လေ့လာရန် ဆောင်းပါး ၂၁

သီချင်း ၅၀ မေတ္တာဆိုင်ရာ စံနမူနာတော်

လက်တွဲဖော် ဖြစ်လောက်မယ့်သူ ဘယ်လို ရှာတွေ့မလဲ

လက်တွဲဖော် ဖြစ်လောက်မယ့်သူ ဘယ်လို ရှာတွေ့မလဲ

“လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးကို ဘယ်သူ ရှာတွေ့နိုင်သလဲ။ သူဟာ သန္တာကျောက်ထက် အဖိုးတန်တယ်။”ပညာ. ၃၁:၁၀

အာရုံစိုက်ရာ

လက်တွဲဖော် ဖြစ်လောက်မယ့်သူ ဟုတ်မဟုတ် သိနိုင်ဖို့ ဘယ်ကျမ်းစာအခြေခံမူတွေက ကူညီပေးမလဲ။ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတဲ့ တစ်ကိုယ်ရေတွေကို အသင်းတော်မှာ ရှိသူတွေ ဘယ်လို ကူညီပေးနိုင်မလဲ။

၁-၂။ (က) တစ်ယောက်ယောက်နဲ့ မချစ်ကြိုက်ခင် ဘယ်အချက်တွေ စဉ်းစားသင့်သလဲ။ (ခ) “သမီးရည်းစားထားတယ်” ဆိုတာ ဘာလဲ။ (“စကားလုံး ရှင်းလင်းချက်” ကို ကြည့်ပါ။)

 သင် အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသလား။ ပျော်ရွှင်မှုဆိုတာ အိမ်ထောင်ပြုမပြုဆိုတာနဲ့ မဆိုင်ပေမဲ့ အသက်ကြီးကြီးငယ်ငယ် တစ်ကိုယ်ရေ ခရစ်ယာန် တော်တော်များများဟာ လက်တွဲဖော်ကောင်း ပိုင်ဆိုင်ချင်ကြတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်နဲ့ မချစ်ကြိုက်ခင် ငွေကြေးပိုင်း၊ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း အသင့်ဖြစ်နေသင့်တယ်။ a (၁ ကော. ၇:၃၆) အသင့်ဖြစ်နေမယ်ဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင် ပိုင်ဆိုင်ရနိုင်ချေ များတယ်။

လက်တွဲဖော် ဖြစ်လောက်မယ့်သူ ရှာတွေ့ဖို့ အမြဲတော့ မလွယ်ဘူး။ (ပညာ. ၃၁:၁၀) သဘောကျတဲ့သူ တွေ့ရင်တောင် သမီးရည်းစားအဆင့် ရောက်ဖို့ ခက်နေနိုင်တယ်။ b လက်တွဲဖော် ဖြစ်လောက်မယ့်သူ ဘယ်လို ရှာတွေ့နိုင်မလဲ၊ သမီးရည်းစားအဆင့် ဘယ်လို တက်နိုင်မလဲ၊ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသူတွေကို အသင်းတော်မှာ ရှိသူတွေ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သင့်တော်တဲ့ လက်တွဲဖော် ရှာခြင်း

၃။ လက်တွဲဖော် ရှာတဲ့အခါ ဘယ်အချက်တွေ စဉ်းစားသင့်သလဲ။

အိမ်ထောင်ပြုဖို့ စိတ်ကူးရှိရင် လက်တွဲဖော်မှာ ရှိစေချင်တဲ့ အရည်အသွေးတွေကို ရည်းစားမထားခင်ကတည်းက စဉ်းစားထားပါ။ c စဉ်းစားမထားရင် ကိုယ်နဲ့ ကိုက်လောက်တဲ့သူကို မျက်စိလျှမ်းသွားတာမျိုး၊ ကိုယ်နဲ့ မကိုက်တဲ့သူကိုမှ ရည်းစားထားမိတာမျိုး ဖြစ်သွားနိုင်တယ်။ ရည်ရွယ်ထားသူဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တော့ ဖြစ်ရမယ်။ (၁ ကော. ၇:၃၉) ဒါပေမဲ့ နှစ်ခြင်းခံပြီးသူတိုင်းလည်း လက်တွဲဖော်ကောင်း မဟုတ်ပြန်ဘူး။ ဒါကြောင့် ‘ငါ ဘာပန်းတိုင်တွေ ရှိသလဲ။ လက်တွဲဖော်မှာ ဘယ်အရည်အသွေးတွေ အဓိက ရှိစေချင်သလဲ။ ငါ့သတ်မှတ်ချက်တွေဟာ အကျိုးသင့်အကြောင်းသင့် ရှိရဲ့လား’ လို့ စဉ်းစားထားပါ။

