လေ့လာရန် ဆောင်းပါး ၃၁

သီချင်း ၁၂ ကြီးမြတ်သောဘုရား ယေဟောဝါ

လူတွေကို အပြစ်ကနေ ကယ်တင်ဖို့ ယေဟောဝါ လုပ်ဆောင်ခဲ့ရာ

လူတွေကို အပြစ်ကနေ ကယ်တင်ဖို့ ယေဟောဝါ လုပ်ဆောင်ခဲ့ရာ

“ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် . . . တစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”ယော. ၃:၁၆

အာရုံစိုက်ရာ

ကျွန်တော်တို့ အပြစ်တွန်းလှန်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ၊ အပြစ်လက်ကနေ လွတ်ပြီး ထာဝစဉ် အသက်ရှင်နိုင်အောင် ဘယ်လို စီစဉ်ပေးသလဲဆိုတာ ဆွေးနွေးသွားပါမယ်။

၁-၂။ (က) အပြစ်ဆိုတာ ဘာလဲ။ အပြစ်လက်ကနေ ဘယ်လို လွတ်မြောက်နိုင်သလဲ။ (“စကားလုံး ရှင်းလင်းချက်” ကိုလည်း ကြည့်ပါ။) (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးတွေမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (ဒီစာစောင်မှာ ပါတဲ့ “စာဖတ်သူများထံသို့ ပေးစာ” ကိုလည်း ကြည့်ပါ။)

 သင့်ကို ယေဟောဝါဘုရား ဘယ်လောက် ချစ်သလဲ။ အပြစ်နဲ့ သေခြင်းကနေ သင့်ကို ကယ်တင်ဖို့ ယေဟောဝါ လုပ်ပေးခဲ့တာကို လေ့လာရင် အဖြေ သိနိုင်တယ်။ အပြစ် a ဟာ ရန်သူကြီး ဖြစ်တယ်။ လူအားလုံး နေ့တိုင်း အပြစ်လုပ်မိကြတယ်။ အပြစ်သားတွေ ဖြစ်လို့ သေကြရတယ်။ (ရော. ၅:၁၂) အပြစ်လက်ကနေ လွတ်မြောက်အောင် သင့်အစွမ်းအစနဲ့ သင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဝမ်းသာစရာသတင်း ရှိပါတယ်။ အပြစ်လက်ကနေ လွတ်မြောက်အောင် ယေဟောဝါ သေချာပေါက် လုပ်ပေးမယ်။

လူတွေ အပြစ်တွန်းလှန်နိုင်ဖို့ ယေဟောဝါ ကူညီပေးနေတာ နှစ်ပေါင်း ၆,၀၀၀ လောက် ရှိပြီ။ ဘာကြောင့် ကူညီပေးသလဲ။ လူတွေကို ချစ်လို့ပါ။ လူတွေကို ဖန်ဆင်းကတည်းက ချစ်တာ။ ချစ်လွန်းလို့လည်း အပြစ်တွန်းလှန်နိုင်ဖို့ အကူအညီ အများကြီး ပြင်ဆင်ပေးထားတယ်။ အပြစ်က ပေးတဲ့ အခဟာ သေခြင်းဆိုတာ ယေဟောဝါ သိတယ်။ ဒါပေမဲ့ လူတွေကို မသေစေချင်ဘူး။ ထာဝစဉ် အသက်ရှင်စေချင်တယ်။ (ရော. ၆:၂၃) သင့်ကိုလည်း ထာဝစဉ် အသက်ရှင်စေချင်တယ်။ (၁) အပြစ်သားတွေကို ယေဟောဝါ ဘာမျှော်လင့်ချက် ပေးသလဲ။ (၂) ကျမ်းစာခေတ်က လူတွေ ဘုရားမျက်နှာသာ ရဖို့ ဘာလုပ်ခဲ့ရသလဲ။ (၃) အပြစ်သားတွေကို ကယ်တင်ဖို့ ယေရှု ဘာလုပ်ခဲ့သလဲ။ ဒီမေးခွန်းသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

