လေ့လာရန် ဆောင်းပါး ၂၃

သီချင်း ၂၇ ယေဟောဝါဘက်ရပ်တည်ကြ

ပုံဆောင်တဲတော်မှာ လာတည်းခိုဖို့ ယေဟောဝါ ဖိတ်ခေါ်

ပုံဆောင်တဲတော်မှာ လာတည်းခိုဖို့ ယေဟောဝါ ဖိတ်ခေါ်

“ငါ့တဲတော်က သူတို့နဲ့အတူ ရှိနေလိမ့်မယ်။ ငါဟာ သူတို့ရဲ့ ဘုရားသခင် ဖြစ်လာမယ်။”ယေဇ. ၃၇:၂၇

အာရုံစိုက်ရာ

ပုံဆောင်တဲတော်မှာ လာတည်းခိုဖို့ ယေဟောဝါ ဖိတ်ခေါ်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဧည့်သည်တွေကို အိမ်ရှင် ယေဟောဝါ ဘယ်လို ဂရုစိုက်သလဲ။

၁-၂။ သစ္စာရှိ ဝတ်ပြုသူတွေမှာ ဘာအခွင့်ထူး ရှိသလဲ။

 သင့်အတွက် ယေဟောဝါဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ‘ဖခင်၊ ဘုရား၊ မိတ်ဆွေ’ လို့ ဖြေနိုင်တယ်။ ဒါမှမဟုတ် တခြားအဖြေတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို အိမ်ရှင်အဖြစ်ကော စဉ်းစားကြည့်ဖူးသလား။

ယေဟောဝါနဲ့ သစ္စာရှိ ဝတ်ပြုသူတွေရဲ့ ဆက်ဆံရေးကို အိမ်ရှင်ဧည့်သည် ဆက်ဆံရေးနဲ့ ဘုရင် ဒါဝိဒ် ခိုင်းနှိုင်းခဲ့တယ်။ “အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့ တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ” လို့ မေးခွန်းထုတ်တယ်။ (ဆာ. ၁၅:၁) ယေဟောဝါရဲ့ ဧည့်သည်၊ တစ်နည်းအားဖြင့် မိတ်ဆွေ ဖြစ်နိုင်ကြောင်း ဒီကျမ်းပိုဒ်ကနေ သိရတယ်။ တကယ့် အခွင့်ထူးပါပဲ။

ပုံဆောင်တဲတော်မှာ ယေဟောဝါ လာတည်းခိုစေချင်

၃။ ယေဟောဝါရဲ့ ဦးဆုံး ဧည့်သည်က ဘယ်သူလဲ။ သူတို့ အပြန်အလှန် ဘယ်လို ခံစားကြရသလဲ။

ဘာကိုမှ မဖန်ဆင်းခင် စကြဝဠာမှာ ယေဟောဝါတစ်ပါးတည်း ရှိတယ်။ နောက်တော့ သားဦးကို ဖန်ဆင်းတယ်။ ပုံဆောင်တဲတော်ထဲ ဦးဆုံး ဧည့်သည်လက်ခံလိုက်တာပါပဲ။ အဲဒီလို ဧည့်သည်လက်ခံရတာကို အိမ်ရှင် ယေဟောဝါ သိပ်ပျော်တယ်။ သားတော်ကို “ချစ်မြတ်နိုး” တယ်။ သားတော်လည်း “[ယေဟောဝါ] ရှေ့တော်မှာ . . . အမြဲ ဝမ်းမြောက်နေတယ်။”—ပညာ. ၈:၃၀