၄။ လက်တွဲဖော် ရှာတဲ့အခါ တချို့ ဘာဆုတောင်းကြသလဲ။

အိမ်ထောင်ပြု ဖို့ စိတ်ကူးရှိရင် ဒီအကြောင်း သင် ဆုတောင်းထားမှာပဲ။ (ဖိ. ၄:၆) လက်တွဲဖော် ရစေရမယ်လို့တော့ ယေဟောဝါ အာမ,မခံဘူး။ ဒါပေမဲ့ သင့်လိုအပ်ချက်တွေ၊ ခံစားချက်တွေကို ဂရုစိုက်တယ်။ လက်တွဲဖော် ရှာတဲ့အခါ ကူညီပေးနိုင်တယ်။ ဒါကြောင့် ကိုယ့်ဆန္ဒ၊ ခံစားချက်တွေကို ရင်ဖွင့်ပြောပြပါ။ (ဆာ. ၆၂:၈) စိတ်ရှည်မှု၊ ဉာဏ်ပညာ တောင်းခံပါ။ (ယာ. ၁:၅) “လက်တွဲဖော်မှာ ရှိစေချင်တဲ့ အရည်အသွေးတွေကို ယေဟောဝါဆီ ပြောပြတယ်။ သင့်တော်တဲ့သူနဲ့ ဆုံနိုင်မယ့် အခွင့်အရေးတွေ ရလာဖို့၊ ခင်ပွန်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေ ရှိလာဖို့ ကူညီပေးပါလို့ ဆုတောင်းတယ်” ဆိုပြီး အမေရိကန်ပြည်ထောင်စုက တစ်ကိုယ်ရေ ညီအစ်ကို ဂျွန် d ပြောတယ်။ “လက်တွဲဖော် ရှာနေတုန်း ယေဟောဝါကို ဆက်သစ္စာရှိနိုင်အောင်၊ အကောင်းမြင်စိတ်နဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်အောင် ကူညီပေးပါလို့ ဆုတောင်းတယ်” ဆိုပြီး သီရိလင်္ကာနိုင်ငံက ညီအစ်မ တန်ညာ ပြောတယ်။ လက်တွဲဖော် ဖြစ်လောက်မယ့်သူ ချက်ချင်း မတွေ့ရင်တောင် သင့်ကို ဆက်ထောက်မပေးမယ်၊ ဆက်ပျော်ရွှင်နေစေမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—ဆာ. ၅၅:၂၂

၅။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ဘယ်လို ဆုံနိုင်သလဲ။ (၁ ကောရိန္သု ၁၅:၅၈) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

“သခင့်အလုပ်မှာ အမြဲ အလုပ်များနေကြပါ” လို့ ကျမ်းစာ အားပေးတယ်။ (၁ ကောရိန္သု ၁၅:၅၈ ကို ဖတ်ပါ။) ဘုရားအမှုတော်မှာ အလုပ်များနေရင်၊ ညီအစ်ကို/မပေါင်းစုံနဲ့ အချိန်ပေး ပေါင်းသင်းရင် အပေါင်းအသင်းကောင်းတွေ ရလာမယ်။ ကိုယ့်လိုပဲ ဘုရားအမှုတော်ကို အဓိကထားတဲ့ တစ်ကိုယ်ရေတွေနဲ့ ဆုံမယ်။ ယေဟောဝါ စိတ်ရွှင်လန်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေလို့ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရမယ်။

ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေမယ်၊ ညီအစ်ကို/မ ပေါင်းစုံနဲ့ အချိန်ပေး ပေါင်းသင်းမယ်ဆိုရင် အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသူတစ်ယောက်နဲ့ ဆုံနိုင် (စာပိုဒ် ၅ ကို ကြည့်ပါ)


၆။ လက်တွဲဖော် ရှာတဲ့အခါ ဘာသတိထားသင့်သလဲ။

လက်တွဲဖော် ရှာတာကို ဘဝမှာ အရေးကြီးဆုံးအရာတော့ မဖြစ်စေပါနဲ့။ (ဖိ. ၁:၁၀) စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ အိမ်ထောင်ပြုမပြုဆိုတာအပေါ် မမူတည်ဘူး။ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးအပေါ်ပဲ မူတည်တယ်။ (မ. ၅:၃) တစ်ကိုယ်ရေဆိုရင် နောက်ဆံမတင်းဘဲ အမှုဆောင်လုပ်ငန်း တိုးချဲ့ချင်သလောက် တိုးချဲ့နိုင်တယ်။ (၁ ကော. ၇:၃၂၊ ၃၃) တစ်ကိုယ်ရေဘဝ ရထားတုန်း အကောင်းဆုံး အသုံးပြုပါ။ “အိမ်ထောင်ပြုဖို့ စိတ်ကူးရှိပေမဲ့ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေခဲ့လို့ ဘဝက ကျေနပ်စရာပါပဲ” လို့ အသက် ၄၀ နားကပ်မှ အိမ်ထောင်ပြုတဲ့ အမေရိကန်ပြည်ထောင်စုက ညီအစ်မ ဂျက်စီကာ ပြောတယ်။

အချိန်ယူအကဲခတ်ပါ

၇။ ဖွင့်မပြောခင် အချိန်ယူအကဲခတ်တာ ဘာကြောင့် ပညာရှိသလဲ။ (ပညာအလိမ္မာ ၁၃:၁၆)

လက်တွဲဖော် ဖြစ်လောက်မယ့်သူ တွေ့ပြီလို့ ထင်ရင်ကော ချက်ချင်း ဖွင့်ပြောသင့်သလား။ ပညာရှိသူဟာ တစ်ခုခု မဆုံးဖြတ်ခင် သိစရာ ရှိတာ သိအောင် လုပ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ပညာအလိမ္မာ ၁၃:၁၆ ကို ဖတ်ပါ။) ဒါကြောင့် ဖွင့်မပြောခင် အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာအကဲခတ်တာ ပညာရှိတယ်။ “ခံစားချက်ဆိုတာ ပေါ်လွယ်ပျောက်လွယ်တယ်။ ဒါကြောင့် အချိန်ယူအကဲခတ်ပါ။ ဒါဆိုရင် တစ်ခဏ ရင်ခုန်သွားတာကြောင့် ချိန်းတွေ့တာမျိုး မဖြစ်တော့ဘူး” လို့ နယ်သာလန်နိုင်ငံက ညီအစ်ကို အက်ရှ်ဝင် ပြောတယ်။ အကဲခတ်ရင်း ကိုယ်နဲ့ ကိုက်လောက်မယ့်သူ မဟုတ်မှန်း သိသွားတာလည်း ဖြစ်နိုင်တယ်။

၈။ လက်တွဲဖော် ဖြစ်လောက်မယ့်သူ ဟုတ်မဟုတ် ဘယ်လို အကဲခတ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

