လေ့လာရန် ဆောင်းပါး ၃

ခက်ခဲတဲ့ ကာလမှာ သင့်ကို ယေဟောဝါ ကူညီမယ်

ခက်ခဲတဲ့ ကာလမှာ သင့်ကို ယေဟောဝါ ကူညီမယ်

“ဘုရားသခင်ဟာ မင်းတို့ရဲ့ ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့ အရှင်ပဲ။”ဟေရှာ. ၃၃:၆

အာရုံစိုက်ရာ

ခက်ခဲချိန်မှာ ယေဟောဝါဆီက အကူအညီ ရဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။

၁-၂။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေ ဘာအခက်အခဲ ကြုံရနိုင်သလဲ။

 အဖြစ်ဆိုးတွေကြောင့် ကျွန်တော်တို့ရဲ့ ဘဝအခြေအနေ နေ့ချင်းညချင်း လုံးဝ ပြောင်းသွားနိုင်တယ်။ သစ္စာရှိ ညီအစ်ကို လူးဝစ္စ a ဟာ ရှားပါး ကင်ဆာရောဂါ ရှိနေမှန်း သိလိုက်ရတယ်။ အသက်ရှင်ဖို့ လပိုင်းပဲ ကျန်တော့တယ်လို့ ဆရာဝန် ပြောတယ်။ မော်နီကာဟာ အကြီးအကဲ ဖြစ်သူ ခင်ပွန်းနဲ့ တက်တက်ကြွကြွ ဘုရားအမှု ဆောင်နေတယ်။ ဒါပေမဲ့ ခင်ပွန်း အပြစ်တွေ ကျိတ်လုပ်နေတာ နှစ်ချီနေပြီ ဖြစ်မှန်း တစ်နေ့ သိလိုက်ရတယ်။ ဟာရီကိန်း မုန်တိုင်းကြီး တိုက်တော့မှာမို့ တစ်ကိုယ်ရေ ညီအစ်မ အိုလီဗီယာ အိုးပစ်အိမ်ပစ် ထွက်ပြေးရတယ်။ ပြန်လာတော့ မုန်တိုင်းထဲ အိမ် ပါသွားပြီ။ မျက်စိ တစ်မှိတ်အတွင်းမှာတင် ဒီညီအစ်ကို/မတွေရဲ့ ဘဝအခြေအနေ အကြီးအကျယ် ပြောင်းသွားတယ်။ သင်ကော ဘဝကို ကမောက်ကမ ဖြစ်စေတဲ့ အခြေအနေမျိုး ကြုံဖူးသလား။

ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ လောက,က လူတွေလိုပဲ အခက်အခဲတွေ ကြုံကြရတယ်။ ဖျားကြနာကြတယ်။ ဒါ့အပြင် ဘုရားလူမျိုးကို မုန်းသူတွေ ဆန့်ကျင်တာ၊ နှိပ်စက်ညှဉ်းပန်းတာ ကြုံရနိုင်တယ်။ အခက်အခဲ မှန်သမျှကနေ ကျွန်တော်တို့ကို ယေဟောဝါ လိုက်ကာကွယ်မပေးဘူး။ ဒါပေမဲ့ ကူညီမယ်လို့ ကတိပေးတယ်။ (ဟေရှာ. ၄၁:၁၀) ဘုရား ကူညီလို့ အခက်ဆုံး ကာလမှာတောင် ဆက်ဝမ်းမြောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ဆက်သစ္စာရှိနိုင်တယ်။ ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ ယေဟောဝါ ကူညီပေးတဲ့ နည်းလေးနည်းက ဘာလဲ။ ဘုရားအကူအညီ ရဖို့ ကျွန်တော်တို့ဘက်က ဘာလုပ်ရမလဲ။ ဒီဆောင်းပါးမှာ လေ့လာသွားကြမယ်။