၄။ နောက်ထပ် ဘယ်သူတွေ ယေဟောဝါရဲ့ ဧည့်သည် ဖြစ်လာကြသလဲ။

အဲဒီနောက် ကောင်းကင်တမန်တွေကို ယေဟောဝါဘုရား ဖန်ဆင်းတယ်။ သူတို့လည်း ဘုရားရဲ့ ဧည့်သည်တွေ ဖြစ်လာကြတယ်။ “ဘုရားသခင်ရဲ့ သားတွေ” လို့ အခေါ်ခံရကြတယ်။ ရှေ့တော်မှာ ခစားရလို့ ရွှင်လန်းကြတယ်။ (ယောဘ ၃၈:၇။ ဒံ. ၇:၁၀) နှစ်များစွာကြာတဲ့အထိ ဘုရားရဲ့ ဧည့်သည်ဆိုလို့ ဘုရား စံမြန်းရာ ကောင်းကင်မှာပဲ ရှိတာ။ နောက်တော့ မြေကြီးပေါ်မှာ လူတွေကို ဖန်ဆင်းလိုက်လို့ ဧည့်သည် တိုးလာတယ်။ ဧည့်သည် ဖြစ်လာသူတချို့ကတော့ ဧနောက်၊ နောဧ၊ အာဗြဟံ၊ ယောဘတို့ ဖြစ်တယ်။ ဒီသစ္စာရှိ ဝတ်ပြုသူတွေဟာ ဘုရားရဲ့ မိတ်ဆွေတွေ၊ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း” လျှောက်လှမ်းသူတွေအဖြစ် ကျမ်းစာမှာ ဖော်ပြခံရကြတယ်။—က. ၅:၂၄။ ၆:၉။ ယောဘ ၂၉:၄။ ဟေရှာ. ၄၁:၈

၅။ ယေဇကျေလ ၃၇:၂၆၊ ၂၇ မှာ ပါတဲ့ ကြိုဟောချက်ကနေ ဘာသိရသလဲ။

ပုံဆောင်တဲတော်မှာ လာတည်းခိုဖို့ မိတ်ဆွေတွေကို ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါဘုရား ဆက်ဖိတ်ခေါ်နေတယ်။ (ယေဇကျေလ ၃၇:၂၆၊ ၂၇ ကို ဖတ်ပါ။) ဥပမာ၊ ယေဇကျေလ ကြိုဟောချက်အရ သစ္စာရှိ ဝတ်ပြုသူတွေနဲ့ ဘုရား တကယ် ခင်မင်ရင်းနှီးချင်ကြောင်း သိရတယ်။ “သူတို့နဲ့ ငြိမ်းချမ်းရေးပဋိညာဉ် ဖွဲ့မယ်” လို့ ဘုရား ကတိပေးတယ်။ ကောင်းကင်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေနဲ့ မြေကြီးပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေ ပုံဆောင်တဲတော်မှာ “သိုးတစ်အုပ်တည်း” အဖြစ် စည်းလုံးလာမယ့်အချိန်အကြောင်း ယေဇကျေလ ကြိုဟောထားတာ။ (ယော. ၁၀:၁၆) အဲဒီအချိန်ဟာ အခုအချိန်ပဲ။

ဘယ်နေရာမှာပဲ ရှိပါစေ ဘုရား ဂရုစိုက်

၆။ ပုံဆောင်တဲတော်မှာ ဧည့်သည် ဘယ်လို ဖြစ်လာနိုင်သလဲ။ ပုံဆောင်တဲတော် ဘယ်နေရာမှာ ရှိသလဲ။

ကျမ်းစာခေတ်မှာ တဲဆိုတာ ခိုနားရာ၊ လေဒဏ်မိုးဒဏ် ကာကွယ်ပေးတဲ့နေရာ ဖြစ်တယ်။ ကိုယ့်တဲမှာ လာတည်းခိုသူတွေကို အိမ်ရှင်တွေ ကောင်းကောင်း ဂရုစိုက်ပေးကြတယ်။ ကျွန်တော်တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တဲ့အခါ ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်လာကြတယ်။ (ဆာ. ၆၁:၄) အချိန်တန် အစားအစာ အလျှံပယ် စားသောက်ကြရတယ်။ ယေဟောဝါရဲ့ တခြားဧည့်သည်တွေနဲ့ ခင်မင်ကြရတယ်။ ဘယ်နေရာဒေသက လူတွေပဲ ပုံဆောင်တဲတော်မှာ တည်းခိုနိုင်တယ်ဆိုပြီး ကန့်သတ်မထားဘူး။ အထူးအစည်းအဝေးကြီး တက်ဖို့ဖြစ်ဖြစ် တခြားနိုင်ငံကို သင် ရောက်ဖူးမှာပါ။ ပုံဆောင်တဲတော်မှာ ပျော်မွေ့နေတဲ့ တခြားသူတွေနဲ့ ဆုံဖူးမှာပါ။ သစ္စာရှိ ဝတ်ပြုသူတွေ ရှိတဲ့ ဘယ်နေရာမဆိုဟာ ယေဟောဝါရဲ့ တဲတော်ပါပဲ။—ဗျာ. ၂၁:၃

