ဘဝအတ္ထုပ္ပတ္တိ

နားမကြားပေမဲ့ တခြားသူတွေကို သွန်သင်ပေးခဲ့

နားမကြားပေမဲ့ တခြားသူတွေကို သွန်သင်ပေးခဲ့

ကျွန်တော် ၁၂ နှစ်အရွယ် ၁၉​၄၁ ခုနှစ်မှာ နှစ်ခြင်းခံ​ခဲ့တယ်။ ဒါပေမဲ့ ၁၉​၄၆ ခုနှစ်​အထိ ကျမ်းစာအမှန်တရား​ကို တကယ်​နားမလည်​ခဲ့ဘူး။ ဘယ်လို ဖြစ်တာ​လဲ။ ကျွန်တော့်​အကြောင်း ပြောပြပါ​ရစေ။

၁၉​၁၀ ပြည့်လွန်နှစ်​တွေမှာ ကျွန်တော့်​မိဘတွေ ဂျော်ဂျီယာနိုင်ငံ၊ တဘီ​လီ​ဆီ​မြို့ကနေ ကနေဒါနိုင်ငံ အနောက်ပိုင်း၊ ဆက်​စ​က​က်​ချီ​ဝန်​နယ်၊ ပဲ​လီ​ရွာ​နားက မြက်ခင်း​လွင်ပြင် လယ်တော​အိမ်​လေးမှာ ပြောင်းရွှေ့နေထိုင်​ခဲ့ကြတယ်။ ကျွန်တော့်ကို ၁၉​၂၈ ခုနှစ်မှာ မွေး​တယ်။ မောင်နှမ​ခြောက်ယောက်​မှာ အငယ်ဆုံး။ ကျွန်တော် မမွေးခင် ခြောက်လ​အလို​မှာ အဖေ ဆုံးသွား​တယ်။ နို့စို့အရွယ်​မှာ အမေ ဆုံးသွား​တယ်။ သိပ်​မကြာခင်​မှာပဲ အစ်မကြီး လူ​စီ​လည်း အသက် ၁၇ နှစ်မှာ ဆုံးသွား​ပြန်​တယ်။ ဒါကြောင့် ဦးလေး နိ​ခ်​က ကျွန်တော်တို့ မောင်နှမ​တွေကို ကြည့်ရှုစောင့်ရှောက်​ခဲ့တယ်။

ကျွန်တော် လမ်းလျှောက်​တတ်​စ တစ်နေ့​မှာ မြင်း​ရဲ့​အမြီး​ကို ဆွဲ​နေတာ မိသားစု​တွေ တွေ့​သွားတယ်။ မြင်း​ကန်​လိုက်​မှာ​စိုး​လို့ အထိတ်တလန့် အော်​ကြပေမဲ့ ကျွန်တော် ဘယ်လိုမှ မတုံ့ပြန်​ဘူး။ သူတို့ကို ကျော​ပေးထားတယ်။ သူတို့ရဲ့​အော်ဟစ်သံ​ကို မကြား​ဘူး။ ဝမ်းသာစရာ​က ကျွန်တော် မထိခိုက်​ခဲ့ဘူး။ အဲဒီ​ကျ​မှ ကျွန်တော် နားမကြား​မှန်း မိသားစု​တွေ သိသွား​ကြ​တယ်။

ကျွန်တော့်ကို တခြား​နားမကြား​ကလေးတွေ​နဲ့အတူ ကျောင်း​ထား​ဖို့ မိသားစု​မိတ်ဆွေ​တစ်ယောက်က အကြံပေး​တယ်။ ဒါနဲ့ ဦးလေး​နိ​ခ်​က ဆက်​စ​က​က်​ချီ​ဝန်၊ ဆက်​စ​က​က်​တွန်​မြို့​က နားမကြား​ကျောင်း​ကို ပို့​ခဲ့တယ်။ ကျွန်တော့်​အသက် ငါးနှစ်​ပဲ ရှိသေး​ပေ​မဲ့ အိမ်​က​နေ နာရီ​အတော်များများ သွား​ရတဲ့​နေရာ​ကို ပြောင်းရွှေ့​ရမှာ​ဆိုတော့ ကြောက်​မိတယ်။ ကျောင်းပိတ်ရက်​တွေ၊ နွေရာသီ အားလပ်ရက်​တွေ​ကျ​မှ မိသားစု​ဆီ ပြန်​လို့​ရတယ်။ ဒီလိုနဲ့ လက်သင်္ကေတပြစကား တတ်လာ​ပြီး တခြား​ကလေးတွေ​နဲ့ ဆော့​တတ်လာ​တယ်။

