လေ့လာရန် ဆောင်းပါး ၂၂

သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်

ဆုံးဖြတ်ချက်ကောင်း ချစေနိုင်မယ့် သမီးရည်းစားဘဝ

ဆုံးဖြတ်ချက်ကောင်း ချစေနိုင်မယ့် သမီးရည်းစားဘဝ

‘စိတ်ထားအလှဟာ အလွန်အဖိုးတန်တယ်။’၁ ပေ. ၃:၄

အာရုံစိုက်ရာ

သမီးရည်းစားတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာလုပ်ရမလဲ။ အသင်းတော်မှာ ရှိသူတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

၁-၂။ ရည်းစားဘဝနဲ့ပတ်သက်ပြီး တချို့ ဘယ်လို ခံစားရသလဲ။

 သမီးရည်းစားဘဝဟာ ရင်ခုန်ကြည်နူးစရာကောင်းတယ်။ သင် ရည်းစားထားနေတယ်ဆိုရင် ဒီအချိန်လေးကို ကြည်ကြည်နူးနူး ဖြတ်သန်းချင်မှာပဲ။ တကယ်ပဲ ရည်းစားဘဝဟာ စုံတွဲတော်တော်များများအတွက် သာယာကြည်နူးစရာအချိန်လေးပါ။ “ကျွန်မခင်ပွန်းနဲ့ ရည်းစားဖြစ်တဲ့အချိန်ဟာ ဘဝမှာ အပျော်ရဆုံး အချိန်တွေထဲက တစ်ချိန်ပါ။ အရေးကြီးကိစ္စတွေ အတူတူ ဆွေးနွေးတိုင်ပင်ကြတယ်။ ရယ်မောကြတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျမှန်း သေချာသွားချိန်မှာ သိပ်ပျော်တယ်” လို့ အီသီယိုးပီးယားနိုင်ငံက ညီအစ်မ ဆီယောန် a ပြောတယ်။

“ရည်းစားဘဝမှာ ကျွန်တော့်ဇနီးအကြောင်း လေ့လာရတာ ကြည်နူးစရာလေး။ ဒါပေမဲ့ အခက်အခဲတွေလည်း ရှိတော့ ရှိတာပေါ့ဗျာ” လို့ နယ်သာလန်နိုင်ငံက ညီအစ်ကို အလက်ရှို ပြောတယ်။ ရည်းစားဘဝမှာ ကြုံရနိုင်တဲ့ အခက်အခဲတချို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးမယ့် ကျမ်းစာအခြေခံမူတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ သမီးရည်းစားစုံတွဲတွေကို အသင်းတော်မှာ ရှိသူတွေ ကူညီနိုင်ပုံကိုလည်း သုံးသပ်သွားပါမယ်။

ရည်းစားထားတဲ့ ရည်ရွယ်ချက်

၃။ ရည်းစားထားတဲ့ ရည်ရွယ်ချက်က ဘာလဲ။ (ပညာအလိမ္မာ ၂၀:၂၅)

ရည်းစားဘဝဟာ သာယာကြည်နူးစရာကောင်းပေမဲ့ လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အထိ ဖြစ်နိုင်တာမို့ သိပ်အရေးကြီးတယ်။ အသက်ရှင်သရွေ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်လေးစားသွားပါ့မယ်ဆိုပြီး မင်္ဂလာပွဲမှာ သတို့သားနဲ့ သတို့သမီးဟာ ယေဟောဝါဘုရားရှေ့ သစ္စာကတိပြုကြရတယ်။ ဘာသစ္စာကတိပဲဖြစ်ဖြစ် မပြုခင် သေသေချာချာ စဉ်းစားသုံးသပ်သင့်တယ်။ (ပညာအလိမ္မာ ၂၀:၂၅ ကို ဖတ်ပါ။) အိမ်ထောင်ရေး သစ္စာကတိလည်း အဲဒီလိုပဲ။ ရည်းစားထားတာက တစ်ယောက်အကြောင်း တစ်ယောက် သိဖို့၊ ဆုံးဖြတ်ချက်ကောင်း ချဖို့ အခွင့်အရေး ရစေတယ်။ ဆုံးဖြတ်ချက်ကောင်းလို့ ပြောတဲ့အခါ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သလို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ လမ်းခွဲတာဟာ ရှုံးနိမ့်တာ မဟုတ်ပါဘူး။ လက်ထပ်သင့်၊ မသင့် ဆုံးဖြတ်ချက်ကောင်း ချနိုင်ခဲ့လို့ ရည်းစားထားတဲ့ ရည်ရွယ်ချက် အထမြောက်ပါတယ်။