အပြစ်သားတွေကို ယေဟောဝါ ဘာမျှော်လင့်ချက် ပေးသလဲ

၃။ အာဒံနဲ့ ဧဝဟာ အပြစ်သားတွေ ဘယ်လို ဖြစ်သွားသလဲ။

ပထမ လူသားမောင်နှံကို ယေဟောဝါ ဖန်ဆင်းချိန်မှာ သူတို့ကို သိပ်ပျော်စေချင်ခဲ့တာ။ ဒါကြောင့် လှပတဲ့ စံအိမ်၊ အိမ်ထောင်ရေး ဆုလက်ဆောင်၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ တာဝန် ပေးခဲ့တယ်။ အဲဒီတာဝန်ကတော့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေနဲ့ ကမ္ဘာမြေကို ပြည့်စေဖို့၊ ကမ္ဘာတစ်ခုလုံး ဧဒင်ဥယျာဉ်လို လှပလာစေဖို့ပါ။ တားမြစ်ထားတာဆိုလို့ တစ်ခုပဲ ရှိတယ်။ တားမြစ်ချက်ကို ချိုးဖောက်ရင် သေရမယ်လို့ သတိပေးတယ်။ ဘာဆက်ဖြစ်သလဲ ကျွန်တော်တို့ သိကြပါတယ်။ တားမြစ်ချက်ကို အာဒံနဲ့ ဧဝ ချိုးဖောက်ဖို့ ကောင်းကင်တမန်ဆိုးတစ်ပါး သွေးဆောင်တယ်။ သူတို့ကို ဒီလောက်ချစ်တဲ့ ကောင်းကင်ဘုံစံဖခင်ကို မယုံကြဘူး။ ဘုရားကိုကော သူတို့ကိုပါ မချစ်တဲ့ ကောင်းကင်တမန်ဆိုးရဲ့ သွေးဆောင်မှုနောက် ပါသွားပြီး အပြစ်လုပ်ကြတယ်။ ရလဒ်အနေနဲ့ ယေဟောဝါ ပြောတဲ့အတိုင်း ဖြစ်လာတယ်။ တစ်ဘဝလုံး သူတို့ ပင်ပန်းဆင်းရဲရတယ်။ အိုရ၊ သေရတယ်။ အပြစ်ရဲ့ ဆိုးကျိုးတွေပါပဲ။—က. ၁:၂၈၊ ၂၉။ ၂:၈၊ ၉၊ ၁၆-၁၈။ ၃:၁-၆၊ ၁၇-၁၉၊ ၂၄။ ၅:၅

၄။ အပြစ်ကို ယေဟောဝါ ဘာကြောင့် မုန်းသလဲ။ (ရောမ ၈:၂၀၊ ၂၁)

ဝမ်းနည်းစရာ ဒီမှတ်တမ်းကို ကျွန်တော်တို့အကျိုးအတွက် ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေတယ်။ အပြစ်ကို ယေဟောဝါ ဘာကြောင့် သိပ်မုန်းသလဲဆိုတာ ဒီမှတ်တမ်းက နားလည်စေတယ်။ အပြစ်က လူတွေကို ယေဟောဝါနဲ့ ဝေးကွာသွားစေတယ်။ သေခြင်းကို ပေါ်ပေါက်စေတယ်။ (ဟေရှာ. ၅၉:၂) ဒါကြောင့်လည်း စာတန်က အပြစ်ကို လက်နက်တစ်ခုလို အကြိုက်တွေ့နေတာ။ လူတွေ အပြစ်လုပ်မိအောင် ဒီနေ့အချိန်အထိ သွေးဆောင်နေတာ။ အာဒံနဲ့ ဧဝကို သွေးဆောင်နိုင်တာဟာ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်နိုင်တာပဲလို့ စာတန် ထင်ခဲ့ပုံရတယ်။ ဒါပေမဲ့ စာတန် သဘောမပေါက်လိုက်တာက ယေဟောဝါ မေတ္တာကြီးမားတယ်ဆိုတာပဲ။ အာဒံနဲ့ ဧဝရဲ့ သားစဉ်မြေးဆက်တွေအတွက် မိမိရဲ့ ရည်ရွယ်ချက်ကို ယေဟောဝါ ပြောင်းလဲမပစ်ဘူး။ လူတွေကို သိပ်ချစ်လွန်းလို့ ချက်ချင်း မျှော်လင့်ချက် ပေးတယ်။ (ရောမ ၈:၂၀၊ ၂၁ ကို ဖတ်ပါ။) အာဒံနဲ့ ဧဝရဲ့ သားစဉ်မြေးဆက်တွေထဲမှာ မိမိကို ချစ်မယ့်သူတွေ၊ အပြစ်တွန်းလှန်ဖို့ မိမိအကူအညီ ယူမယ့်သူတွေ ရှိတယ်ဆိုတာ ယေဟောဝါ သိတယ်။ လူတွေရဲ့ ဖခင်လည်း ဖြစ်၊ ဖန်ဆင်းရှင်လည်း ဖြစ်လို့ လူတွေ အပြစ်ကနေ လွတ်ဖို့၊ မိမိနဲ့ ရင်းနှီးလာဖို့ လမ်းဖွင့်ပေးတယ်။ ဘယ်လို လမ်းဖွင့်ပေးသလဲ။

