အခန်း ၉

သင့်မိသားစုပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်သလဲ

သင့်မိသားစုပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်သလဲ

၁။ မိသားစုပျော်ရွှင်မှုအတွက် တရားဝင်လက်ထပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။

ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါဆီကလာတဲ့ သတင်းကောင်းတစ်ခုကတော့ မိသားစုတွေကို ပျော်ရွှင်စေချင်တယ်ဆိုတဲ့ အချက်ပါပဲ။ (၁ တိမောသေ ၁:၁၁) အိမ်ထောင်ကို အစပြုပေးခဲ့တဲ့ပုဂ္ဂိုလ်က ဘုရားသခင်ဖြစ်ပါတယ်။ မိသားစုပျော်ရွှင်ဖို့ဆိုရင် တရားဝင်လက်ထပ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက မိဘနဲ့သားသမီးတွေကို ချစ်ခင်ပျော်ရွှင်စေလို့ပါပဲ။

အိမ်ထောင်မင်္ဂလာကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။ ဘုရားသခင်က အိမ်ထောင်မင်္ဂလာကို ရာသက်ပန်ဖြစ်စေချင်တယ်။ ဘုရားသခင်ရဲ့စကားကို နာခံတဲ့သူတွေဟာ တရားဝင်လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ ဒေသန္တရ ဥပဒေတွေကို လေးစားရမှာဖြစ်တယ်။ (လုကာ ၂:၁၊ ၄၊ ၅) ဘုရားသခင်က ဇနီးမောင်နှံတွေ အချင်းချင်း သစ္စာရှိဖို့ အလိုရှိတယ်။ (ဟေဗြဲ ၁၃:) ကွာရှင်းတာကို မုန်းတီးတယ်။ (မာလခိ ၂:၁၆) အိမ်ထောင်ရေးဖောက်ပြန်မှသာ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခွင့်ရှိပါတယ်။—မဿဲ ၁၉:၃-၆၊  ကိုဖတ်ပါ။

၂။ ဇနီးမောင်နှံအချင်းချင်း ဘယ်လိုပြောဆိုပြုမူရမလဲ။

ယေဟောဝါဘုရားသခင်ဟာ အမျိုးသားနဲ့အမျိုးသမီးကို အိမ်ထောင်မှာ အပြန်အလှန် အထောက်အမဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တာဖြစ်တယ်။ (ကမ္ဘာဦး ၂:၁၈) အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းသည်ဟာ မိသားစု စားဝတ်နေရေးအတွက် ထောက်ပံ့ပေးရမယ့်အပြင် ဘုရားသခင်အကြောင်းကို သွန်သင်ပေးရာမှာလည်း ဦးဆောင်ရမယ်။ ကိုယ့်ရဲ့ဇနီးကို ကိုယ်ကျိုးစွန့်မေတ္တာပြဖို့လည်း လိုတယ်။ ဇနီးမောင်နှံအချင်းချင်း အပြန်အလှန် ချစ်မြတ်နိုးပြီး လေးစားရပါမယ်။ ဇနီးမောင်နှံအားလုံး အပြစ်ကင်းတဲ့သူတွေ မဟုတ်ကြတဲ့အတွက် ခွင့်လွှတ် တတ်ဖို့ သင်ယူရမယ်၊ ဒါမှသာ အိမ်ထောင်သာယာမှာဖြစ်တယ်။—ဧဖက် ၄:၃၁၊ ၃၂; ၅:၂၂-၂၅၊ ၃၃; ၁ ပေတရု ၃:၇ တို့ကိုဖတ်ပါ။

၃။ အိမ်ထောင်ရေး မသာယာတာနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စွန့်ပစ်သင့်သလား။

အိမ်ထောင်မှာ ပြဿနာတွေ ကြုံနေရပြီဆိုရင် ဇနီးမောင်နှံအချင်းချင်း မေတ္တာနဲ့ ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) အိမ်ထောင်သည်တွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို အကြောင်းပြပြီး ခွဲနေတာမျိုးကို သမ္မာကျမ်းစာမှာ မထောက်ခံထားပါဘူး။—၁ ကောရိန္သု ၇:၁၀-၁၃ ကိုဖတ်ပါ။

၄။ သားသမီးတို့၊ သင်တို့ကို ဘုရားသခင် ဘယ်လိုဖြစ်စေချင်သလဲ။

ဘုရားသခင်က သားသမီးတွေကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် လူငယ်ဘဝမှာ ဘယ်လိုပျော်မွေ့ရမယ်ဆိုတာကို အကောင်းဆုံးအကြံဉာဏ်တွေ ပေးထားပါတယ်။ ဒါ့အပြင် ဘုရားသခင်က မိဘတွေရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေ ကနေတစ်ဆင့် သင်တို့ကို အကျိုးရယူစေချင်တယ်။ (ကောလောသဲ ၃:၂၀) ပြီးတော့ သင့်ကိုဖန်ဆင်းတဲ့အရှင်နဲ့ သားတော် ယေရှုတို့ရဲ့အလိုတော် ထမ်းဆောင်ခြင်းကနေ ရွှင်လန်းမှုခံစားစေချင်တယ်။—ဒေသနာ ၁၁:၉-၁၂:၁; မဿဲ ၁၉:၁၃-၁၅; ၂၁:၁၅-၁၆ တို့ကိုဖတ်ပါ။

၅။ မိဘတို့၊ သားသမီးတွေ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် မိဘများ ကြိုးစားလုပ်ဆောင်ရမှာဖြစ်တယ်။ (၁ တိမောသေ ၅:) ဒါပေမဲ့ သားသမီးတွေ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော့်အကြောင်း သင်ယူလေ့လာဖို့ သူတို့ကို သွန်သင်ပေးရမှာဖြစ်တယ်။ (ဧဖက် ၆:) ဘုရားသခင်ကို သင် ချစ်မြတ်နိုးကြောင်း အလုပ်နဲ့သက်သေပြတာက သင့်ကလေးရဲ့ နှလုံးထဲ တစ်သက်လုံး စွဲမှတ်သွားစေနိုင်ပါတယ်။ သင့်ကလေး အပြုသဘောနဲ့ စဉ်းစား တွေးခေါ်တတ်လာအောင် သမ္မာကျမ်းစာကို အခြေခံပြီး သွန်သင်ပေးပါ။—တရားဟောရာ ၆:၄-၇; သုတ္တံ ၂၂:၆ တို့ကိုဖတ်ပါ။

ကလေးတွေကို ချီးမွမ်းပေးပြီး အားပေးတာက သူတို့အတွက် အကျိုးရှိစေပါတယ်။ ကလေးတွေကို ဆုံးမပဲ့ပြင်ဖို့၊ တည့်မတ်ပေးဖို့လည်း လိုအပ်တယ်။ အဲဒီလိုလုပ်တာက သူတို့လေးတွေရဲ့ ပျော်ရွှင်မှုကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကနေ ကာကွယ်ပေးရာရောက်ပါတယ်။ (သုတ္တံ ၂၂:၁၅) ဒါပေမဲ့ ခက်ထန်ကြမ်းတမ်းစွာ ဆုံးမတာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။—ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။

မိဘတွေနဲ့ သားသမီးတွေအတွက် အထူးသဖြင့် အကူအညီဖြစ်စေတဲ့ ကျမ်းစာအခြေပြု စာပေအတော်များများကို ယေဟောဝါသက်သေခရစ်ယာန်တွေ ထုတ်ဝေထားပါတယ်။—ဆာလံ ၁၉:၇၊ ၁၁ ကိုဖတ်ပါ။