၄။ ရည်းစားထားတာနဲ့ပတ်သက်ပြီး ဘာကြောင့် အမြင်မှန် ရှိသင့်သလဲ။

ရည်းစားထားတာနဲ့ပတ်သက်ပြီး တစ်ကိုယ်ရေတွေ အမြင်မှန် ရှိသင့်တယ်။ အမြင်မှန်သာ ရှိရင် လက်ထပ်ဖို့ ရည်ရွယ်ချက် မရှိဘဲ ရည်းစားထားမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ကိုယ်ရေတွေပဲ အမြင်မှန် ရှိရမှာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး အမြင်မှန် ရှိသင့်တယ်။ ဥပမာ၊ လူနှစ်ယောက် ရည်းစားဖြစ်ပြီဆိုရင် ယူကို ယူရမယ်လို့ တချို့ တွေးကြတယ်။ ဒါက တစ်ကိုယ်ရေ ခရစ်ယာန်တွေအပေါ် ဘာသက်ရောက်မှု ရှိသလဲ။ “ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မတစ်ယောက် ရည်းစားဖြစ်ပြီဆိုရင် ယူဖို့ ဝိုင်းတွန်းကြပြီ။ ဒါကြောင့် စုံတွဲတချို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါလျက်နဲ့ ဆက်တွဲနေကြရော။ တချို့ကျတော့ ရည်းစားထားကို မထားတော့တာ။ ဖိအားပေးခံရတာက တကယ် စိတ်ရှုပ်စရာကောင်းတယ်” လို့ အမေရိကန်ပြည်ထောင်စုက တစ်ကိုယ်ရေ ညီအစ်မ မလစ်ဆာ ပြောတယ်။

တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိအောင် လုပ်ပါ

၅-၆။ တစ်ယောက်အကြောင်း တစ်ယောက် ဘာတွေ သိအောင် လုပ်သင့်သလဲ။ (၁ ပေတရု ၃:၄)

သင် ရည်းစားထားနေတယ်ဆိုရင် လက်ထပ်သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့ ဘာလုပ်ရမလဲ။ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိအောင် လုပ်ပါ။ ရည်းစားမဖြစ်ခင် သူ့အကြောင်း နည်းနည်းပါးပါး သိထားပြီးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုဆိုရင် သူ့ “စိတ်ထား” ဘယ်လို ရှိသလဲဆိုတာ လေ့လာဖို့ အခွင့်အရေး ရှိလာပြီ။ (၁ ပေတရု ၃:၄ ကို ဖတ်ပါ။) သူ့ရဲ့ ဘုရားရေးရာ အခြေအနေ၊ စရိုက်၊ စဉ်းစားတွေးခေါ်ပုံကို ပိုသိလာရနိုင်တယ်။ ရည်းစားသက်တမ်း ကြာလာတာနဲ့အမျှ ဒီမေးခွန်းတွေရဲ့ အဖြေ သင် ရသင့်တယ်– ‘သူဟာ ငါ့အတွက် အိမ်ထောင်ဖက်ကောင်း ဖြစ်လာမလား။’ (ပညာ. ၃၁:၂၆၊ ၂၇၊ ၃၀။ ဧ. ၅:၃၃။ ၁ တိ. ၅:၈) ‘ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ဂရုစိုက်ပေးနိုင်မလား။ အားနည်းချက်တွေ သည်းခံနိုင်မလား။’ (ရော. ၃:၂၃) တစ်ယောက်အကြောင်း တစ်ယောက် သိလာတာနဲ့အမျှ သတိရ,ရမှာ ရှိတယ်။ လိုက်ဖက်ညီတယ်ဆိုတာ နှစ်ယောက်သား ဘယ်လောက် အသွင်တူသလဲဆိုတာနဲ့ မတိုင်းတာဘူး။ အသွင်မတူတာတွေကို ဘယ်လောက် ညှိနှိုင်းယူနိုင်သလဲဆိုတာနဲ့ တိုင်းတာတယ်။