ကျမ်းစာ အမှန်တရား သင်ယူခြင်း

၁၉​၃၉ ခုနှစ်မှာ လက်ရှိ​အစ်မကြီး မာ​ရီ​ယန်​က ဘီလ် ဒေ​နီ​ယယ်​ချာ့ခ်​နဲ့ လက်ထပ်​ပြီး အစ်မ ဖ​ရန်​ဆက်စ်​နဲ့ ကျွန်တော့်ကို ခေါ်ထား​တယ်။ သူတို့က မိသားစု​မှာ ယေဟောဝါသက်သေ​တွေနဲ့ ပထမ​ဆုံး ထိတွေ့​သူတွေ။ နွေရာသီ ကျောင်းပိတ်ရက်​မှာ သူတို့​သင်ယူ​ထားတဲ့ ကျမ်းစာ​အကြောင်း ကျွန်တော့်ကို အတတ်နိုင်ဆုံး ပြောပြ​ကြ​တယ်။ လက်သင်္ကေတပြစကား မတတ်​ကြ​လို့ သူတို့နဲ့ ပြောဆိုဆက်သွယ်​ရတာ မလွယ်​ဘူး။ ဒါပေမဲ့ ကျမ်းစာ​အကြောင်းအရာတွေ​ကို ကျွန်တော်​ တကယ်​နှစ်သက်​မှန်း သူတို့ သိတယ်။ သူတို့ လုပ်​နေတာ​နဲ့ ကျမ်းစာ ပြော​ထားတာ ဆက်စပ်မှု​ရှိမှန်း ကျွန်တော် နားလည်​ထားတယ်။ ဒါကြောင့် သူတို့ ဟောပြော​တဲ့အခါ လိုက်​သွားတယ်။ သိပ်​မကြာခင်​မှာ နှစ်ခြင်းခံ​ချင်​လာတယ်။ ၁၉​၄၁၊ စက်တင်ဘာ ၅ ရက်​မှာ ဘီလ်​က ကျွန်တော့်ကို စ​တီး​ကန်​ထဲ နှစ်ခြင်းပေး​ခဲ့တယ်။ ရေ​က အေးစက်​နေတာ​ပဲ။

၁၉၄၆၊ အိုဟိုင်အို၊ ကလိဗ်လန်း ခရိုင်အစည်းအဝေးမှာ နားမကြားအုပ်စုနဲ့အတူ

၁၉​၄၆ ခုနှစ် နွေရာသီ​မှာ အိမ်ပြန်လာ​ပြီး အမေရိကန်၊ အိုဟိုင်အို​ပြည်နယ်၊ က​လိဗ်​လန်း​မြို့မှာ ခရိုင်​အစည်းအဝေး တက်​ကြ​တယ်။ အစည်းအဝေး ပထမနေ့​မှာ ဟောပြောချက်တွေ​ကို နားလည်နိုင်ဖို့ အစ်မ​တွေ​က အလှည့်ကျ စာရေး​ပြ​ကြ​တယ်။ ဒုတိယ​နေ့​မှာတော့ လက်သင်္ကေတပြစကားနဲ့ ဘာသာပြန်​ပေးတဲ့ အုပ်စု​ကို တွေ့ရ​လို့ ဝမ်းသာ​သွားတယ်။ နောက်ဆုံး​တော့ ဟောပြောချက်တွေ​ကို နားလည်​နိုင်ပြီ။ ကျမ်းစာအမှန်တရား​ကို ရှင်းရှင်းလင်းလင်း နားလည်​နိုင်​လို့ သိပ်ကောင်း​တာပဲ။