သင့်ကို ယေဟောဝါ စောင့်ရှောက်ပေးမယ်

၃။ အဖြစ်ဆိုး ကြုံရချိန် ဘာလုပ်ဖို့ ခက်နိုင်သလဲ။

အခက်အခဲ။ အဖြစ်ဆိုး ကြုံရချိန်မှာ ရှင်းရှင်းလင်းလင်း စဉ်းစား၊ ဆုံးဖြတ်ဖို့ ခက်နိုင်တယ်။ ဘာကြောင့်လဲ။ စိုးရိမ်စိတ်ကြောင့် ခေါင်းကော စိတ်ကော ထူပူနေနိုင်လို့ပါ။ မြူတောထဲ စမ်းတဝါးဝါး လျှောက်ရသလို ဘယ်သွားလို့ သွားရမှန်း မသိ ဖြစ်နေနိုင်တယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မနှစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ “ဟာရီကိန်းကြောင့် အိမ်ပြိုသွားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားတယ်။ ထူပူသွားတာပဲ” လို့ အိုလီဗီယာ ပြောတယ်။ ခင်ပွန်း သစ္စာဖောက်သွားတော့ “စိတ်ပျက်တာထက် ပိုတယ်။ နောက်ကျောကို ဓားနဲ့ အထိုးခံလိုက်ရသလိုပဲ။ နိစ္စဓူဝ ကိစ္စတွေတောင် မလုပ်နိုင်တော့ဘူး။ ဒီလိုကြုံရမယ်လို့ ထင်ကို မထင်ထားတာ” လို့ မော်နီကာ ပြောတယ်။ ကျွန်တော်တို့ ထူပူနေချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၄။ ဖိလိပ္ပိ ၄:၆၊ ၇ အရ ယေဟောဝါ ဘာကတိပေးသလဲ။

ယေဟောဝါ ကူညီပေးပုံ။ “ဘုရားသခင့်ငြိမ်သက်ခြင်း” ပေးတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကို ဖတ်ပါ။) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ခံစားရတဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ဆိုလိုတာပါ။ အဲဒီငြိမ်သက်ခြင်းဟာ “လူ့ဉာဏ်နဲ့ မမီနိုင်” ဘူး။ ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်တာထက် အများကြီး သာတယ်။ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီးနောက် အံ့ဩစရာကောင်းလောက်အောင် စိတ်ငြိမ်သက်သွားဖူးသလား။ အဲဒါ ဘုရားသခင့်ငြိမ်သက်ခြင်းပဲ။

၅။ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို ဘုရားသခင့်ငြိမ်သက်ခြင်း ဘယ်လို စောင့်ရှောက်ပေးသလဲ။

ဘုရားသခင့်ငြိမ်သက်ခြင်းက “စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး” မယ်လို့ အဲဒီအခန်းငယ်မှာ ဆက်ပြောထားတယ်။ “စောင့်ရှောက်” ဆိုတဲ့ မူရင်း စကားလုံးဟာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း ဖြစ်ပြီး မြို့ တိုက်ခိုက်မခံရဖို့ စောင့်ကြပ်နေတဲ့ စစ်သားတွေကို ဖော်ပြရာမှာ သုံးတယ်။ မြို့တံခါးမှာ စစ်သားတွေ ကင်းစောင့်နေမှန်း သိလို့ မြို့သားတွေ စိတ်အေးလက်အေး အိပ်နိုင်ကြတယ်။ အဲဒီလိုပဲ ဘုရားသခင့်ငြိမ်သက်ခြင်းက စိတ်နှလုံးနဲ့ အတွေးအခေါ်ကို စောင့်ရှောက်ပေးလို့ လုံခြုံတယ်ဆိုတဲ့ သိစိတ်ကြောင့် စိတ်အေးလက်အေး ဖြစ်နိုင်ကြတယ်။ (ဆာ. ၄:၈) ဟန္နအဖြစ်မှာလိုပဲ ပြဿနာ ချက်ချင်း ပြေလည်မသွားရင်တောင် စိတ်အေးအေး ထားနိုင်သွားတယ်။ (၁ ရှ. ၁:၁၆-၁၈) စိတ်အေးအေး ထားနိုင်ရင် ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်း ချဖို့ လွယ်တယ်။