ရည်းစားဘဝမှာ နောက်ထပ် ဘာတွေ သိအောင် လုပ်သင့်သလဲ။ ပုံအောပြီး မချစ်လိုက်ခင်မှာ အနာဂတ် ပန်းတိုင်လိုမျိုး အရေးကြီးကိစ္စတချို့ ဆွေးနွေးချင်ကြမှာပါ။ ကျန်းမာရေး၊ ငွေကြေး အရှုပ်အရှင်း၊ အတိတ်ဆိုး စတဲ့ အတွင်းကျကျ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကော။ ရည်းစားဖြစ်ခါစမှာ ကိစ္စအားလုံး ဆွေးနွေးဖို့ မလိုပါဘူး။ (ယောဟန် ၁၆:၁၂ နဲ့ နှိုင်းယှဉ်ပါ။) အတွင်းကျကျ မေးခွန်းတချို့ကို ဖြေဖို့ စောလွန်းသေးတယ်လို့ ခံစားရရင် အဲဒီလို ခံစားရတဲ့အကြောင်း သူ့ကို ပြောပြပါ။ ဒါပေမဲ့ သူ ဆုံးဖြတ်ချက် တစ်ခုခု ချနိုင်ဖို့ဆိုရင် တစ်ချိန်ချိန်မှာတော့ ဒီအကြောင်းတွေ ပြောကို ပြောပြရမှာ။ အဲဒီအချိန် ရောက်လာတဲ့အခါ မခြွင်းမချန် ပြောပြပါ။

၇။ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် ဘယ်လို လုပ်နိုင်မလဲ။ (“ အဝေးရောက် ချစ်သူတွေ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

သူ့အတွင်းစိတ်ကို သိအောင် ဘယ်လို လုပ်နိုင်မလဲ။ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုပါ။ မေးခွန်းတွေ မေးပါ။ နားထောင်ပေးပါ။ (ပညာ. ၂၀:၅။ ယာ. ၁:၁၉) စကားပြောဖို့ အခွင့်အရေး ရစေမယ့်အရာတွေ အတူတူ လုပ်ပါ။ ဥပမာ၊ လူအများ ရှိတဲ့နေရာမှာ အတူတူ စားသောက်တာ၊ လမ်းလျှောက်ထွက်တာ၊ အမှုဆောင်တာလိုမျိုးပေါ့။ မိသားစု၊ မိတ်ဆွေတွေနဲ့ ပေါင်းသင်းချိန်မှာလည်း တစ်ယောက်အကြောင်း တစ်ယောက် သိလာနိုင်တယ်။ အခြေအနေ အမျိုးမျိုးမှာ၊ လူအမျိုးမျိုးနဲ့ ဆက်ဆံရာမှာ သူ ဘယ်လို ပြုမူသလဲ သိခွင့်ရစေမယ့် အခြေအနေလေးတွေ ဖန်တီးပါ။ နယ်သာလန်နိုင်ငံက ညီအစ်ကို အက်ရှ်ဝင် ဘာလုပ်သလဲ မှတ်သားပါ။ အလီရှာနဲ့ ရည်းစားဘဝအကြောင်း ဒီလိုပြောတယ်– “တစ်ယောက်အကြောင်း တစ်ယောက် သိခွင့်ရစေမယ့် အခြေအနေလေးတွေ ဖန်တီးကြတယ်။ ရိုးရိုးလေးပါပဲ။ အတူတူ ချက်ပြုတ်ကြတယ်။ တခြား အတူတူ လုပ်လို့ ရတာလေးတွေ လုပ်ကြတယ်။ အဲဒီလိုအချိန်တွေမှာ အချင်းချင်းရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေ မြင်လာရတယ်။”