အမှန်တရား သင်ပေး​ခြင်း

ဒုတိယ​ကမ္ဘာစစ် ပြီး​ခါ​စ​မို့ အမျိုးသားရေး​စိတ်ဓာတ် ပြင်းထန်​နေ​ချိန်​ပေါ့။ ခရိုင်​အစည်းအဝေး​က​နေ ပြန်လာ​တော့ ကျောင်းမှာ ကျွန်တော့်​ယုံကြည်ချက်​အတိုင်း ရပ်တည်​ဖို့ ဆုံးဖြတ်​ခဲ့တယ်။ ဒါကြောင့် နိုင်ငံတော်​အလံ အလေးပြု​တာ၊ အမျိုးသား​သီချင်းဆို​တာ​တွေမှာ မပါဝင်​တော့ဘူး။ အခါကြီးရက်ကြီး​တွေမှာ မပါတော့ဘူး။ ကျောင်းမှာ ပြ​ဋ္ဌာန်း​ထားတဲ့ ဝတ်ပြုရေး အစီအစဉ်​တွေမှာ မပါဝင်​တော့ဘူး။ ကျောင်းဆရာ/မတွေ​က မကြိုက်​ကြဘူး။ ကျွန်တော့်​စိတ်​ကို ပြောင်းလဲ​စေဖို့ လိမ်လည်​ခြိမ်းခြောက်​ကြ​တယ်။ ဒီ​လုပ်ရပ်တွေ​က ကျောင်းနေဖက်​တွေ​ကြားမှာ ဟိုး​လေး​တ​ကျော် ဖြစ်ခဲ့တယ်။ ဒါနဲ့ သက်သေခံ​ဖို့ အခွင့်အရေး ဖြစ်သွား​တယ်။ ကျောင်းနေဖက် လာရီ၊​ အန်​ဒ​ရို​ဆော့ဖ်၊ နော်​မန် ဒစ်​ထ​ရစ်၊ အီမီလ် ရှ​နေ​ဒါ​တို့ အမှန်တရားကို လက်ခံပြီး ဒီနေ့​အထိ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်​နေကြတယ်။

တခြားမြို့​တွေကို သွားလည်​တဲ့အခါ​တိုင်း နားမကြား​တွေကို သက်သေခံ​ဖို့ အမြဲကြိုးစား​တယ်။ ဥပမာ၊ မွန်​ထ​ရီ​အော​မြို့​က နားမကြား​အသင်း​မှာ လူဆိုးဂိုဏ်း​ဝင် လူငယ် အက်​ဒီ တာ​ဂါ​ကို သက်သေ​ခံ​ခဲ့တယ်။ လွန်ခဲ့တဲ့​နှစ် မသေ​ဆုံး​ခင်မှာ သူဟာ ကွီဘက်​ပြည်နယ်၊ လာ​ဗယ်​မြို့ လက်သင်္ကေတပြ အသင်းတော်ရဲ့ အသင်းသား​တစ်ဦး ဖြစ်နေ​ပြီ။ ဗေရိမြို့သား​တွေလိုပဲ ကျမ်းစာ အမှန်တရားကို ထက်ထက်သန်သန် ရှာဖွေ​တဲ့ လူငယ် ဂျွန်း အာဒါ​နေး​ဇ်​နဲ့လည်း တွေ့ခဲ့​တယ်။ (တ. ၁၇:၁၀၊ ၁၁) သူ​လည်း အမှန်တရား သိလာ​တယ်။ သေဆုံး​ချိန်​အထိ အွန်​တယ်​ရီယို​ပြည်နယ်၊ အို​တာ​ဝါ​မြို့မှာ အကြီးအကဲ​အဖြစ် သစ္စာရှိရှိ အမှုဆောင်​သွားခဲ့တယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ လမ်းပေါ် သက်သေခံနေစဉ်