မသိမသာ ဘယ်လို အကဲခတ်နိုင်သလဲ။ အသင်းတော် အစည်းအဝေးတွေမှာ၊ စုဆုံပေါင်းသင်းမှုတွေမှာ သူ့ရဲ့ ဘုရားရေးရာအခြေအနေ၊ အကျင့်စာရိတ္တ၊ အပြုအမူတွေကို သတိထားကြည့်ပါ။ ဘယ်သူတွေနဲ့ မိတ်ဖွဲ့သလဲ။ ဘာအကြောင်းတွေ ပြောသလဲ။ (လု. ၆:၄၅) ကိုယ်နဲ့ ပန်းတိုင် တူသလား။ သူ့အသင်းတော် အကြီးအကဲတွေ၊ သူ့အကြောင်း ကောင်းကောင်း သိတဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေကို တီးခေါက်ကြည့်ပါ။ (ပညာ. ၂၀:၁၈) သူ ဘယ်လို နာမည်မျိုး ရထားသလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ မေးကြည့်ပါ။ (ရု. ၂:၁၁) အကဲခတ်တဲ့အခါ တစ်ဖက်လူ နေရမခက်ပါစေနဲ့။ တစ်ချိန်လုံး ရစ်သီရစ်သီ မလုပ်ပါနဲ့။ သူ့ခံစားချက်၊ အတွင်းရေးကိစ္စတွေကို လေးစားပါ။

ဖွင့်မပြောခင် အချိန်အတိုင်းအတာတစ်ခုအထိ မသိမသာ အကဲခတ်ပါ (စာပိုဒ် ၇-၈ ကို ကြည့်ပါ)


၉။ မပိုးပန်းခင် ဘာသေချာနေသင့်သလဲ။

ဖွင့်မပြောခင် ဘယ်လောက်ကြာကြာ အကဲခတ်သင့်သလဲ။ စောစောစီးစီး ဖွင့်ပြောရင် လေးလေးနက်နက် မဆုံးဖြတ်သူလို့ အထင်ခံရနိုင်တယ်။ (ပညာ. ၂၉:၂၀) ကြာနေပြန်ရင်လည်း ပြတ်ပြတ်သားသား မဆုံးဖြတ်သူလို့ အထင်ခံရနိုင်တယ်။ အထူးသဖြင့် ကိုယ်စိတ်ဝင်စားနေတာ သူ ရိပ်မိရင်ပေါ့။ (ဒေ. ၁၁:၄) သူ့ကိုပဲ လက်ထပ်မယ်ဆိုပြီး မပိုးပန်းခင် သေချာနေစရာ မလိုဘူးဆိုတာ သတိရပါ။ လက်ထပ်မယ်ဆိုရင် ကိုယ့်ဘက်က အသင့်ဖြစ်နေတယ်၊ သူဟာ လက်တွဲဖော် ဖြစ်လောက်တယ်ဆိုတာတော့ သေချာနေရမယ်။

၁၀။ ကိုယ့်ကို ကြိုက်နေသူကို ပြန်မကြိုက်နိုင်ရင် ဘာလုပ်သင့်သလဲ။

၁၀ ကိုယ့်ကို တစ်ယောက်ယောက် ကြိုက်နေတာ ရိပ်မိရင် ဘာလုပ်သင့်သလဲ။ ပြန်မကြိုက်နိုင်ရင် ကိုယ့်အပြုအမူတွေ ပြတ်သားနေပါစေ။ ပြန်မကြိုက်နိုင်ဘဲ မျှော်လင့်ချက် ပေးတာ အကြင်အနာ မဲ့ရာရောက်တယ်။—၁ ကော. ၁၀:၂၄။ ဧ. ၄:၂၅

၁၁။ ရည်းစား၊ အိမ်ထောင်ဖက် စပ်ပေးတော့မယ်ဆိုရင် ဘာတွေ သေသေချာချာ ထည့်စဉ်းစားသင့်သလဲ။