စကားပြောဖို့ အခွင့်အရေး ရစေမယ့်အရာတွေ အတူတူ လုပ်တဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာနိုင် (စာပိုဒ် ၇-၈ ကို ကြည့်ပါ)


၈။ အတူတူ ကျမ်းစာလေ့လာတဲ့အခါ ဘာအကျိုးရနိုင်သလဲ။

အတူတူ ကျမ်းစာလေ့လာရင်းနဲ့လည်း တစ်ယောက်အကြောင်း တစ်ယောက် သိလာနိုင်တယ်။ လက်ထပ်ပြီးသွားရင် မိသားစု ဝတ်ပြုမှုအတွက် အချိန်ပေးကြရမယ်။ ဒါမှ ကိုယ့်အိမ်ထောင်မှာ ဘုရားက နံပါတ်တစ် ဖြစ်နေမှာ။ (ဒေ. ၄:၁၂) ဒါကြောင့် ရည်းစားဘဝကတည်းက အချိန်ပေးပြီး အတူတူ ကျမ်းစာလေ့လာပါ။ သမီးရည်းစားတွေဟာ မိသားစု မဖြစ်သေးတာ၊ ညီအစ်ကိုဟာ ညီအစ်မရဲ့ ဦးခေါင်း မဖြစ်သေးတာ မှန်ပါတယ်။ ဒါပေမဲ့ အတူတူ ကျမ်းစာ မှန်မှန် လေ့လာတဲ့အခါ အချင်းချင်းရဲ့ ဘုရားရေးရာ အခြေအနေ သိလာနိုင်တယ်။ အကျိုးကျေးဇူး နောက်တစ်ခုကို အမေရိကန်ပြည်ထောင်စုက ညီအစ်ကို မက်စ်နဲ့ ညီအစ်မ လေဇာတို့ စုံတွဲ သတိထားမိကြတယ်။ “ရည်းစား၊ အိမ်ထောင်၊ မိသားစုဘဝနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းစာပေတွေကို ရည်းစားဖြစ်ခါစမှာ လေ့လာကြတယ်။ အဲဒီလိုလေ့လာတော့ ဒီအတိုင်းသာဆိုရင် ပြောဖြစ်မှာ မဟုတ်တဲ့ အရေးကြီး ကိစ္စတော်တော်များများ ပြောဖို့ လမ်းကြောင်းပွင့်သွားတယ်” လို့ မက်စ် ပြောတယ်။

နောက်ထပ် ထည့်စဉ်းစားရမယ့် အချက်တွေ

၉။ ရည်းစားထားနေပြီဆိုတာ ဘယ်သူတွေကို အသိပေးမလဲ ဆုံးဖြတ်တဲ့အခါ ဘယ်အချက်တွေ ထည့်စဉ်းစားသင့်သလဲ။

ရည်းစားထားနေပြီဆိုတာ ဘယ်သူတွေကို အသိပေးသင့်သလဲ။ ဒါ နှစ်ယောက်သား ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ရည်းစားဖြစ်ခါစမှာ လူနည်းနည်းလောက်ကိုပဲ အသိပေးဖို့ ဆုံးဖြတ်နိုင်ပါတယ်။ (ပညာ. ၁၇:၂၇) လူနည်းနည်းပဲ သိတော့ ဖိအားတွေ၊ မေးခွန်းတွေ သိပ်မများတော့ဘူး။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အသိပေးမထားရင် လူသိမှာ ကြောက်ပြီး ပုန်းလျှိုးကွယ်လျှိုး ချိန်းတွေ့မိနိုင်တယ်။ ဒါ သိပ်အန္တရာယ်ရှိတယ်။ ဒါကြောင့် အကြံကောင်း ပေးနိုင်မယ့်သူ၊ လက်တွေ့ကျကျ ကူညီပေးနိုင်မယ့်သူတွေလောက်ကိုတော့ အသိပေးထားတာ ပညာရှိရာကျတယ်။ (ပညာ. ၁၅:၂၂) ဥပမာ၊ မိသားစုဝင်တချို့၊ ရင့်ကျက်တဲ့ မိတ်ဆွေတချို့ ဒါမှမဟုတ် အကြီးအကဲတချို့ကို အသိပေးထားနိုင်တယ်။