၁၉​၅၀ ပြည့်နှစ်​မှာ ဗန်ကူးဗား​မြို့​ကို ကျွန်တော် ပြောင်းရွှေ့​ခဲ့တယ်။ နားမကြား​တွေကို ဟောပြော​ရတာ ကြိုက်​ပေ​မဲ့ နား​ကြား​အမျိုးသမီး ခရစ္စ စ​ပိုင်​ဆာ​ကို လမ်းပေါ်​မှာ သက်သေခံ​ခဲ့တဲ့ အတွေ့အကြုံ​ကို ဘယ်တော့မှ မမေ့​ဘူး။ မဂ္ဂဇင်း နှစ်စဉ်​ကြေး ယူ​တယ်။ သူ့ရဲ့​အမျိုးသား ဂယ်ရီ​နဲ့ ကျွန်တော့်ကို တွေ့​စေချင်တယ်။ ဒါကြောင့် သူတို့​အိမ်​ကို လည်ပတ်​ခဲ့တယ်။ စာ​နဲ့​ရေး​ပြီး အကြာကြီး ဆွေးနွေး​ခဲ့တယ်။ နောက်ပိုင်း​နှစ်တွေ​ကျ​မှ​ပဲ သူတို့နဲ့ ပြန်ဆုံ​ခဲ့တယ်။ အွန်​တယ်​ရီယို​ပြည်နယ်၊ တို​ရွန်​တို​မြို့ ခရိုင်​အစည်းအဝေး​မှာ လူအုပ်​ကြား​ထဲ ကျွန်တော့်​ကို လာ​နှုတ်ဆက်​လို့ အံ့ဩ​ခဲ့ရတယ်။ အဲဒီ​နေ့​မှာပဲ ဂယ်ရီ နှစ်ခြင်း​ခံ​ခဲ့တယ်။ ဒီ​ဖြစ်ရပ်​က ဆက်​ဟော​နေဖို့ အရေးကြီး​မှန်း အမှတ်ရ​စေတယ်။ အမှန်တရား​က ဘယ်​နေရာ၊ ဘယ်​အချိန်​မှာ အမြစ်တွယ်​မယ်ဆို​တာ မသိနိုင်​ဘူး။

နောက်ပိုင်းမှာ ဆက်​စ​က​က်​တွန်​မြို့​ကို ပြန်ပြောင်းရွှေ့​ခဲ့တယ်။ အဲဒီမှာ မိခင်​တစ်ယောက်နဲ့ တွေ့ခဲ့​တယ်။ သူက ဂျင်း​နဲ့ ဂျုန်း ရော့​သန်​ဘာ​ဂါ​ဆိုတဲ့ နားမကြား အမြွှာ​သမီး​နှစ်ယောက်​ကို ကျမ်းစာသင်ပေး​ဖို့ တောင်းဆို​ခဲ့တယ်။ သူတို့က ကျွန်တော်နဲ့ တစ်ကျောင်း​ထဲ​ပဲ။ မကြာခင်​မှာ သူတို့​တစ်​တွေ သိလာတဲ့ အမှန်တရား​အကြောင်း အတန်းဖော်​တွေကို ဝေမျှ​ခဲ့ကြတယ်။ ဒီလိုနဲ့ အတန်းဖော်​ငါးယောက် ယေဟောဝါ သက်သေတွေ ဖြစ်လာတယ်။ တစ်ယောက်က​တော့ ယူး​နိစ် ကော်​လင်း​ပါ။ သူ့ကို နားမကြား​ကျောင်းမှာ စတွေ့​တုန်းက ကျွန်တော်က အတန်း​ကြီး​မှာ။ အဲဒီတုန်းက ကျွန်တော့်ကို သူ​သကြားလုံး ပေးပြီး မိတ်ဖွဲ့​ခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ ကျွန်တော့်​ဘဝ​မှာ အရေးပါတဲ့ ဇနီး ဖြစ်လာတယ်။

၁၉၆၀ နဲ့ ၁၉၈၉ မှာ ယူးနိစ်နဲ့အတူ

ယူး​နိစ် ကျမ်းစာလေ့လာ​တာ​ကို သူ့​အမေ သိသွား​တဲ့အခါ ဖျောင်းဖျ​ပေးဖို့ ကျောင်းအုပ်ကြီး​ကို အကူအညီ တောင်း​ခဲ့တယ်။ လေ့လာ​တဲ့​စာအုပ်တွေ​ကို​တောင် ကျောင်းအုပ်​က သိမ်းသွား​တယ်။ ဒါပေ​မဲ့ ယူး​နိစ်​က ယေဟောဝါကို​ပဲ အဓိက အာရုံစိုက်​ခဲ့တယ်။ နှစ်ခြင်း​ခံ​ချင်​တဲ့အခါ မိဘတွေက “ယေဟောဝါသက်သေ လုပ်​မယ်ဆိုရင် အိမ်ပေါ်​က ဆင်း” ဆိုပြီး မောင်း​ချခဲ့တယ်။ အသက် ၁၇ နှစ်မှာ ယူး​နိစ် တကယ်ပဲ အိမ်ပေါ်​က ဆင်း​ခဲ့ရတယ်။ ဒေသခံ သက်သေခံ​မိသားစုက သူ့ကို ခေါ်ထား​တယ်။ ကျမ်းစာ ဆက်လေ့လာ​ပြီး နောက်ပိုင်းမှာ နှစ်ခြင်းခံ​ခဲ့တယ်။ ၁၉​၆​၀ ပြည့်နှစ်​မှာ ကျွန်တော်တို့ လက်ထပ်​တော့ လက်ထပ်ပွဲ​ကို သူ့​မိဘတွေ မလာ​ဘူး။ ဒါပေမဲ့ နှစ်တွေ​ကြာ​လာ​တာနဲ့​အမျှ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်​နဲ့ သားတွေ​ကို ပျိုးထောင်​ပုံ​ကြောင့် လေးစား​လာကြတယ်။