၅။ ဘယ်အချိန်မှာ လူတွေအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာသလဲ။ ရှင်းပြပါ။ (ကမ္ဘာဦး ၃:၁၅)

ကမ္ဘာဦး ၃:၁၅ ကို ဖတ်ပါ။ စာတန်ကို ယေဟောဝါ စီရင်ချက် ချလိုက်ချိန်မှာ လူတွေအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာတယ်။ “မျိုးနွယ်” ပေါ်ထွန်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ အဲဒီမျိုးနွယ်က လူတွေကို ကယ်တင်မယ်၊ စာတန့်ခေါင်းကို ကြိတ်မယ်၊ ဧဒင်မှာ စာတန် ပေါ်ပေါက်စေခဲ့တဲ့ ပြဿနာတွေကို ချေဖျက်မယ်။ (၁ ယော. ၃:၈) ဒါပေမဲ့ အရင်ဆုံး၊ မျိုးနွယ်ရဲ့ ဖနောင့်ကို စာတန် ပေါက်မယ်။ တစ်နည်းအားဖြင့် မျိုးနွယ် အသတ်ခံရမယ်။ ယေဟောဝါအတွက်တော့ အကြီးအကျယ် စိတ်ထိခိုက်စရာပါပဲ။ စိတ်ထိခိုက်ရပေမဲ့ မျိုးနွယ်ကို အသေခံစေခဲ့တယ်။ လူတွေကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်နိုင်ဖို့ပါ။

ကျမ်းစာခေတ်က လူတွေ ဘုရားမျက်နှာသာ ရဖို့ ဘာလုပ်ခဲ့ရသလဲ

၆။ ယေဟောဝါနဲ့ ရင်းနှီးဖို့ အာဗေလ၊ နောဧနဲ့ တခြားသစ္စာရှိသူတွေ ဘာလုပ်ခဲ့သလဲ။

အပြစ်သားတွေ မိမိနဲ့ ရင်းနှီးလာနိုင်ပုံကို ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါ ပိုပြီး ရှင်းလင်းလာစေတယ်။ ဧဒင်မှာ ပုန်ကန်မှု ဖြစ်ပြီးနောက် ယေဟောဝါကို ဦးဆုံး ယုံကြည်ခြင်း တင်ပြသူကတော့ အာဒံနဲ့ ဧဝရဲ့ ဒုတိယမြောက်သား အာဗေလပါ။ သိုးထိန်း အာဗေလဟာ ယေဟောဝါကို ချစ်လို့၊ ဘုရားမျက်နှာသာ ရချင်လို့၊ ဘုရားနဲ့ ရင်းနှီးချင်လို့ ပူဇော်သက္ကာ ဆက်သတယ်။ သိုးအုပ်ထဲက သားဦးတချို့ကို သတ်ပြီး ပူဇော်တယ်။ ယေဟောဝါ ဘယ်လို သဘောထားသလဲ။ “အာဗေလနဲ့ သူ ပူဇော်တဲ့ အလှူကို နှစ်သက်” တယ်။ (က. ၄:၄) နောက်ပိုင်းမှာလည်း မိမိကို ချစ်ပြီး ယုံကြည်သက်ဝင်တဲ့ နောဧတို့လို သစ္စာရှိသူတွေရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ နှစ်သက်လက်ခံတယ်။ (က. ၈:၂၀၊ ၂၁) ဒီလိုပူဇော်သက္ကာတွေကို လက်ခံတာဟာ အပြစ်သားတွေ မိမိမျက်နှာသာ ရနိုင်ကြောင်း၊ မိမိနဲ့ ရင်းနှီးနိုင်ကြောင်း ပြလိုက်တာပါပဲ။ b