စိတ်နှလုံးနဲ့ အတွေးအခေါ်ကို “ဘုရားသခင့်ငြိမ်သက်ခြင်း” စောင့်ရှောက်ပေးတဲ့အထိ ဆုတောင်းပါ (စာပိုဒ် ၄-၆ ကို ကြည့်ပါ)


၆။ ဘုရားသခင့်ငြိမ်သက်ခြင်း ရဖို့ ဘာလုပ်ရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

လုပ်ဆောင်နိုင်ရာ။ အဖြစ်ဆိုး ကြုံတဲ့အခါ အစောင့်ကို လှမ်းခေါ်လိုက်ပါ။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင့်ငြိမ်သက်ခြင်း ခံစားရတဲ့အထိ ဆုတောင်းခြင်းအားဖြင့်ပါ။ (လု. ၁၁:၉။ ၁ သက်. ၅:၁၇) အသက်ရှင်ဖို့ လပိုင်းလောက်ပဲ ကျန်တော့တယ်ဆိုတာ သိလိုက်ရချိန် ဇနီး အန်နာနဲ့အတူ လူးဝစ္စ ဘာလုပ်သလဲ။ “ထူပူနေတော့ ကျန်းမာရေးကိစ္စ၊ တခြားကိစ္စတွေအတွက် ဆုံးဖြတ်ချက် ချဖို့ တော်တော် ခက်တယ်။ ဆုတောင်းလိုက်တော့မှပဲ စိတ်ငြိမ်သက်သွားတယ်” လို့ လူးဝစ္စ ပြောတယ်။ စိတ်ငြိမ်သက်ဖို့၊ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ဉာဏ်ပညာ ပေးဖို့ ယေဟောဝါဆီ ပြင်းပြင်းပြပြ ထပ်တလဲလဲ ဆုတောင်းကြတယ်။ ယေဟောဝါ ကူညီပေးတယ်လို့ ခံစားကြရတယ်။ သင်လည်း အဖြစ်ဆိုး ကြုံရတဲ့အခါ ဇွဲမလျှော့တမ်း ဆုတောင်းပါ။ ဒါဆိုရင် သင့်စိတ်နှလုံးနဲ့ အတွေးအခေါ်ကို ဘုရားသခင့်ငြိမ်သက်ခြင်း စောင့်ရှောက်ပေးမယ်။—ရော. ၁၂:၁၂

သင့်ကို ယေဟောဝါ တည်ငြိမ်စေမယ်

၇။ အခက်အခဲ ကြုံရချိန် ဘယ်လို ခံစားရနိုင်သလဲ။

အခက်အခဲ။ အခက်အခဲ ကြုံရချိန် ခါတိုင်းလို တွေးဖို့၊ ခံစားဖို့၊ လုပ်ဖို့ ခက်နိုင်တယ်။ မုန်တိုင်းဒဏ် ခံနေရတဲ့ သင်္ဘောဟာ လှိုင်းတစ်လုံးနဲ့ တစ်လုံးကြား လူးခါသွားသလိုပဲ စိတ်ခံစားချက် တစ်ခုနဲ့ တစ်ခုကြား ဟန်ချက် ပျက်သွားနိုင်တယ်။ လူးဝစ္စ ဆုံးပြီးနောက် စိတ်အခြေအနေ သောင်းပြောင်းထွေလာ ဖြစ်နေတယ်လို့ အန်နာ ပြောတယ်။ “ဟာတာတာ ဖြစ်မိတယ်။ ကိုယ့်ကိုယ်ကိုယ် သနားမိတယ်။ တစ်ခါတလေကျတော့ သူ ထားသွားရကောင်းလားဆိုပြီး ဒေါသထွက်နေပြန်ကော” လို့ ပြောတယ်။ လူးဝစ္စ ရှိတုန်းက တာဝန်ယူပေးနေကျ ကိစ္စတွေ အခု ကိုယ်တိုင် တာဝန်ယူရတော့ အန်နာ စိတ်ရှုပ်လာတယ်။ ပခုံးတစ်ဖက် ပြုတ်သွားသလို၊ တစ်ခါတလေ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲ ရောက်နေသလို ခံစားရတယ်။ ကျွန်တော်တို့ စိတ်မွန်းကြပ်လာတဲ့အခါ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၈။ ဟေရှာယ ၃၃:၆ မှာ ယေဟောဝါ ဘာကတိပေးသလဲ။