၇။ သေဆုံးသွားတဲ့ သစ္စာရှိသူတွေဟာ ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်နေတုန်းပဲလို့ ဘာကြောင့် ပြောနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

သေဆုံးသွားတဲ့ သစ္စာရှိသူတွေကော ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်နေတုန်းပဲလား။ ဖြစ်နေတုန်းပါပဲ။ ဘာကြောင့်လဲ။ သူတို့ အသက်ရှင်နေဆဲအလား ဘုရားမှတ်ဉာဏ်ထဲ ရှိနေလို့ပါ။ “မောရှေက ချုံပုတ်အကြောင်း မှတ်တမ်းမှာ ယေဟောဝါကို ‘အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရား’ လို့ ခေါ်ခဲ့တာဟာ သေလွန်သူတွေ ထမြောက်တဲ့အကြောင်း ပြောနေတာ ဖြစ်တယ်။ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်” လို့ ယေရှု ပြောတယ်။—လု. ၂၀:၃၇၊ ၃၈

သေဆုံးသွားတဲ့ သစ္စာရှိသူတွေတောင် ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်နေတုန်းပဲ (စာပိုဒ် ၇ ကို ကြည့်ပါ)


အကျိုးကျေးဇူးတွေ၊ တောင်းဆိုချက်တွေ

၈။ ယေဟောဝါရဲ့ ပုံဆောင်တဲတော်မှာ တည်းခိုလို့ ကျွန်တော်တို့ ဘာအကျိုးရသလဲ။

တဲဟာ ခိုနားရာ၊ လေဒဏ်မိုးဒဏ် ကာကွယ်ပေးတဲ့နေရာ ဖြစ်တယ်။ အဲဒီလိုပဲ ယေဟောဝါဘုရားရဲ့ ပုံဆောင်တဲတော်မှာ တည်းခိုသူတွေဟာ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်မယ့် အန္တရာယ်ကနေ၊ မျှော်လင့်ချက်မဲ့တဲ့ အဖြစ်ကနေ ကာကွယ်ခံရကြတယ်။ ဘုရားနဲ့သာ ရင်းနှီးနေရင် ကျွန်တော်တို့ ထာဝစဉ် ထိခိုက်သွားလောက်တဲ့ အန္တရာယ်မျိုး စာတန် မပေးနိုင်ဘူး။ (ဆာ. ၃၁:၂၃။ ၁ ယော. ၃:၈) ကမ္ဘာသစ် ရောက်တဲ့အခါ သစ္စာရှိ မိတ်ဆွေတွေကို မိမိနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကနေ သာမက သေခြင်းရန်ကနေပါ ယေဟောဝါ ကာကွယ်ပေးမှာ။—ဗျာ. ၂၁:၄