၁၀။ လူရှေ့၊ ဘုရားရှေ့ သိက္ခာရှိတဲ့ ဆက်ဆံရေး ဘယ်လို ဖြစ်စေနိုင်သလဲ။ (ပညာအလိမ္မာ ၂၂:၃)

၁၀ လူရှေ့၊ ဘုရားရှေ့ သိက္ခာရှိတဲ့ ဆက်ဆံရေး ဘယ်လို ဖြစ်စေနိုင်သလဲ။ ခံစားချက်ချင်း နီးစပ်လာတဲ့အခါ လူချင်း နီးကပ်ချင်လာတာ သဘာဝပါပဲ။ ကိုယ်ကျင့်တရား စင်ကြယ်နေဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ ကော. ၆:၁၈) မတော်တရော်စကားတွေ မပြောပါနဲ့။ နှစ်ယောက်တည်း မနေပါနဲ့။ အလွန်အကျွံ မသောက်စားပါနဲ့။ (ဧ. ၅:၃) ဒါတွေက လိင်စိတ် ကြွစေနိုင်လို့၊ မှန်ရာ လုပ်ဖို့ ခက်စေနိုင်လို့ပါ။ ဒါကြောင့် အချင်းချင်းကို၊ ဘုရားစံနှုန်းတွေကို လေးစားတဲ့အနေနဲ့ ဘယ်လို စည်းလေးတွေ ထားမယ်ဆိုတာ ပုံမှန် တိုင်ပင်ပါ။ (ပညာအလိမ္မာ ၂၂:၃ ကို ဖတ်ပါ။) အီသီယိုးပီးယားနိုင်ငံက ညီအစ်ကို ဒါဝတ်နဲ့ ညီအစ်မ အောမက်ဇ်ကို ဘာက ကူညီပေးသလဲ မှတ်သားပါ။ “လူအများ ရှိတဲ့နေရာ၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေ ပါတဲ့နေရာမှာပဲ တွေ့တယ်။ ကားထဲ၊ အိမ်ထဲမှာ နှစ်ယောက်တည်း ဘယ်တော့မှ မနေဘူး။ ဒါကြောင့် သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေ ရှောင်နိုင်ခဲ့တာ” လို့ ပြောကြတယ်။

၁၁။ ချစ်ခင်ယုယကြောင်း ပြတဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ဘယ်အချက်တွေ ထည့်စဉ်းစားသင့်သလဲ။

၁၁ ချစ်ခင်ယုယကြောင်း ပြတဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီးတော့ကော။ ချစ်သူနှောင်ကြိုး ခိုင်မြဲလာတာနဲ့အမျှ ချစ်ခင်ယုယကြောင်း သင့်တော်တဲ့ နည်းတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ လိင်စိတ် ပြင်းပြလာရင် တစ်ဖက်လူနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ဖို့ ခက်သွားနိုင်တယ်။ (သီ. ၁:၂။ ၂:၆) မချုပ်တည်းနိုင်တော့ဘဲ လွယ်လွယ်ကူကူ အမှားလုပ်မိသွားနိုင်တယ်။ (ပညာ. ၆:၂၇) ဒါကြောင့် ကျမ်းစာအခြေခံမူတွေနဲ့အညီ ချစ်ခင်ယုယမှုကို ဘယ်လို ပြမယ်၊ ဘယ်လို မပြဘူးဆိုတာ ရည်းစားဖြစ်ခါစမှာ စည်းလေးတွေ သတ်မှတ်ထားပါ။ b (၁ သက်. ၄:၃-၇) ‘ငါတို့နှစ်ယောက်ရဲ့ ချစ်ခင်ယုယတဲ့ အပြုအမူတွေကို ငါတို့ဒေသက လူတွေ ဘယ်လို မြင်ကြမလဲ။ ဒီလိုအပြုအမူတွေက ငါ့ကို ဒါမှမဟုတ် သူ့ကို လိင်စိတ် ကြွလာစေမလား’ လို့ နှစ်ယောက်သား စဉ်းစားကြည့်ပါ။