ယေဟောဝါ ကူညီပေးပုံ။ တည်ငြိမ်စေတယ်။ (ဟေရှာယ ၃၃:၆ ကို ဖတ်ပါ။) မုန်တိုင်းမိတဲ့အခါ ကြောက်စရာ ကောင်းလောက်အောင် သင်္ဘော လူးလာနိုင်တယ်။ ဒါပေမဲ့ သင်္ဘောအောက် တစ်ဖက်တစ်ချက်မှာ ထိုးထွက်နေတဲ့ ဆူးတောင်တွေ ရှိတယ်။ အဲဒီဆူးတောင်တွေက သင်္ဘော တအား လူးခါမနေအောင် ထိန်းပေးတယ်။ ခရီးသည်တွေကို ဘေးကင်းစေတယ်။ ခံသာစေတယ်။ ဒါပေမဲ့ သင်္ဘော ရှေ့ကို ဆက်ခုတ်မောင်းမှ ဆူးတောင်တွေ ကောင်းကောင်း အလုပ်လုပ်မှာ။ အဲဒီလိုပဲ အခက်အခဲ ကြုံနေရပေမဲ့ သစ္စာရှိရှိ ရှေ့ကို ဆက်လျှောက်လှမ်းရင် တည်ငြိမ်အောင် ယေဟောဝါ ကူညီပေးမယ်။

လေ့လာမှု ကိရိယာတွေ သုံးပြီး တည်ငြိမ်အောင် လုပ်ပါ (စာပိုဒ် ၈-၉ ကို ကြည့်ပါ)


၉။ တည်ငြိမ်စေဖို့ လေ့လာမှု ကိရိယာတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

လုပ်ဆောင်နိုင်ရာ။ သောကမုန်တိုင်း အလယ် ရောက်နေရင် အတတ်နိုင်ဆုံး ဆက်ပြီး ဆုတောင်းပါ။ အစည်းအဝေး တက်ပါ။ အမှုဆောင်မှာ ပါဝင်ပါ။ အရင်ကလောက် လုပ်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါဟာ အကျိုးသင့်အကြောင့်သင့် ရှိတဲ့ ဘုရားပါ။ (လုကာ ၂၁:၁-၄ နဲ့ နှိုင်းယှဉ်ပါ။) ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့၊ တွေးတောဆင်ခြင်ဖို့ အချိန် ဖယ်ထားပါ။ ကျွန်တော်တို့ ဟန်ချက် ထိန်းနိုင်အောင် ဆောင်းပါးတွေ၊ ဗီဒီယိုတွေကို အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ JW Library®ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် လိုမျိုး သင့်ဘာသာစကားနဲ့ ရနိုင်တဲ့ လေ့လာမှု ကိရိယာတွေ သုံးပြီး ရှာဖွေလေ့လာပါ။ စိတ်အခြေအနေ သိပ်မဟန်တော့မှန်း ရိပ်မိတာနဲ့ လေ့လာမှု ကိရိယာတွေ သုံးပြီး အကြံကောင်းတွေ ရှာတော့တာပဲလို့ အစောပိုင်းမှာ ဖော်ပြတဲ့ မော်နီကာ ပြောတယ်။ ဥပမာ၊ ရှာဖွေမှု အကွက်မှာ “ဒေါသ” ဆိုတဲ့ စကားလုံး ရိုက်ထည့်တယ်။ တစ်ခါတလေ၊ “သစ္စာဖောက်ခြင်း၊” “သစ္စာရှိခြင်း” အကြောင်း ရှာတယ်။ စိတ်မငြိမ်မချင်း ဆောင်းပါးတွေ ဖတ်တယ်။ “စစချင်းတုန်းကတော့ ဗျာများနေတာ။ ဒါပေမဲ့ ဖတ်လေ ဖတ်လေ ယေဟောဝါ ဖက်ထားပေးသလို ခံစားရလေပဲ။ ကျွန်မကို ယေဟောဝါ နားလည်တယ်၊ ကူညီပေးနေတယ်ဆိုတာ သဘောပေါက်လာတယ်” လို့ ပြောတယ်။ သင့်ကိုလည်း ယေဟောဝါ အဲဒီလို ကူညီပေးနိုင်တယ်။ ဘုရားအကူအညီကြောင့် သောကမုန်တိုင်း ငြိမ်သွားချိန်ထိ ဟန်ချက် ဆက်ထိန်းနိုင်ပါလိမ့်မယ်။—ဆာ. ၁၁၉:၁၄၃၊ ၁၄၄