ကျွန်တော့်ကို ယေဟောဝါ ဂရုစိုက်

လန်ဒန် ဗေသလမှာ အမှုဆောင်နေတဲ့ သား နီကိုးလပ်စ်နဲ့ ဇနီး ဒေဗောရ

နားမကြား​တဲ့ ကျွန်တော်တို့​နှစ်ယောက်​ဟာ နား​ကြားတဲ့ သား​ခုနစ်ယောက်​ကို ပျိုးထောင်​ခဲ့တယ်။ တကယ့် အခက်အခဲ​ပါပဲ။ သူတို့နဲ့ ကောင်းကောင်း ဆက်သွယ်​နိုင်​ဖို့၊ အမှန်တရား သင်ပေး​ဖို့ လက်သင်္ကေတပြစကား​ကို သင်ယူ​စေခဲ့တယ်။ အသင်းတော်​က ညီအစ်​ကို/မတွေ အများကြီး ကူညီပေး​ကြ​တယ်။ ဥပမာ၊ ကျွန်တော်တို့ သားတစ်ယောက်က နိုင်ငံတော်ခန်းမ​မှာ ဆဲဆို​တဲ့​အကြောင်း မိဘ​တစ်ယောက်က စာရေး​အသိပေး​ခဲ့တယ်။ ဒါကြောင့် သူ့ကို ချက်ချင်း ဆုံးမ​နိုင်ခဲ့တယ်။ ဂျိမ်းစ်၊ ဂျယ်​ရီ၊ နီ​ကိုးလ​ပ်စ်၊ စတီဗင်​တို့ လေးယောက်​ဟာ မိသားစုနဲ့​အတူ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်​နေကြတယ်။ လေးယောက်​စလုံး အကြီးအကဲတွေ​ပေါ့။ နီကိုးလပ်စ်​နဲ့ ဇနီး ဒေဗောရ​တို့​က ဗြိတိန်​ဌာနခွဲ၊ လက်သင်္ကေတပြ ဘာသာပြန်​လုပ်ငန်းကို ကူညီပေး​နေတယ်။ စ​တီ​ဗင်​နဲ့ ဇနီး ရှန်​နာ​တို့လည်း အမေရိကန် ဌာနခွဲ၊ လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့​မှာ အမှုဆောင်​နေကြတယ်။

သား ဂျိမ်းစ်၊ ဂျယ်​ရီ၊ စ​တီ​ဗင်​တို့​က ဇနီး​တွေနဲ့​အတူ လက်သင်္ကေတပြစကားနဲ့ ဟောပြောခြင်းလုပ်ငန်း​ကို နည်း​အမျိုးမျိုး​နဲ့ ကူညီပေး​နေကြ

အိမ်ထောင်သက် အနှစ် ၄၀ ပြည့်ဖို့ တစ်လ​အလို​မှာ ဇနီး ယူးနိစ်​ဟာ ကင်ဆာရောဂါ​နဲ့ ဆုံးပါး​သွားတယ်။ ခက်ခဲတဲ့​အချိန်အတွင်း အလွန်​သတ္တိရှိ​ခဲ့တယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​ကြောင့် ခံရပ်နိုင်​ခဲ့တယ်။ သူနဲ့ ပြန်တွေ့​မယ့်​နေ့​ကို ကျွန်တော် စောင့်မျှော်​နေပါတယ်။