၉။ ဧည့်သည်တွေကို ယေဟောဝါ ဘာတောင်းဆိုသလဲ။

ယေဟောဝါရဲ့ ဧည့်သည်၊ တစ်နည်းအားဖြင့် ထာဝရ မိတ်ဆွေ ဖြစ်နိုင်တာ တကယ့် အခွင့်ထူးပါပဲ။ ဧည့်သည်၊ မိတ်ဆွေ ဆက်ဖြစ်ချင်ရင် ဘာလုပ်ရမလဲ။ တစ်ယောက်ယောက်အိမ် သွားတဲ့အခါ အိမ်ရှင် ဘာလုပ်စေချင်တယ်၊ ဘာမလုပ်စေချင်ဘူးဆိုတာ သိထားချင်မှာပဲ။ ဥပမာ၊ အိမ်ထဲ မဝင်ခင် ဖိနပ်ချွတ်စေချင်မှန်း သိထားရင် အလိုက်တသိ ဖိနပ်ချွတ်ပြီးမှ ဝင်မှာ ဖြစ်တယ်။ အဲဒီလိုပဲ ပုံဆောင်တဲတော်မှာ ဆက်တည်းခိုချင်သူတွေကို ယေဟောဝါ ဘာတောင်းဆိုထားသလဲ ကျွန်တော်တို့ သိချင်ကြတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဆိုပေမဲ့ လေးစားထိုက်တဲ့ ဘုရား၊ ဖခင်လည်း ဖြစ်တယ်ဆိုတာ အမြဲ သတိရသင့်တယ်။ (ဆာ. ၂၅:၁၄) အမြဲ ကြည်ညိုလေးစားသင့်တယ်။ ကြည်ညိုလေးစားမယ်ဆိုရင် ဘုရား စိတ်ငြိုငြင်မယ့်အရာ ဘာကိုမှ လုပ်မှာ မဟုတ်ဘူး။ “ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း” မှာ ဖြစ်တယ်။ (မိ. ၆:၈) ဘုရားကို ချစ်တဲ့အတွက် ‘နှစ်သက်လက်ခံမှု အပြည့်အဝ’ ရရှိအောင် အတတ်နိုင်ဆုံး နေထိုင်မှာ ဖြစ်တယ်။—ကော. ၁:၁၀

အစ္စရေးတွေကို ယေဟောဝါ မျက်နှာမလိုက်တမ်း ဆက်ဆံ

၁၀-၁၁။ ယေဟောဝါ မျက်နှာမလိုက်ကြောင်း ဘယ်အချက်ကနေ သိနိုင်သလဲ။

၁၀ ဧည့်သည်တွေကို ယေဟောဝါ မျက်နှာမလိုက်ဘူး။ (ရော. ၂:၁၁) ဆိုင်းနိုင်းတောကန္တာရမှာ အစ္စရေးတွေကို ဆက်ဆံပုံကနေ ဒီအချက်ကို သိနိုင်တယ်။

၁၁ အစ္စရေးတွေကို အီဂျစ်ကျွန်ဘဝကနေ ကယ်လွှတ်ပြီးနောက် တဲတော်မှာ အမှုဆောင်ဖို့ ပုရောဟိတ်တွေကို ယေဟောဝါ ခန့်အပ်တယ်။ လေဝိအမျိုးသားတွေကိုတော့ တဲတော်နဲ့ ဆိုင်တဲ့ တခြားတာဝန်တွေ ပေးတယ်။ တဲတော်မှာ အမှုဆောင်သူတွေ၊ တဲတော်နားမှာ စခန်းချသူတွေကို ပိုဂရုစိုက်တာမျိုး မရှိဘူး။ မျက်နှာမလိုက်ဘူး။