၇။ သားအိဇက်ကို ပူဇော်ဖို့ အာဗြဟံ လိုလိုလားလား ရှိတာကနေ ဘာသိရသလဲ။

ခက်ခဲတဲ့ ကိစ္စတစ်ခု လုပ်ဖို့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း ရှိသူ အာဗြဟံကို ယေဟောဝါ တောင်းဆိုတယ်။ သားအိဇက်ကို ပူဇော်ဖို့ပါ။ ဒါဟာ အာဗြဟံအတွက် စိတ်အထိခိုက်ရဆုံး တောင်းဆိုချက် ဖြစ်ခဲ့မှာပဲ။ ဘာပဲဖြစ်ဖြစ် တောင်းဆိုတဲ့အတိုင်း လုပ်ဖို့ အာဗြဟံ အဆင်သင့်ရှိခဲ့တယ်။ ဒါပေမဲ့ သားဖြစ်သူကို သတ်ခါနီးဆဲဆဲမှာ ယေဟောဝါ တားလိုက်တယ်။ ဒီမှတ်တမ်းကနေ ဘာသိရသလဲ။ အနာဂတ်မှာ ယေဟောဝါ လုပ်မယ့်အရာကို သိရတယ်။ လူတွေကို ချစ်လွန်းလို့ မိမိအချစ်ဆုံးသားကို ပူဇော်သက္ကာအဖြစ် ယေဟောဝါ လိုလိုလားလား ပေးမယ်။—က. ၂၂:၁-၁၈

၈။ ပညတ်တရားအရ တိရစ္ဆာန်ပူဇော်သက္ကာတွေ ဆက်သရတာက ဘာကို ဖော်ပြနေသလဲ။ (ဝတ်ပြုရာ ၄:၂၇-၂၉။ ၁၇:၁၁)

ရာစုနှစ်များစွာ ကြာပြီးနောက် အစ္စရေးလူမျိုးကို ယေဟောဝါ ပညတ်ပေးချိန်မှာ အပြစ်ဖြေဖို့ တိရစ္ဆာန်ပူဇော်သက္ကာ ဆက်သခြင်းအကြောင်း ပါတယ်။ (ဝတ်ပြုရာ ၄:၂၇-၂၉။ ၁၇:၁၁ ကို ဖတ်ပါ။) လူတွေရဲ့ အပြစ်ကို အကုန်အစင် ဖယ်ရှားပေးမယ့် ပိုကောင်းတဲ့ ပူဇော်သက္ကာကို ယေဟောဝါ ပြင်ဆင်ပေးမယ်ဆိုတာ တိရစ္ဆာန်ပူဇော်သက္ကာတွေက ဖော်ပြနေတယ်။ ပိုကောင်းတဲ့ ပူဇော်သက္ကာ ဖြစ်တဲ့ ကတိထားရာမျိုးနွယ်ဟာ ဒုက္ခခံရမယ်၊ ပူဇော်ရာ သိုးတစ်ကောင်လို အသတ်ခံရမယ်လို့ ပရောဖက်တွေ ကြိုဟောထားကြတယ်။ (ဟေရှာ. ၅၃:၁-၁၂) သင် အပါအဝင် လူအားလုံးကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ ပိုကောင်းတဲ့ ပူဇော်သက္ကာအဖြစ် ဘယ်သူ့ကို ယေဟောဝါ ပေးသလဲ။ မိမိရဲ့ အချစ်ဆုံးသားကို ပေးတာ။ ဘယ်လောက် ကျေးဇူးတင်စရာကောင်းလိုက်သလဲ။

အပြစ်သားတွေကို ကယ်တင်ဖို့ ယေရှု ဘာလုပ်ခဲ့သလဲ

၉။ ယေရှုနဲ့ပတ်သက်ပြီး နှစ်ခြင်းပေးသူ ယောဟန် ဘာပြောသလဲ။ (ဟီဘရူး ၉:၂၂။ ၁၀:၁-၄၊ ၁၂)

