လေ့လာရန် ဆောင်းပါး ၃၄

သီချင်း ၅၀ မေတ္တာဆိုင်ရာ စံနမူနာတော်

အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ

အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ

“ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာပြနေတာ။”ရော. ၂:၄

အာရုံစိုက်ရာ

ကြီးလေးတဲ့အပြစ် လုပ်သူကို အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။

၁။ ကြီးလေးတဲ့အပြစ် လုပ်သူတချို့ ဘာဖြစ်လာနိုင်သလဲ။

 ကြီးလေးတဲ့အပြစ် လုပ်သူကို ကောရိန္သုအသင်းတော် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး တမန်တော် ပေါလုရဲ့ ညွှန်ကြားချက်ကို ရှေ့ဆောင်းပါးမှာ လေ့လာခဲ့ကြတယ်။ အပြစ်လုပ်သူ နောင်တမရတဲ့အတွက် အသင်းတော်ကနေ ဖယ်ရှားခဲ့ရတယ်။ ဒါပေမဲ့ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ ဖော်ပြထားသလိုပဲ ကြီးလေးတဲ့အပြစ် လုပ်သူတချို့ နောင်တရလာနိုင်ပါတယ်။ (ရော. ၂:၄) သူတို့ နောင်တရလာဖို့ အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

၂-၃။ ညီအစ်ကို/မတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း ကျွန်တော်တို့ သိရင် ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။

ညီအစ်ကို/မတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း အကြီးအကဲတွေ မသိရင် ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မလဲ။ ဒါကြောင့် အသင်းတော်ကနေ ဖယ်ရှားခံရနိုင်တဲ့ ကြီးလေးတဲ့အပြစ် တစ်ယောက်ယောက် လုပ်ထားမှန်း ကျွန်တော်တို့ သိရင် ဘာလုပ်သင့်သလဲ။ အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့ သူ့ကို တိုက်တွန်းသင့်တယ်။—ဟေရှာ. ၁:၁၈။ တ. ၂၀:၂၈။ ၁ ပေ. ၅:၂

အကြီးအကဲတွေကို အပြစ်လုပ်သူ အသိမပေးရင်ကော။ သူ အသိမပေးရင် ကျွန်တော်တို့ အသိပေးရမယ်။ ဒါမှ သူ့ကို အကြီးအကဲတွေ လိုအပ်သလို ကူညီပေးနိုင်မယ်။ ကိုယ့်ညီအစ်ကို/မကို မဆုံးရှုံးချင်လို့ အကြီးအကဲတွေကို အသိပေးတာဟာ မေတ္တာပါတဲ့ လုပ်ရပ်ပါပဲ။ သူသာ အမှားဆက်လုပ်နေရင် ယေဟောဝါဘုရားနဲ့ ဆက်ဆံရေး ပိုထိခိုက်သွားနိုင်တယ်။ အသင်းတော်နာမည် ထိခိုက်နိုင်တယ်။ ဒါကြောင့် အပြစ်လုပ်သူအကြောင်း အကြီးအကဲတွေကို အသိပေးရတာ မလွယ်တဲ့ကိစ္စ ဖြစ်ပေမဲ့ ယေဟောဝါကို ချစ်လို့၊ သူ့ကို ချစ်လို့ ကျွန်တော်တို့ သတ္တိရှိရှိ အသိပေးကြတယ်။—ဆာ. ၂၇:၁၄

ကြီးလေးတဲ့အပြစ် လုပ်သူကို အကြီးအကဲတွေ ကူညီပေးပုံ

၄။ အပြစ်လုပ်သူနဲ့ တွေ့ဆုံတဲ့အခါ အကြီးအကဲတွေရဲ့ ပန်းတိုင်က ဘာလဲ။

အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် လုပ်တဲ့အခါ အကြီးအကဲသုံးယောက်ကို အကြီးအကဲအဖွဲ့က ရွေးချယ်ပြီး ကော်မတီ ဖွဲ့တယ်။ a အကြီးအကဲတွေဟာ ကျိုးနွံမှု၊ နှိမ့်ချမှု ရှိကြတယ်။ အပြစ်လုပ်သူ နောင်တရလာအောင် ကြိုးစားကူညီပေးမှာ ဖြစ်ပေမဲ့ သူ ပြောင်းလဲလာအောင် အတင်းလုပ်လို့မရဘူးဆိုတာ အသိအမှတ်ပြုကြတယ်။ (တရား. ၃၀:၁၉) အပြစ်လုပ်သူတိုင်း ဘုရင်ဒါဝိဒ်လို နောင်တရမှာ မဟုတ်ဘူးဆိုတာလည်း အသိအမှတ်ပြုကြတယ်။ (၂ ရှ. ၁၂:၁၃) ယေဟောဝါ ဆုံးမပဲ့ပြင်တာကို လက်မခံသူတွေ ရှိနိုင်တယ်။ (က. ၄:၆-၈) ဘာပဲဖြစ်ဖြစ် အပြစ်လုပ်သူ နောင်တရလာအောင် အတတ်နိုင်ဆုံး ကူညီပေးဖို့ဟာ အကြီးအကဲတွေရဲ့ ပန်းတိုင် ဖြစ်တယ်။ အပြစ်လုပ်သူနဲ့ တွေ့ဆုံတဲ့အခါ အကြီးအကဲတွေ ဘာသတိရသင့်သလဲ။