၁၂။ ရည်းစားဘဝမှာ ပြဿနာတွေ၊ သဘောထား ကွဲလွဲမှုတွေ ရှိရင် ဘာတွေ ထည့်စဉ်းစားသင့်သလဲ။

၁၂ ပြဿနာတွေ၊ သဘောထား ကွဲလွဲမှုတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ။ တစ်ခါတလေ သဘောထား ကွဲလွဲတာဟာ လက်တွဲဖို့ အဆင်မပြေတဲ့ သဘောလား။ မဟုတ်ပါဘူး။ သဘောထား မကွဲလွဲတဲ့ စုံတွဲရယ်လို့ မရှိပါဘူး။ အောင်မြင်သာယာတဲ့ အိမ်ထောင်ဆိုတာ အသွင်မတူတာတွေကို ညှိနှိုင်းယူနိုင်တဲ့ လူနှစ်ယောက် ပေါင်းစည်းထားတာ။ ဒါကြောင့် ရည်းစားဘဝမှာ ပြဿနာ ဘယ်လို ဖြေရှင်းသလဲဆိုတာက လက်ထပ်ပြီးရင် အိမ်ထောင် သာယာ၊ မသာယာဆိုတာ ဖော်ပြနေနိုင်တယ်။ ‘ငါတို့ အေးအေးဆေးဆေး၊ လေးလေးစားစား ညှိနှိုင်းတိုင်ပင်လို့ ရသလား။ ကိုယ့်အမှားကိုယ် ရှောရှောရှူရှူ ဝန်ခံသလား။ ကြိုးစားပြင်သလား။ မြန်မြန်ဆန်ဆန် လိုက်လျောတတ်သလား၊ တောင်းပန်သလား၊ ခွင့်လွှတ်သလား’ လို့ နှစ်ယောက်သား စဉ်းစားကြည့်ပါ။ (ဧ. ၄:၃၁၊ ၃၂) ဒါပေမဲ့ ရည်းစားဘဝမှာ တကျက်ကျက် စကားများရန်ဖြစ်တယ်၊ တစ်ချိန်လုံး သဘောထား ကွဲလွဲတယ်ဆိုရင်တော့ လက်ထပ်ပြီးရင်လည်း အခြေအနေ ထူးလာမယ့်ပုံ မပေါ်ဘူး။ အဆင်မပြေနိုင်မှန်း သိရင် လမ်းခွဲတာဟာ နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ c

၁၃။ ရည်းစားသက်တမ်း ဘယ်လောက် ကြာသင့်သလဲ ဆုံးဖြတ်နိုင်ဖို့ ဘယ်အချက်တွေက ကူညီပေးမလဲ။

၁၃ ရည်းစားသက်တမ်း ဘယ်လောက် ကြာသင့်သလဲ။ အလျင်စလို ဆုံးဖြတ်ရင် ဆိုးကျိုးတွေ ကြုံရတတ်တယ်။ (ပညာ. ၂၁:၅) ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိဖို့ အချိန် အလုံအလောက် ယူသင့်တယ်။ မလိုအပ်ဘဲတော့ အချိန်မဆွဲသင့်ဘူး။ “မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၁၃:၁၂) ဒါ့အပြင် ရည်းစားသက်တမ်း ကြာလေ လိင်အကျင့်ယိုယွင်းစေနိုင်တဲ့ သွေးဆောင်မှုတွေ တွန်းလှန်ရခက်လေ ဖြစ်နိုင်တယ်။ (၁ ကော. ၇:၉) ရည်းစားသက်တမ်းဟာ အဓိက မဟုတ်ပါဘူး။ ‘ဆုံးဖြတ်ချက် ချနိုင်ဖို့ဆိုရင် သူနဲ့ပတ်သက်ပြီး ငါ ဘာသိဖို့ လိုနေသေးသလဲ’ လို့သာ စဉ်းစားပါ။