ဖေးနဲ့ ဂျိမ်းစ်၊ ဂျယ်ရီနဲ့ အယ်ဗလင်၊ ရှန်နာနဲ့ စတီဗင်

၂၀​၁၂၊ ဖေဖော်ဝါရီ​လ​မှာ ကျွန်တော် ချော်လဲ​ပြီး တင်ပါး​ဆုံ​ရိုး ကျိုးသွား​တဲ့အတွက် တခြားသူတွေရဲ့ အကူအညီ လိုအပ်​လာတယ်။ ဒါကြောင့် သားတစ်ယောက်​နဲ့အတူ သွား​နေတယ်။ ကာ​လ်​ဂါရီ လက်သင်္ကေတပြ အသင်းတော်​မှာ အကြီးအကဲ​အဖြစ် ဆက်​အမှုဆောင်​နေတယ်။ လက်သင်္ကေတပြ အသင်းတော်​နဲ့ ပူးပေါင်း​တာ ပထမဆုံး​ပဲ။ ၁၉​၄၆ ခုနှစ်​ကစပြီး အင်္ဂလိပ်စကား​ပြော အသင်းတော်​နဲ့ ပူးပေါင်း​တဲ့ နှစ်တွေ​တစ်လျှောက် ကျွန်တော့်​ယုံကြည်ချက်​ကို ထိန်းသိမ်း​နိုင်ခဲ့​တာ စဉ်းစားကြည့်ပါ။ မိဘမဲ့​ကလေးတွေကို စောင့်ရှောက်​ပေးမယ်ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ တကယ် စောင့်ရှောက်​ပေးခဲ့တယ်။ (ဆာ. ၁၀:၁၄) စာတိုလေး​တွေ ရေး​ပေးဖို့၊ လက်သင်္ကေတပြစကား သင်ယူ​ဖို့၊ ဘာသာပြန်​ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစား​တဲ့သူ​အားလုံးကို ကျေးဇူးတင်ပါတယ်။

အသက် ၇၉ နှစ်မှာ အမေရိကန် လက်သင်္ကေတပြ ရှေ့ဆောင်သင်တန်း တက်ရောက်နေစဉ်

ပြော​နေတဲ့ စကား​တွေကို နားမလည်​နိုင်​လို့၊ နားမကြား​တွေရဲ့ လိုအပ်ရာတွေကို ဘယ်သူမှ နားလည်​ပေး​ပုံ မရ​လို့ စိတ်ဓာတ်ကျ​ပြီး လက်လျှော့​လိုက်​ချင်တဲ့ အချိန်တွေ ရှိခဲ့​တာ ဝန်ခံ​ရ​ပါမယ်။ ဒါပေမဲ့ အဲဒီ​အချိန်​တွေမှာ “သခင်၊ ဘယ်သူ့​ဆီ သွား​ရမှာ​လဲ။ ထာဝရအသက်​ရစေ​တဲ့ စကား​တွေဟာ သခင့်​ဆီမှာ​ပဲ ရှိတာ​ပါ” ဆိုတဲ့ ပေတရု​ရဲ့ စကား​တွေကို ပြန်တွေး​တယ်။ (ယော. ၆:၆၆-၆၈) ကျွန်တော်နဲ့ သက်တူရွယ်တူ နားမကြား ညီအစ်ကို/မတွေ​လိုပဲ စိတ်ရှည်​တတ်လာ​တယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်း​ကို စောင့်ဆိုင်း​တတ်လာ​တယ်။ ဒါကြောင့် အကျိုးများ​စွာ ရရှိ​ခဲ့တယ်။ အခု ကျွန်တော့်​မိခင် ဘာသာစကားနဲ့ ကျမ်းစာ​အကြောင်းအရာ​များစွာ ရရှိ​နေ​ပြီ။ အမေရိကန် လက်သင်္ကေတပြစကားနဲ့ ပတ်စဉ် အစည်းအဝေး​တွေ၊ ခရိုင်​အစည်းအဝေးတွေမှာ ပျော်မွေ့နိုင်​ပြီ။ အကြီးမြတ်ဆုံး​ဘုရား ယေဟောဝါကို အမှုဆောင်​လို့ ကျေနပ်ပျော်ရွှင်​စရာ အသက်တာ​ကို အမှန်တကယ် ပိုင်ဆိုင်​ထားပါ​ပြီ။

ဘယ်ဘက်​မှ–