၁၁ ဒေသတချို့မှာ တစ်ကိုယ်ရေတွေကို မိဘတွေ၊ တခြားအရွယ်ရောက်သူတွေက အိမ်ထောင်ချပေးကြတယ်။ ဒေသတချို့မှာတော့ မိဘတွေ၊ မိတ်ဆွေတွေက အောင်သွယ်ပေးကြတယ်။ လူချင်းတွေ့ကြည့်ဖို့ စီစဉ်ပေးကြတယ်။ ရည်းစား၊ အိမ်ထောင်ဖက် စပ်ပေးဖို့ တောင်းဆိုခံရရင် နှစ်ဦးနှစ်ဖက်ရဲ့ အကြိုက်တွေ၊ တောင်းဆိုချက်တွေ ထည့်စဉ်းစားပါ။ သင့်တော်တဲ့သူ တွေ့ပြီလို့ ထင်ရင် သူ့ရဲ့ စရိုက်၊ အရည်အသွေး၊ အရေးကြီးဆုံးကတော့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိမရှိ သိအောင် လုပ်ပါ။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိတာက ငွေကြေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်းထက် အများကြီး ပိုအရေးကြီးတယ်။ အိမ်ထောင်ပြုမပြု ဆုံးဖြတ်ရမှာ တစ်ကိုယ်ရေ ညီအစ်ကိုနဲ့ ညီအစ်မရဲ့ တာဝန် ဖြစ်တယ်ဆိုတာကိုတော့ သတိရပါ။—ဂလ. ၆:၅

သမီးရည်းစားဘဝ အစပြုခြင်း

၁၂။ ကိုယ်စိတ်ဝင်စားနေသူကို ဘယ်လို ဖွင့်ပြောမလဲ။

၁၂ တွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဘယ်လို ဖွင့်ပြောမလဲ။ e လူအများ ရှိတဲ့နေရာမှာဖြစ်ဖြစ်၊ ဖုန်းနဲ့ဖြစ်ဖြစ် စကားပြောဖို့ စီစဉ်နိုင်တယ်။ ကိုယ်စိတ်ဝင်စားနေကြောင်း၊ သူ့အကြောင်း ပိုသိချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပါ။ (၁ ကော. ၁၄:၉) သူ စဉ်းစားဖို့ အချိန်လိုရင် အချိန်ပေးပါ။ (ပညာ. ၁၅:၂၈) အငြင်းခံရရင် သူ့ခံစားချက်ကို လေးစားပါ။

၁၃။ စိတ်ဝင်စားကြောင်း ဖွင့်ပြောခံရရင် ဘာလုပ်နိုင်သလဲ။ (ကောလောသဲ ၄:၆)

၁၃ ကိုယ်က ဖွင့်ပြောခံရသူဆိုရင်ကော။ သတ္တိမွေးပြီး ကိုယ့်ကို လာဖွင့်ပြောတာ ဖြစ်လို့ ထောက်ထားပါ။ လေးလေးစားစား ရှိပါ။ (ကောလောသဲ ၄:၆ ကို ဖတ်ပါ။) စဉ်းစားဖို့ အချိန်လိုရင် လိုကြောင်း ပြောပါ။ ဒါပေမဲ့ မြန်နိုင်သမျှ မြန်မြန် အဖြေပေးပါ။ (ပညာ. ၁၃:၁၂) ကိုယ်စိတ်မဝင်စားရင် စိတ်မဝင်စားကြောင်း ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ပြောပါ။ “ကျွန်တော့်ခံစားချက်ကို ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ချက်ချင်း ပြောပြလိုက်တယ်။ ကြိုးရှည်ရှည်နဲ့ လံမထားချင်လို့ပါ။ အဲဒီနောက်ပိုင်းမှာလည်း စိတ်ပြောင်းသလိုလို မပြောမိမလုပ်မိဖို့ သတိထားတယ်” လို့ ဩစတြီးယားနိုင်ငံက ညီအစ်ကို ဟန့်စ် ပြောတယ်။ ကိုယ့်ဘက်ကလည်း စိတ်ဝင်စားတယ်ဆိုရင်တော့ သမီးရည်းစားဘဝနဲ့ပတ်သက်ပြီး ကိုယ် ဘယ်လို သဘောထားတယ်၊ ဘာတွေ တောင်းဆိုချင်တယ်ဆိုတာ ပြောပြပါ။ ယဉ်ကျေးမှုနောက်ခံ၊ တခြားအကြောင်းရင်းတွေကြောင့် ကိုယ့်တောင်းဆိုချက်နဲ့ သူ့တောင်းဆိုချက် ကွာနိုင်တယ်။