၁၂။ တောကန္တာရမှာ အစ္စရေးတွေကို ဆက်ဆံပုံက ယေဟောဝါ မျက်နှာမလိုက်ကြောင်း ဘယ်လို ဖော်ပြသလဲ။ (ထွက်မြောက်ရာ ၄၀:၃၈) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၂ တဲတော်မှာ အမှုဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ၊ တဲတော်နားမှာ နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ စခန်းမှာ ရှိသူတိုင်း ယေဟောဝါနဲ့ ခင်မင်ရင်းနှီးခွင့် တန်းတူ ရကြတယ်။ ဥပမာ၊ တဲတော်ပေါ်က မိုးတိမ်နဲ့ မီးတိုင်ကို အစ္စရေးလူမျိုးတစ်မျိုးလုံး မြင်ရတယ်။ (ထွက်မြောက်ရာ ၄၀:၃၈ ကို ဖတ်ပါ။) တဲတော်ပေါ်ကနေ မိုးတိမ် တက်သွားတဲ့အခါ တဲတော်နဲ့ အဝေးဆုံးမှာ စခန်းချသူတွေတောင် မြင်နိုင်ကြတယ်။ ဒါကြောင့် ပစ္စည်းတွေ ထုပ်ပိုး၊ ကိုယ့်တဲကို ဖြုတ်၊ တခြားသူတွေနဲ့ အတူတူ ထွက်ခွာနိုင်ကြတယ်။ (တော. ၉:၁၅-၂၃) စခန်းပြောင်းဖို့ ငွေခရာနှစ်ခု မှုတ်ပြီး အချက်ပေးတာကို လူတိုင်း ကြားနိုင်တယ်။ (တော. ၁၀:၂) တဲတော်နားမှာ စခန်းချလို့ ယေဟောဝါနဲ့ ပိုရင်းနှီးတာမျိုး မဟုတ်မှန်း ရှင်းနေပါတယ်။ အစ္စရေးလူမျိုး ဘယ်သူမဆို ယေဟောဝါရဲ့ ဧည့်သည် ဖြစ်နိုင်တယ်။ ကာကွယ်လမ်းပြမှု ရနိုင်တယ်။ ဒီနေ့အချိန်မှာလည်း ကျွန်တော်တို့ ဘယ်နေရာမှာပဲ နေပါစေ ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်စောင့်ရှောက်မှု၊ ကာကွယ်မှု ရနေကြတယ်။

စခန်းအလယ် တည့်တည့်မှာ တဲတော် ထားတာကို ကြည့်ရင် ယေဟောဝါ မျက်နှာမလိုက်ကြောင်း သိရ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


ဒီနေ့အချိန်မှာလည်း ယေဟောဝါ မျက်နှာမလိုက်

၁၃။ မျက်နှာမလိုက်ကြောင်း ဒီနေ့အချိန်မှာ ယေဟောဝါ ဘယ်လို ပြနေသလဲ။

၁၃ ဒီနေ့ခေတ် ဘုရားကျေးကျွန်တချို့ဟာ ကမ္ဘာ့ဌာနချုပ် ဒါမှမဟုတ် ဌာနခွဲရုံးနားမှာ နေကြတယ်။ တချို့ဆိုရင် အဲဒီနေရာတွေမှာ အမှုဆောင်ကြတယ်။ ဒါကြောင့် အဲဒီနေရာတွေက လုပ်ဆောင်မှု တော်တော်များများမှာ ပါဝင်နိုင်ကြတယ်။ ဦးဆောင်နေသူတွေနဲ့ အနီးကပ် ပေါင်းသင်းနိုင်ကြတယ်။ တချို့ကျတော့ နယ်လှည့်လုပ်ငန်း ဒါမှမဟုတ် တခြား အထူးအချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ကြတယ်။ ဒါပေမဲ့ အများစု အဲဒီလို ပါဝင်ခွင့် မရကြဘူး။ သင်လည်း ပါဝင်ခွင့် မရဘူးဆိုရင်ကော။ ဧည့်သည်အားလုံးကို အိမ်ရှင် ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချပါ။ တစ်ယောက်စီကို ယေဟောဝါ ဂရုစိုက်တယ်။ (၁ ပေ. ၅:၇) အချိန်တန် အစားအစာ ပြင်ဆင်ပေးတယ်။ ကာကွယ်လမ်းပြပေးတယ်။

၁၄။ ယေဟောဝါ မျက်နှာမလိုက်ကြောင်း ဘယ်လို သိရသေးသလဲ။

၁၄ ယေဟောဝါ မျက်နှာမလိုက်ကြောင်း သိရတဲ့ နောက်တစ်ချက်ကတော့ ကမ္ဘာတစ်ဝန်းက လူတွေ ကျမ်းစာဖတ်နိုင်ဖို့ ပြင်ဆင်ပေးတာပါပဲ။ မူရင်းကျမ်းစာကို ဟီဘရူး၊ အာရမိတ်၊ ဂရိဆိုတဲ့ ဘာသာစကားသုံးမျိုးနဲ့ ရေးခဲ့တာ။ အဲဒီဘာသာစကား တတ်သူတွေဟာ မတတ်သူတွေထက် ယေဟောဝါနဲ့ ပိုရင်းနှီးကြသလား။ အဲဒီလို မဟုတ်ပါဘူး။—မ. ၁၁:၂၅