သမီးရည်းစားစုံတွဲတွေကို ဘယ်လို ကူညီနိုင်သလဲ

၁၄။ သမီးရည်းစားစုံတွဲတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မတစ်ယောက် ရည်းစားဖြစ်နေပြီဆိုတာ သိရင် ဘယ်လို ကူညီပေးနိုင်သလဲ။ အတူတူ စားသောက်ဖို့၊ မိသားစု ဝတ်ပြုမှုမှာ ပါဝင်ဖို့၊ အပန်းဖြေဖို့ ဖိတ်နိုင်တယ်။ (ရော. ၁၂:၁၃) ဒါဆိုရင် တစ်ယောက်အကြောင်း တစ်ယောက် သူတို့ ပိုသိလာနိုင်ကြမယ်။ သူတို့ ချိန်းတွေ့တဲ့အခါ အဖော်လိုက်ပေးနိုင်တယ်။ အကြိုအပို့ လုပ်ပေးနိုင်တယ်။ သူတို့ချင်း သီးသန့် စကားပြောနိုင်ဖို့ အိမ်ကို ဖိတ်နိုင်တယ်။ (ဂလ. ၆:၁၀) “အတူတူလည်း ရှိချင်တယ်၊ နှစ်ယောက်တည်း ဖြစ်နေမှာလည်း စိုးတယ်ဆိုရင် အိမ်လာခဲ့ပါလို့ ညီအစ်ကို/မတချို့ ပြောကြတယ်။ အဲဒီလိုပြောပေးလို့ သိပ်ပျော်တာပဲ” ဆိုပြီး ကိုယ်တိုင်နဲ့ အက်ရှ်ဝင် ကျေးဇူးတင်မိတဲ့အချက်ကို အစောပိုင်းမှာ ဖော်ပြတဲ့ အလီရှာ ပြောတယ်။ ချိန်းတွေ့တဲ့နေရာ အဖော်လိုက်ပေးဖို့ တောင်းဆိုခံရရင် မိတ်ဆွေတွေကို ကူညီပေးနိုင်တဲ့ အခွင့်ထူးလို့ သဘောထားပါ။ နှစ်ယောက်တည်းတော့ လွှတ်မထားပါနဲ့။ တစ်ချိန်တည်းမှာ သူတို့ချင်း သီးသန့် စကားပြောဖို့ လိုတယ်ဆိုတာလည်း သိထားပေးပါ။—ဖိ. ၂:၄

သမီးရည်းစားစုံတွဲတွေကို လက်တွေ့ကျကျ ကူညီနိုင် (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)


၁၅။ သမီးရည်းစားစုံတွဲတွေကို ဘယ်လို ကူညီနိုင်သေးသလဲ။ (ပညာအလိမ္မာ ၁၂:၁၈)

၁၅ ပြောသင့်တာ ပြောပြီး မပြောသင့်တာ မပြောတာကလည်း သမီးရည်းစားစုံတွဲတွေကို ကူညီရာရောက်တယ်။ ချုပ်တည်းမှု ပြရမယ့်အချိန်တွေ ရှိတယ်။ (ပညာအလိမ္မာ ၁၂:၁၈ ကို ဖတ်ပါ။) ဥပမာ၊ ဘယ်သူနဲ့ ဘယ်သူကတော့ ရည်းစားဖြစ်နေပြီဆိုတာ တခြားသူတွေကို ကျွန်တော်တို့ ပြောပြချင်နိုင်တယ်။ ဒါပေမဲ့ စုံတွဲတွေအနေနဲ့ ကိုယ်တိုင် အသိပေးချင်နိုင်တယ်။ ဒါ့အပြင် သမီးရည်းစားစုံတွဲတွေအကြောင်း အတင်းအဖျင်း မပြောသင့်ဘူး။ အတွင်းရေး မဝေဖန်သင့်ဘူး။ (ပညာ. ၂၀:၁၉။ ရော. ၁၄:၁၀။ ၁ သက်. ၄:၁၁) လက်ထပ်ဖို့ ဖိအားပေးရာရောက်တဲ့ စကားတွေ မပြောသင့်ဘူး၊ မေးခွန်းတွေ မမေးသင့်ဘူး။ “မင်္ဂလာဆောင်ဖို့ နှစ်ယောက်သား မတိုင်ပင်ရသေးခင် လူတွေ ဝိုင်းဝိုင်းမေးကြတဲ့အခါ နေရခက်ခဲ့တယ်” လို့ ညီအစ်မ အယ်လီဇာတို့ ဇနီးမောင်နှံ ပြောတယ်။