တစ်ကိုယ်ရေ ခရစ်ယာန်တွေကို တခြားသူတွေ ဘယ်လို ကူညီနိုင်မလဲ

၁၄။ ကိုယ့်အပြောအဆိုအားဖြင့် တစ်ကိုယ်ရေတွေကို ဘယ်လို ကူညီနိုင်သလဲ။

၁၄ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတဲ့ တစ်ကိုယ်ရေ ခရစ်ယာန်တွေကို ဘယ်လို ကူညီနိုင်မလဲ။ တစ်နည်းကတော့ အပြောအဆို ဆင်ခြင်ခြင်းအားဖြင့်ပါ။ (ဧ. ၄:၂၉) ‘အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသူတွေကို ငါ မထိတထိ စသလား။ တစ်ကိုယ်ရေ ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မတစ်ယောက် စကားပြောတာ တွေ့တာနဲ့ပဲ ကြိုက်နေကြပြီလို့ ယူဆသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (၁ တိ. ၅:၁၃) ဒါ့အပြင် အိမ်ထောင်မပြုတာနဲ့ပဲ လူဖြစ်ရှုံးသလိုလို ခံစားသွားရအောင် မလုပ်သင့်ဘူး။ “‘ဘာလို့ အိမ်ထောင်မပြုတာလဲ။ အရွယ်ကဖြင့် မငယ်တော့ဘူးနော်’ လို့ ညီအစ်ကို/မတချို့ ပြောကြတယ်။ ဒီလိုစကားတွေကြောင့် တန်ဖိုးထားမခံရဘူးလို့ တစ်ကိုယ်ရေတွေ ခံစားရတယ်။ အိမ်ထောင်ပြုမှ ရတော့မယ်ဆိုတဲ့ အပူပဲ တိုးလာစေတယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ ညီအစ်ကို ဟန့်စ် ပြောတယ်။ တစ်ကိုယ်ရေ ခရစ်ယာန်တွေကို ဟိုဟိုဒီဒီ ပြောမယ့်အစား ချီးကျူးဖို့ အခွင့်အရေး ရှာရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။—၁ သက်. ၅:၁၁

၁၅။ (က) ရောမ ၁၅:၂ မှာ ပါတဲ့ ကျမ်းစာအခြေခံမူအရ အောင်သွယ်မပေးခင် ဘာတွေ ထည့်တွက်သင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) ဗီဒီယိုကနေ ဘာသင်ယူရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၅ ဒီညီအစ်ကိုနဲ့ ဒီညီအစ်မ လိုက်မှာပဲလို့ ထင်ရင်ကော။ တခြားသူတွေရဲ့ ခံစားချက်ကို ထည့်တွက်ဖို့ ကျမ်းစာ ဆိုတယ်။ (ရောမ ၁၅:၂ ကို ဖတ်ပါ။) တစ်ကိုယ်ရေ တော်တော်များများက အောင်သွယ်ပေးတာ မကြိုက်ကြဘူး။ သူတို့ရဲ့ ဆန္ဒကို လေးစားရမယ်။ (၂ သက်. ၃:၁၁) တချို့ကျတော့ အောင်သွယ်ပေးစေချင်နိုင်တယ်။ ဒါပေမဲ့ တောင်းဆိုမခံရဘဲ အောင်သွယ်မပေးသင့်ဘူး။ f (ပညာ. ၃:၂၇) တချို့က ပေါ်ပေါ်ထင်ထင် အောင်သွယ်ပေးတာမျိုး မကြိုက်ကြဘူး။ “ညီအစ်ကို/မ အများကြီးကို ဖိတ်ပြီး ပေါင်းသင်းဖို့ စီစဉ်ပေးနိုင်တယ်။ ဆုံဖို့ အခွင့်အရေးလောက်ပဲ ကိုယ့်ဘက်က ဖန်တီးပေးပါ။ ကျန်တာ သူတို့အပိုင်း ထားလိုက်” လို့ ဂျာမနီနိုင်ငံက တစ်ကိုယ်ရေ ညီအစ်မ လေးဒီယာ ပြောတယ်။