သင့်ကို ယေဟောဝါ ထောက်မပေးမယ်

၁၀။ အဖြစ်ဆိုး ကြုံရပြီးနောက် ဘယ်လို ခံစားရနိုင်သလဲ။

၁၀ အခက်အခဲ။ အဖြစ်ဆိုး ကြုံရရင် ကိုယ်ရော စိတ်ပါ နုံးသွားနိုင်တယ်။ အရင်ကလို မပြေးနိုင်တော့ဘဲ ထော့နဲ့ထော့နဲ့ လျှောက်နေရတဲ့ ဒဏ်ရာရ အားကစားသမားလို ခံစားရနိုင်တယ်။ ခါတိုင်း လွယ်လွယ်ကူကူ လုပ်နိုင်တာတွေ မလုပ်နိုင်တော့တာ၊ လုပ်ပျော်တာတွေ မလုပ်ချင်တော့တာ ဖြစ်နိုင်တယ်။ ဧလိယလိုပဲ အိပ်ရာ မထချင်လောက်တဲ့အထိ ခွေပဲ ခွေချင်နေနိုင်တယ်။ (၁ ဘု. ၁၉:၅-၇) ကျွန်တော်တို့ နုံးနေချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၁။ ယေဟောဝါ ကူညီပေးတဲ့ နောက်တစ်နည်းက ဘာလဲ။ (ဆာလံ ၉၄:၁၈)

၁၁ ယေဟောဝါ ကူညီပေးပုံ။ ထောက်မပေးတယ်။ (ဆာလံ ၉၄:၁၈ ကို ဖတ်ပါ။) ဒဏ်ရာရ အားကစားသမား လှုပ်ရှားဖို့ အကူအညီ လိုသလို ဘုရားအမှုတော်မှာ တက်တက်ကြွကြွ ဆက်ပါဝင်နိုင်ဖို့ အကူအညီ လိုတယ်။ “မင်းရဲ့ ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါ ကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ” လို့ ယေဟောဝါ အာမခံထားတယ်။ (ဟေရှာ. ၄၁:၁၃) စမ်းသပ်မှုတွေ ကြုံရတဲ့အခါ၊ ရန်သူတွေ အဝိုင်းခံရတဲ့အခါ ယေဟောဝါ “ညာလက်ရုံးတော်နဲ့ ထောက်မတယ်” လို့ ဘုရင် ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၈:၃၅) ဘယ်လို ထောက်မပေးသလဲ။

မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေရဲ့ အကူအညီကို လက်ခံပါ (စာပိုဒ် ၁၁-၁၃ ကို ကြည့်ပါ)