အေဒီ ၂၉ မှာ နာဇရက်မြို့သား ယေရှုကို နှစ်ခြင်းပေးသူ ယောဟန် တွေ့တော့ “ကြည့်ပါ၊ ဒီလောကရဲ့ အပြစ်ကို ဖယ်ရှားပေးမယ့် ဘုရားသခင်ရဲ့ သိုးသငယ်ဟာ သူပဲ” လို့ ပြောတယ်။ (ယော. ၁:၂၉) ယေရှုဟာ ကတိထားရာမျိုးနွယ် ဖြစ်ကြောင်း၊ မိမိအသက်ကို ပူဇော်သက္ကာအဖြစ် ဆက်သမယ့်သူ ဖြစ်ကြောင်း ယောဟန်ရဲ့ စကားတွေက သိစေတယ်။ အပြစ်ကို အပြီးသတ် အနိုင်ယူမယ့် မျိုးနွယ် ပေါ်လာပါပြီ။ မျှော်လင့်ချက်အလင်းရောင် ထင်ရှားပီပြင်လာပါပြီ။—ဟီဘရူး ၉:၂၂။ ၁၀:၁-၄၊ ၁၂ ကို ဖတ်ပါ။

၁၀။ “အပြစ်သားတွေကို ခေါ်ဖို့” လာကြောင်း ယေရှု ဘယ်လို ပြသလဲ။

၁၀ လူ့ပြဿနာတွေရဲ့ ရင်းမြစ်ဟာ အပြစ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် အပြစ်များတယ်လို့ ခံစားရသူတွေကို ယေရှု အထူးတလည် အာရုံစိုက်ပြီး ကူညီပေးတယ်။ မိမိနောက်လိုက် ဖြစ်လာဖို့ ဖိတ်ခေါ်တယ်။ “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ” လို့ ဥပမာပေးပြီး ရှင်းပြတယ်။ “ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” လို့ ဆက်ပြောတယ်။ (မ. ၉:၁၂၊ ၁၃) ယေရှု အပြောနဲ့ အလုပ် ညီတယ်။ အပြစ်များသူအဖြစ် သိထားကြတဲ့ အမျိုးသမီးတစ်ယောက် ယေရှုရဲ့ခြေရင်းနားမှာ တရှုံ့ရှုံ့ ငိုနေတယ်။ အဲဒီအမျိုးသမီးကို ယေရှု ကြင်ကြင်နာနာ စကားပြောတယ်။ အပြစ်ခွင့်လွှတ်ပေးလိုက်တယ်။ (လု. ၇:၃၇-၅၀) ရေတွင်းမှာ တွေ့တဲ့ ရှမာရိအမျိုးသမီးဟာ အိမ်ထောင်ဖက် မဟုတ်သူနဲ့ အတူနေမှန်း ယေရှု သိပေမဲ့ အရေးကြီးအမှန်တရားကို သင်ပေးတယ်။ (ယော. ၄:၇၊ ၁၇-၁၉၊ ၂၅၊ ၂၆) သေခြင်းဟာ အပြစ်ရဲ့ အဆိုးဆုံး ရလဒ် ဖြစ်တယ်။ ဒါပေမဲ့ သေခြင်းကိုတောင် အနိုင်ယူနိုင်တဲ့ တန်ခိုး ယေရှုကို ယေဟောဝါ ပေးတယ်။ သေခြင်းကို ယေရှု ဘယ်လို အနိုင်ယူခဲ့သလဲ။ ယောကျ်ား၊ မိန်းမ၊ ကလေးတွေကို အသက်ပြန်ရှင်စေခြင်းအားဖြင့်ပါ။—မ. ၁၁:၅