၁၅။ ယေဟောဝါ မျက်နှာမလိုက်ကြောင်း နောက်ထပ် ဘာအထောက်အထား ရှိသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ ပညာရေးအရ၊ ဘာသာစကားအရ တစ်ပန်းသာနေသူတွေကိုပဲ မိတ်ဆွေအဖြစ် ယေဟောဝါ လက်ခံတာ မဟုတ်ဘူး။ ပညာတတ်တွေကိုပဲ ဉာဏ်အလင်း ပေးတာ မဟုတ်ဘူး။ ပညာတတ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကမ္ဘာတစ်ဝန်းက လူတွေ ဉာဏ်အလင်း ရနိုင်ဖို့ ပြင်ဆင်ပေးထားတယ်။ ကျမ်းစာကို ဘာသာစကား ထောင်ချီနဲ့ ဘာသာပြန်စေလို့ ကျမ်းစာသွန်သင်ချက်တွေကနေ အကျိုးရနိုင်ကြတယ်။ ဘုရားမိတ်ဆွေ ဖြစ်နိုင်ပုံကို သိနိုင်ကြတယ်။—၂ တိ. ၃:၁၆၊ ၁၇

ကျမ်းစာကို ဘာသာစကား ထောင်ချီနဲ့ ဘာသာပြန်စေတာက ယေဟောဝါ မျက်နှာမလိုက်ကြောင်း ဘယ်လို ဖော်ပြသလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


ယေဟောဝါရဲ့ “နှစ်သက်လက်ခံမှု” ဆက်ရအောင် နေပါ

၁၆။ တမန်တော် ၁၀:၃၄၊ ၃၅ အရ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု ဘယ်လို ဆက်ရနိုင်မလဲ။

၁၆ ယေဟောဝါရဲ့ ပုံဆောင်တဲတော်မှာ တည်းခိုဖို့ ဖိတ်ခေါ်ခံရတာ အခွင့်ထူးပါပဲ။ ယေဟောဝါဟာ အကြင်နာတတ်ဆုံး၊ မေတ္တာအရှိဆုံး၊ ဧည့်ဝတ်အကျေဆုံး အိမ်ရှင် ဖြစ်တယ်။ ဘယ်ဒေသ၊ ဘယ်နောက်ခံကပဲ ဖြစ်ဖြစ်၊ ပညာတတ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ လူမျိုး၊ အသက်အရွယ်၊ ကျား/မ မရွေး အားလုံးကို မျက်နှာမလိုက်တမ်း ဖိတ်ခေါ်နေတယ်။ ဒါပေမဲ့ တောင်းဆိုချက် လိုက်နာသူတွေကိုပဲ လက်ခံတယ်။—တမန်တော် ၁၀:၃၄၊ ၃၅ ကို ဖတ်ပါ။

၁၇။ ဧည့်သည်တွေကို ယေဟောဝါ တောင်းဆိုထားတာတွေနဲ့ပတ်သက်ပြီး ဘယ်မှာ ထပ်ဆင့် သိရမလဲ။

၁၇ “အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့ တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ” ဆိုပြီး ဆာလံ ၁၅:၁ မှာ ဒါဝိဒ် မေးခွန်းထုတ်တယ်။ အဲဒီမေးခွန်းတွေကို ဖြေပေးဖို့ ဒါဝိဒ်ကို စွမ်းအားတော်အားဖြင့် ယေဟောဝါ လမ်းညွှန်တယ်။ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု ဆက်ရဖို့ ပြည့်မီရမယ့် တောင်းဆိုချက်တချို့ကို နောက်ဆောင်းပါးမှာ သိရပါမယ်။

သီချင်း ၃၂ ယေဟောဝါဘက် ရပ်တည်ကြ