၁၂။ ကျွန်တော်တို့ကို ထောက်မဖို့ ဘယ်သူတွေကို ယေဟောဝါ သုံးနိုင်သလဲ။

၁၂ ကူညီချင်စိတ် ပေါ်လာအောင် တခြားသူတွေကို လှုံ့ဆော်ခြင်းအားဖြင့် ယေဟောဝါ ထောက်မပေးတယ်။ ဥပမာ၊ ဒါဝိဒ် စိတ်အားငယ်နေချိန် မိတ်ဆွေ ယောနသန် ရောက်လာပြီး အားပေးတယ်။ (၁ ရှ. ၂၃:၁၆၊ ၁၇) ဧလိယကို ထောက်မဖို့ ဧလိရှဲကို ယေဟောဝါ ရွေးတယ်။ (၁ ဘု. ၁၉:၁၆၊ ၂၁။ ၂ ဘု. ၂:၂) ကျွန်တော်တို့ကို ထောက်မဖို့ မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေကို သုံးနိုင်တယ်။ စိတ်ထိခိုက်နေချိန်မှာ တခြားသူတွေနဲ့ ခပ်ခွာခွာ၊ တစ်ယောက်တည်း နေချင်နိုင်တယ်။ ဒါ သဘာဝပဲ။ ဒါပေမဲ့ ဘုရားအကူအညီ ရဖို့ ဘာလုပ်ရမလဲ။

၁၃။ ယေဟောဝါရဲ့ ထောက်မမှု ရဖို့ ဘာလုပ်ရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ လုပ်ဆောင်နိုင်ရာ။ တစ်သီးပုဂ္ဂလ နေချင်စိတ်ကို တိုက်ထုတ်ပါ။ တစ်သီးပုဂ္ဂလ နေတဲ့အခါ အမြင် ကျဉ်းလာမယ်။ ကိုယ့်အကြောင်း၊ ကိုယ့်ပြဿနာအကြောင်းပဲ တွေးမိလာမယ်။ အဲဒီလိုချည်း တွေးရင် ကောင်းကောင်း ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ (ပညာ. ၁၈:၁) စိတ်ဒဏ်ရာ ရတဲ့အခါ တစ်ယောက်တည်း နားအေးပါးအေး နေဖို့ အချိန် လိုတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလ နေတာ ကြာလာရင် ထောက်မပေးဖို့ ယေဟောဝါ သုံးသူတွေကို တွန်းထုတ်ရာ ရောက်သွားမယ်။ ဒါကြောင့် မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေဆီက အကူအညီ လက်ခံပါ။ ကိုယ့်ကို ထောက်မပေးဖို့ ယေဟောဝါ သုံးနေသူတွေလို့ မြင်ပါ။—ပညာ. ၁၇:၁၇။ ဟေရှာ. ၃၂:၁၊ ၂

သင့်ကို ယေဟောဝါ နှစ်သိမ့်ပေးမယ်

၁၄။ ဘယ်ထိတ်လန့်စရာ အခြေအနေတွေ ရင်ဆိုင်ရနိုင်သလဲ။

၁၄ အခက်အခဲ။ ရန်သူတွေ၊ ဖိအားတွေကြောင့် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြတဲ့ ရှေးသစ္စာရှိ ကျေးကျွန်တွေအကြောင်း ကျမ်းစာမှာ ပါတယ်။ (ဆာ. ၁၈:၄။ ၅၅:၁၊) ကျွန်တော်တို့လည်း ကြောက်စိတ် ဝင်ချိန်တွေ ရှိနိုင်တယ်။ ကျောင်းမှာ၊ အလုပ်မှာ ဖိအားတွေ ကြုံနိုင်တယ်။ မိသားစု၊ အစိုးရရဲ့ ဆန့်ကျင်မှု ရင်ဆိုင်ရနိုင်တယ်။ ကျန်းမာရေး ပြဿနာကြောင့် သေရမှာ ကြောက်နေနိုင်တယ်။ ကလေးလေးလို ကူကယ်ရာ မဲ့နေတယ်လို့ ခံစားမိနိုင်တယ်။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၅။ ဆာလံ ၉၄:၁၉ မှာ ယေဟောဝါ ဘာအာမခံထားသလဲ။

