယ ၄၃:၁၀၊ ၁၂ ကိုဖတ်ပါ။

၂။ စစ်မှန်တဲ့ခရစ်ယာန်တွေကို ဘာကြောင့် ဖွဲ့စည်းရတာလဲ။

နောက်ပိုင်းမှာ အစ္စရေးလူမျိုးဟာ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးသွားခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က အဲဒီလူမျိုးနေရာမှာ ခရစ်ယာန်အသင်းတော်နဲ့ အစားထိုးခဲ့တယ်။ (မဿဲ ၂၁:၄၃; ၂၃:၃၇၊ ၃၈) အရင်တုန်းကတော့ အစ္စရေးလူမျိုးဟာ ဘုရားသခင့်သက်သေတွေ ဖြစ်ခဲ့ပေမဲ့ အခုတော့ စစ်မှန်တဲ့ခရစ်ယာန်တွေက ဘုရားသခင့်သက်သေအဖြစ် အမှုဆောင်နေကြပါတယ်။​—တမန်တော် ၁၅:၁၄၊ ၁၇ ကိုဖတ်ပါ။

လူမျိုးအပေါင်းကို ဟောပြောပြီး တပည့်ဖြစ်စေဖို့ နောက်လိုက်တွေကို ယေရှု ဖွဲ့စည်းပေးခဲ့ပါတယ်။ (မဿဲ ၁၀:၇၊ ၁၁; ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဒီလောကစနစ် ကုန်ဆုံးချိန်ဖြစ်တဲ့ အခုအချိန်မှာ အဲဒီလုပ်ငန်းဟာ အထွတ်အထိပ်ရောက်ရှိနေပါပြီ။ ဘုရားသခင်ဟာ သမိုင်းတစ်လျှောက်မှာ ဦးဆုံးအကြိမ်အနေနဲ့ လူမျိုးအပေါင်းထဲက သန်းနဲ့ချီတဲ့သူတွေကို စစ်မှန်တဲ့ဝတ်ပြုရေးမှာ စုစည်းစေခဲ့ပါတယ်။ (ဗျာဒိတ် ၇:၉၊ ၁၀) အချင်းချင်း အားပေးကူညီနိုင်အောင် ခရစ်ယာန်စစ်တွေကို ဖွဲ့စည်းထားပါတယ်။ ကမ္ဘာတစ်ဝန်းက သူတို့ရဲ့ဝတ်ပြုစည်းဝေးတွေမှာရရှိတဲ့ ကျမ်းစာသွန်သင်ခြင်း အစီအစဉ်တွေဟာ အတူတူပဲဖြစ်ပါတယ်။​—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

၃။ မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့ အဖွဲ့အစည်းက ဘယ်လိုစတင်ခဲ့သလဲ။

၁၈၇၀ ပြည့်လွန်နှစ်တွေမှာ ကျမ်းစာကျောင်းသားအဖွဲ့ငယ်ဟာ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေတဲ့ ကျမ်းစာအမှန်တရားတွေကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ လူတွေကို ဟောပြောဖို့ ခရစ်ယာန်အသင်းတော်ကို ယေရှု ဖွဲ့စည်းခဲ့တာလို့ သူတို့ သိရှိခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ကမ္ဘာချီဟောပြောခြင်း အစီအစဉ်ကို စတင်ခဲ့တယ်။ ၁၉၃၁ ခုနှစ်မှာ ယေဟောဝါသက်သေများဆိုတဲ့ အမည်ကို သူတို့ ခံယူခဲ့ကြတယ်။​—တမန်တော် ၁:၈; ၂:၁၊ ၄; ၅:၄၂ ကိုဖတ်ပါ။

၄။ ယေဟောဝါသက်သေတွေကို ဘယ်လို ဖွဲ့စည်းထားသလဲ။

ပထမရာစုမှာ၊ ဒေသအသီးသီးက ခရစ်ယာန်အသင်းတော်တွေကို ကြီးကြပ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကို အတွေ့အကြုံရှိ အသက်ကြီးသူတွေနဲ့ ဖွဲ့စည်းထားပြီး ယေရှုကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် သူတို့ အသိအမှတ်ပြုကြတယ်။ (တမန်တော် ၁၆:၄၊ ၅) အခုအချိန်မှာလည်း အတွေ့အကြုံရှိ အကြီးအကဲတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကနေ ယေဟောဝါသက်သေတွေ အကျိုးခံစားနေရပါတယ်။ ကျမ်းစာလေ့လာဖို့ အထောက်အကူပြုစာပေတွေကို ဘာသာစကားပေါင်း ၆၀၀ ကျော်နဲ့ ဘာသာပြန်ဆို၊ ပုံနှိပ်ပြီး ဖြန့်ချိနေတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေကို အုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပေးနေပါတယ်။ အဲဒီလိုနည်းနဲ့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတစ်၀န်းမှာရှိတဲ့ အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်ကို ကျမ်းစာဆိုင်ရာ အားပေးချက်တွေနဲ့ ညွှန်ကြားချက်တွေ ပေးနိုင်တာဖြစ်တယ်။ အသင်းတော်တစ်ခုစီမှာ အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေက အကြီးအကဲတွေအဖြစ် အမှုထမ်းဆောင်နေတယ်။ သူတို့ဟာ ဘုရားသခင့်သိုးတော်စုကို မေတ္တာပါစွာ စောင့်ရှောက်နေပါတယ်။​—၁ ပေတရု ၅:၂၊ ၃ ကိုဖတ်ပါ။

ယေဟောဝါသက်သေတွေကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ဖွဲ့စည်းထားတာဖြစ်တယ်။ တမန်တော်တွေလိုပါပဲ၊ သူတို့ဟာ အိမ်တိုင်းကို ဟောပြောကြတယ်။ (တမန်တော် ၂၀:၂၀) ဒါ့အပြင် အမှန်တရားကို စိတ်ရင်းမှန်နဲ့ နှစ်သက်လိုလားတဲ့သူတွေကိုလည်း ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေဟာ အဖွဲ့အစည်းတစ်ခုလောက်ပဲ မဟုတ်ပါဘူး။ သူတို့ဟာ မေတ္တာပြည့်ဝတဲ့ ဖခင်ရှိတဲ့ မိသားစုတစ်စု ဖြစ်တယ်။ အချင်းချင်း ဂရုစိုက်စောင့်ရှောက်တဲ့ ညီအစ်ကို၊ ညီအစ်မတွေလည်း ဖြစ်တယ်။ (၂ သက်သာလောနိတ် ၁:) ဘုရားသခင့်စိတ်နဲ့တွေ့ဖို့၊ အချင်းချင်းအားပေးကူညီဖို့ ယေဟောဝါသက်သေတွေကို ဖွဲ့စည်းထားတဲ့အတွက် သူတို့ဟာ ဒီကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မိသားစုဝင်တွေ ဖြစ်ကြပါတယ်။​—ဆာလံ ၃၃:၁၂; တမန်တော် ၂၀:၃၅ တို့ကိုဖတ်ပါ။