၁၆။ သမီးရည်းစားစုံတွဲတွေ လမ်းခွဲလိုက်တဲ့အခါ တခြားသူတွေ ဘယ်လို တုံ့ပြန်သင့်သလဲ။

၁၆ သမီးရည်းစားစုံတွဲတွေ လမ်းခွဲလိုက်ရင်ကော။ စစ်စစ်ပေါက်ပေါက် လိုက်မမေးသင့်ဘူး။ တစ်ဖက်ဖက်ကို အပြစ်မတင်သင့်ဘူး။ (၁ ပေ. ၄:၁၅) “ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်မ လမ်းခွဲရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး တခြားသူတွေ ဟိုပြောဒီပြော ပြောတာ ပြန်ကြားတယ်။ တကယ် စိတ်မကောင်းဘူး” လို့ ညီအစ်မ လေယာ ပြောတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့သလို လမ်းခွဲတာဟာ ရှုံးနိမ့်တာ မဟုတ်ပါဘူး။ လက်ထပ်သင့်၊ မသင့် ဆုံးဖြတ်ချက်ကောင်း ချနိုင်ခဲ့လို့ ရည်းစားထားတဲ့ ရည်ရွယ်ချက် အထမြောက်ပါတယ်။ ဒါပေမဲ့ လမ်းခွဲလိုက်လို့ သူတို့ ခံစားနေရနိုင်တယ်။ အထီးကျန်နေနိုင်တယ်။ ဒါကြောင့် သူတို့ကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ရှာပါ။—ပညာ. ၁၇:၁၇

၁၇။ သမီးရည်းစားစုံတွဲတွေ ဘာဆက်လုပ်သင့်သလဲ။

၁၇ သိခဲ့ရတဲ့အတိုင်း သမီးရည်းစားဘဝဟာ အခက်အခဲတွေ ရှိသလို ကြည်နူးစရာလည်း ကောင်းတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ရည်းစားထားရတာ တော်တော် အလုပ်များတယ်။ ဒါပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက် လေ့လာဖို့ အချိန်ကုန် လူပင်ပန်းခံရကျိုး နပ်ပါတယ်” လို့ ညီအစ်မ ဂျက်ဆီကာ ပြောတယ်။ သင် ရည်းစားထားနေတယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက် သိအောင် ဆက်လုပ်ပါ။ ဒါဆိုရင် နှစ်ယောက်စလုံး ဆုံးဖြတ်ချက်ကောင်း ချနိုင်ပါလိမ့်မယ်။

သီချင်း ၄၉ ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံးစေခြင်း

a အမည်လွှဲများ။

b တခြားသူရဲ့ လိင်အင်္ဂါကို ကိုင်တွယ်ပွတ်သပ်တာဟာ လိင်အကျင့်ယိုယွင်းမှု ပုံစံတစ်မျိုး ဖြစ်တယ်။ အသင်းတော် အကြီးအကဲတွေအနေနဲ့ တရားရေး ကိုင်တွယ်ဖို့ လိုပါတယ်။ ရင်သားကို ကိုင်တွယ်ပွတ်သပ်တာ၊ စာပို့ဖုန်းဆက်ပြီး မတော်တရော်တွေ ပြောတာလည်း အခြေအနေပေါ် မူတည်ပြီး တရားရေး ကိုင်တွယ်ခံရနိုင်တယ်။

c ထပ်သိချင်ရင် ၁၉၉၉၊ ဩဂုတ် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။