၁၅ ယေဟောဝါ ကူညီပေးပုံ။ နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။ (ဆာလံ ၉၄:၁၉ ကို ဖတ်ပါ။) မိုးသက်မုန်တိုင်း ကျလို့ ကြောက်ပြီး အိပ်မပျော်တဲ့ သမီးငယ်ဆီ အဖေ ရောက်လာပြီး အိပ်ပျော်သွားတဲ့အထိ ထွေးပိုက်ထားပေးတယ်လို့ မြင်ယောင်ကြည့်ပါ။ မုန်တိုင်း တိုက်နေတုန်းပဲ။ ဒါပေမဲ့ အဖေ့ရင်ခွင်ထဲမှာမို့ လုံခြုံတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့လည်း ထိတ်လန့်စရာ အခြေအနေတွေ ရင်ဆိုင်ရတဲ့အခါ ကြောက်စိတ် မပျောက်မချင်း ယေဟောဝါ ထွေးပိုက်ထားပေးတာကို လိုချင်ကြတယ်။ လိုချင်ရင် ဘာလုပ်ရမလဲ။

ကျမ်းစာ ဖတ်ခြင်းအားဖြင့် ကောင်းကင်ဘုံစံ အဖ နှစ်သိမ့်ပေးတာ လက်ခံပါ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)


၁၆။ ယေဟောဝါရဲ့ နှစ်သိမ့်မှု ရဖို့ ဘာလုပ်ရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ လုပ်ဆောင်နိုင်ရာ။ အချိန်ယူပြီး မှန်မှန် ဆုတောင်း၊ ကျမ်းစာ ဖတ်တဲ့ အကျင့် ရှိအောင် လုပ်ပါ။ (ဆာ. ၇၇:၁၊ ၁၂-၁၄) အကျင့် ဖြစ်နေရင် စိတ်ဖိစီးစရာ ကြုံတာနဲ့ အရင်ဆုံး အဖ ယေဟောဝါဆီ ပြေးပြီး အကူအညီ တောင်းတတ်သွားမယ်။ ကိုယ့်သောကတွေ အဖကို ပြောပြပါ။ ကျမ်းစာ ဖတ်ခြင်းအားဖြင့် အဖ ပြောတာ နားထောင်ပါ။ နှစ်သိမ့်ပေးတာ လက်ခံပါ။ (ဆာ. ၁၁၉:၂၈) တချို့ ကျမ်းစာအပိုင်းတွေက အထူးသဖြင့် သောကရောက်ချိန်မှာ နှစ်သိမ့်မှု ပေးနိုင်တယ်။ ဥပမာ၊ ယောဘကျမ်း၊ ဆာလံကျမ်း၊ ပညာအလိမ္မာကျမ်း ဖတ်နိုင်တယ်။ မဿဲ အခန်းကြီး ၆ မှာ ပါတဲ့ ယေရှုစကားတွေ ဖတ်နိုင်တယ်။ ဆုတောင်း၊ ကျမ်းစာ ဖတ်ရင် ဘုရား နှစ်သိမ့်ပေးနေတယ်ဆိုတာ ခံစားလာရမယ်။

၁၇။ ဘာစိတ်ချနိုင်သလဲ။

၁၇ ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ ယေဟောဝါ အတူ ရှိနေပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ဘူး။ (ဆာ. ၂၃:၄။ ၉၄:၁၄) စောင့်ရှောက်ပေးမယ်၊ တည်ငြိမ်စေမယ်၊ ထောက်မပေးမယ်၊ နှစ်သိမ့်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ “ဘုရားက အပြည့်အဝ မှီခိုတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်။ ယုံကြည်ကိုးစားတဲ့သူတွေကို တည်မြဲတဲ့ ငြိမ်သက်မှု ပေးလိမ့်မယ်” လို့ ဟေရှာယ ၂၆:၃ မှာ ပြောထားတယ်။ ဒါကြောင့် ဘုရားကို ယုံကြည်ကိုးစားပါ။ ဘုရားအကူအညီ ရဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်ပါ။ ဒါဆိုရင် ခက်ခဲတဲ့ ကာလမှာ အားပြန်ပြည့်လာပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါရဲ့ အကူအညီကို ဘယ်အချိန်မှာ အထူး လိုနိုင်သလဲ။

  • ခက်ခဲချိန်မှာ ယေဟောဝါ ကူညီပေးတဲ့ နည်းလေးနည်းက ဘာလဲ။

  • ယေဟောဝါရဲ့ အကူအညီ ရဖို့ ဘာလုပ်နိုင်သလဲ။

a အမည်လွှဲများ။