၁၁။ အပြစ်များသူတွေ ယေရှုကို ဘာကြောင့် မရှိန်ကြသလဲ။

၁၁ အပြစ်တရားမှာ ကျင်လည်နေသူတွေ ယေရှုနား လာဖို့ မဝံ့မရဲ မဖြစ်ကြဘူး။ ယေရှုကို ရှိန်မနေကြဘူး။ (လု. ၁၅:၁၊ ၂) ဘာကြောင့်လဲ။ သူတို့ကို ယေရှု သနားစာနာတယ်။ ကြင်ကြင်နာနာ ဆက်ဆံတယ်။ သူတို့ ယုံကြည်ခြင်း ရှိတာကို ချီးမွမ်းတယ်။ (လု. ၁၉:၁-၁၀) အပြစ်သားတွေ ဘဝလမ်းစဉ် ပြောင်းလဲချင်လာအောင်၊ မိမိနောက်လိုက် ဖြစ်ချင်လာအောင် ကူညီပေးတယ်။ (လု. ၅:၂၇၊ ၂၈) ယေရှုကို မြင်တာဟာ ကရုဏာ ကြီးမားတဲ့ ယေဟောဝါကို မြင်နေရသလိုပါပဲ။ (ယော. ၁၄:၉) လူတွေကို ကရုဏာရှင်အဖ ချစ်တယ်၊ အပြစ်တွန်းလှန်နိုင်ဖို့ ကူညီပေးချင်တယ်ဆိုတာ ယေရှုရဲ့ အပြောအဆို၊ အပြုအမူတွေကနေ သိနိုင်ပါတယ်။

၁၂။ မိမိရဲ့ သေခြင်းနဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှု ဘာပြောပြထားသလဲ။

၁၂ မိမိ ဘာတွေ ကြုံရမယ်ဆိုတာ ယေရှု သိတယ်။ သစ္စာဖောက်ခံရမယ်၊ သစ်တိုင်ပေါ် တင်ပြီး အသတ်ခံရမယ် ဆိုတဲ့အကြောင်း တပည့်တွေကို တစ်ကြိမ်ထက်မက ပြောပြထားတယ်။ (မ. ၁၇:၂၂။ ၂၀:၁၈၊ ၁၉) နှစ်ခြင်းပေးသူ ယောဟန် ပြောခဲ့သလို၊ ပရောဖက်တွေ ကြိုဟောခဲ့သလို မိမိရဲ့ သေခြင်းက ဒီလောကရဲ့ အပြစ်ကို ဖယ်ရှားပေးမယ်ဆိုတာ ယေရှု သိတယ်။ မိမိ ရှင်ပြန်ထမြောက်ပြီးနောက် “လူအမျိုးမျိုးကို . . . ဆွဲဆောင်မယ်” လို့လည်း တပည့်တွေကို ပြောပြထားတယ်။ (ယော. ၁၂:၃၂) ယေရှုကို သခင်အဖြစ် လက်ခံမယ်၊ ယေရှုခြေရာအတိုင်း လိုက်မယ်ဆိုရင် အပြစ်သားတွေ ယေဟောဝါရဲ့ မျက်နှာသာ ရကြမယ်။ နောက်ဆုံးမှာ “အပြစ်ရဲ့လက်ကနေ လွတ်မြောက်” ကြမယ်။ (ရော. ၆:၁၄၊ ၁၈၊ ၂၂။ ယော. ၈:၃၂) မိမိရဲ့ သေခြင်းကြောင့် ရလာမယ့် ဒီအကျိုးကျေးဇူးတွေကို ယေရှု သိလို့ အသေခံဖို့ လိုလိုလားလား ရှိခဲ့တာ။—ယော. ၁၀:၁၇၊ ၁၈

၁၃။ ယေရှု ဘယ်လို သေခဲ့ရသလဲ။ ယေရှုရဲ့ သေခြင်းက ယေဟောဝါဘုရားအကြောင်း ဘာသိစေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ ယေရှုကို မိတ်ဆွေရင်းတစ်ယောက် သစ္စာဖောက်တယ်။ ရန်သူတွေ ဖမ်းဆီးတယ်။ စော်ကားတယ်။ မဟုတ်မမှန် စွပ်စွဲတယ်။ သေဒဏ်ခံထိုက်တယ်လို့ စီရင်ချက်ချပြီး နှိပ်စက်ကြတယ်။ နောက်ဆုံးမှာ စစ်သည်တွေက သစ်တိုင်တင်ပြီး သတ်လိုက်ကြတယ်။ ဒီအခက်အခဲတွေကို ယေရှု သစ္စာရှိရှိ ခံရပ်နေချိန်မှာ ယေရှုထက် ပိုပြီး နာကျင်ရသူတစ်ယောက် ရှိတယ်။ ယေဟောဝါဘုရားပါ။ ယေဟောဝါဟာ သားတော်ကို သိပ်ချစ်တယ်။ သားတော် ဝေဒနာ မခံစားရအောင် လုပ်ပေးနိုင်တဲ့ အစွမ်းတန်ခိုး ရှိတယ်။ ဒါပေမဲ့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ဘာကြောင့် ခွင့်ပြုသလဲ။ ကျွန်တော်တို့ကို ချစ်လို့ပါ။ “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်” လို့ ယေရှု ပြောတယ်။—ယော. ၃:၁၆

လူတွေကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်နိုင်အောင် သားတော် သေဆုံးဖို့ ခွင့်ပြုလိုက်ရချိန်မှာ ယေဟောဝါ ရင်ကွဲမတတ် ခံစားခဲ့ရ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


၁၄။ ယေရှုရဲ့ ပူဇော်သက္ကာက ဘာကို သက်သေထူသလဲ။

၁၄ ယေရှုရဲ့ ပူဇော်သက္ကာဟာ အာဒံနဲ့ ဧဝရဲ့ သားစဉ်မြေးဆက်တွေကို ယေဟောဝါ ဘယ်လောက် ချစ်တယ်ဆိုတဲ့ အကြီးမားဆုံး သက်သေပါပဲ။ သင့်ကို ယေဟောဝါ သိပ်ချစ်တယ်ဆိုတာကိုလည်း အခိုင်အမာ သက်သေထူတယ်။ စိတ်ကြေကွဲခံပြီးတော့ သင့်ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ထားတာ။ (၁ ယော. ၄:၉၊ ၁၀) အပြစ်ကို တွန်းလှန်ပြီး အနိုင်ယူဖို့ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ကူညီပေးချင်တာ ထင်ရှားပါတယ်။

၁၅။ ရွေးဖိုးလက်ဆောင်ကနေ အကျိုးရဖို့ ဘာလုပ်ရမလဲ။

၁၅ တစ်ဦးတည်းသော သားတော်ရဲ့ ရွေးဖိုးပူဇော်သက္ကာဟာ ဘုရားဆီက လက်ဆောင်ပါပဲ။ ဒီလက်ဆောင်ကြောင့်သာ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တာ။ ဒါပေမဲ့ ခွင့်လွှတ်ခံရဖို့ ဘာလုပ်ရမလဲ။ “နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ” လို့ နှစ်ခြင်းပေးသူ ယောဟန်ကော ယေရှုခရစ်ပါ ပြောတယ်။ (မ. ၃:၁၊ ၂။ ၄:၁၇) ဒါကြောင့် အပြစ်ကို တွန်းလှန်ပြီး အဖဘုရားနဲ့ ရင်းနှီးဖို့ဆိုရင် နောင်တရဖို့ အရေးကြီးတယ်။ နောင်တရတယ်ဆိုတာ ဘာလဲ။ နောင်တရတာက အပြစ်သား ဖြစ်နေစဉ်မှာတောင် ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ ဘယ်လို ကူညီပေးသလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သီချင်း ၁၈ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ပါ

a စကားလုံး ရှင်းလင်းချက်။ ကျမ်းစာမှာ “အပြစ်” လို့ ပြောတဲ့အခါ (၁) လုပ်ပါလို့ ဘုရား ပြောထားတာတွေကို မလုပ်တဲ့အပြစ်၊ မလုပ်ပါနဲ့လို့ တားမြစ်ထားတာတွေကို လုပ်တဲ့အပြစ်ကို ဆိုလိုတယ်။ (၂) အာဒံဆီက အမွေရထားတဲ့ အပြစ်ကို ဆိုလိုတယ်။ အဲဒီအမွေရထားတဲ့ အပြစ်ကြောင့် ကျွန်တော်တို့အားလုံး သေရတာ။

b အပြစ်နဲ့ သေခြင်းကနေ ထာဝစဉ် လွတ်မြောက်စေမယ့် ပူဇော်သက္ကာကို ယေရှုခရစ် ပေးမယ်ဆိုတာ ယေဟောဝါ သိထားလို့ ခရစ်ယာန်ခေတ် မတိုင်ခင်က သစ္စာရှိသူတွေ ဆက်သတဲ့ ပူဇော်သက္ကာတွေကို လက်ခံခဲ့တာ ဖြစ်တယ်။—ရော. ၃:၂၅