ညီအစ်ကို/မ အများကြီး ပါတဲ့ ပေါင်းသင်းမှုမှာ တစ်ကိုယ်ရေ ခရစ်ယာန်တွေ ဆုံခွင့်ရ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


၁၆။ တစ်ကိုယ်ရေ ခရစ်ယာန်တွေ ဘာသတိရသင့်သလဲ။

၁၆ တစ်ကိုယ်ရေဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ကျေနပ်ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်နိုင်ပါတယ်။ (ဆာ. ၁၂၈:၁) အိမ်ထောင်ပြုဖို့ စိတ်ကူးရှိပေမဲ့ သင့်တော်တဲ့သူ ရှာမတွေ့သေးဘူးဆိုရင် အာရုံနှစ်ပြီး ဘုရားအမှု ဆက်ဆောင်နေပါ။ “ပရဒိသုမှာ အိမ်ထောင်ဖက်နဲ့အတူ ကုန်ဆုံးမယ့်အချိန်နဲ့ ယှဉ်ရင် တစ်ကိုယ်ရေဘဝနဲ့ နေရတဲ့ အချိန်က တော်တော် တိုတယ်။ ဒါကြောင့် တစ်ကိုယ်ရေဘဝ ရတုန်း တန်ဖိုးထားပါ။ အကောင်းဆုံး အသုံးချပါ” လို့ မကာအိုက ညီအစ်မ စန်းယွီ ပြောတယ်။ သင့်တော်တဲ့သူ တွေ့လို့ ရည်းစားထားနေပြီဆိုရင်ကော။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သီချင်း ၃ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”

a အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်မဖြစ် သိနိုင်ဖို့ jw.org မှာ တင်ထားတဲ့ “ရည်းစားထားခြင်း—အပိုင်း ၁–ရည်းစားထားဖို့ ငါ အဆင်သင့် ဖြစ်ပြီလား” ဆောင်းပါးကို ကြည့်ပါ။

b စကားလုံး ရှင်းလင်းချက်။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ပါတဲ့ “သမီးရည်းစားထားတယ်” ဆိုတဲ့ အသုံးအနှုန်းဟာ သင့်တော်တဲ့ အိမ်ထောင်ဖက် ဖြစ်နိုင်၊ မဖြစ်နိုင် ဆုံးဖြတ်ဖို့ အမျိုးသားနဲ့ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ပိုသိအောင် လုပ်တဲ့ အချိန်ကာလကို ဆိုလိုတယ်။ နိုင်ငံတချို့မှာ ချိန်းတွေ့တယ်၊ တွဲတယ်လို့လည်း သုံးတယ်။ ရည်းစားထားခြင်းဟာ စိတ်ဝင်စားကြောင်း အပြန်အလှန် ဖွင့်ဟချိန်မှာ စတင်ပြီး အိမ်ထောင်ပြုတော့မယ် ဒါမှမဟုတ် လမ်းခွဲတော့မယ်လို့ ဆုံးဖြတ်ချိန်မှာ အဆုံးသတ်တယ်။

c ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ နောက်စာပိုဒ်တွေမှာ သင့်တော်တဲ့ လက်တွဲဖော်ကို ညီအစ်ကိုတစ်ယောက်အနေနဲ့ ဖော်ပြသွားပါမယ်။ ဒါပေမဲ့ ညီအစ်မတွေနဲ့လည်း ဆိုင်ပါတယ်။

d အမည်လွှဲများ။

e ယဉ်ကျေးမှုတချို့မှာ ညီအစ်ကိုတွေဘက်က စပြီး ပိုးပန်းကြတယ်။ ဒါပေမဲ့ ညီအစ်မတွေဘက်ကလည်း စပြီး ပိုးပန်းနိုင်တယ်။ (ရု. ၃:၁-၁၃) ထပ်ဆင့် သိချင်ရင် ၂၀၀၅ ဇွန် ၈ နိုးလော့! မှာ ပါတဲ့ “လူငယ်များအမေး . . . ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ သူ့ကို ဘယ်လို ပြောရမလဲ” ဆောင်းပါးကို ကြည့်ပါ။