၅။ အပြစ်လုပ်သူနဲ့ တွေ့ဆုံတဲ့အခါ အကြီးအကဲတွေ ဘယ်အရည်အသွေးတွေ တင်ပြရမလဲ။ (၂ တိမောသေ ၂:၂၄-၂၆) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အပြစ်လုပ်သူဟာ ပျောက်သွားတဲ့ သိုးလို ဖြစ်နေပေမဲ့ ယေဟောဝါအတွက် အဖိုးတန်ဆဲပဲဆိုတာ အကြီးအကဲတွေ သတိရကြတယ်။ (လု. ၁၅:၄၊) ဒါကြောင့် သူနဲ့ တွေ့ဆုံတဲ့အခါ မကြင်မနာ ပြောဆိုဆက်ဆံတာမျိုး မလုပ်ကြဘူး။ စစ်ဆေးမေးမြန်းဖို့သက်သက် တွေ့တာလို့ သဘောမထားကြဘူး။ ၂ တိမောသေ ၂:၂၄-၂၆ မှာ ဖော်ပြထားတဲ့ အရည်အသွေးတွေ တင်ပြကြတယ်။ (ဖတ်ပါ။) သူ သဘောထား ပြောင်းလဲလာဖို့ နူးညံ့သိမ်မွေ့စွာ ကူညီပေးကြတယ်။

ရှေးခေတ်က သိုးထိန်းတွေလိုပဲ အကြီးအကဲတွေဟာ ပျောက်သွားတဲ့ သိုးကို အစွမ်းကုန် လိုက်ရှာ (စာပိုဒ် ၅ ကို ကြည့်ပါ)


၆။ အပြစ်လုပ်သူနဲ့ မတွေ့ဆုံခင်မှာ အကြီးအကဲတွေ စိတ်ကို ဘယ်လို ပြင်ဆင်နိုင်သလဲ။ (ရောမ ၂:၄)

အပြစ်လုပ်သူနဲ့ မတွေ့ဆုံခင် အကြီးအကဲတွေ စိတ်ကို ပြင်ဆင်ထားကြတယ်။ “ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာပြနေတာ” ဆိုတဲ့ ပေါလုရဲ့ စကားကို သတိရကြတယ်။ အပြစ်လုပ်သူတွေအပေါ် ယေဟောဝါရဲ့ ဆက်ဆံပုံကို အတုယူကြတယ်။ (ရောမ ၂:၄ ကို ဖတ်ပါ။) မိမိတို့ရဲ့ အဓိကတာဝန်ဟာ ခရစ်တော်ရဲ့ လမ်းညွှန်မှုအောက်မှာ သိုးတွေကို ထိန်းကျောင်းဖို့ ဖြစ်တယ်ဆိုတာ သတိရကြတယ်။ (ဟေရှာ. ၁၁:၃၊ ၄။ မ. ၁၈:၁၈-၂၀) အပြစ်လုပ်သူ နောင်တရလာအောင် ကူညီပေးဖို့ဆိုတဲ့ ပန်းတိုင်ကို သူနဲ့ မတွေ့ဆုံခင်မှာ အကြီးအကဲကော်မတီ ဆုတောင်းသုံးသပ်တယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာတယ်။ ပိုင်းခြားသိမြင်မှု ရှိဖို့ ဆုတောင်းတယ်။ သူ့ကို အတွေးအခေါ်၊ လုပ်ရပ် မှားသွားစေတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး ဘာတွေ မေးဖို့ လိုအပ်မလဲဆိုတာ စဉ်းစားထားတယ်။—ပညာ. ၂၀:၅

၇-၈။ အပြစ်လုပ်သူနဲ့ တွေ့ဆုံတဲ့အခါ ယေဟောဝါရဲ့ စိတ်ရှည်မှုကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။

ယေဟောဝါရဲ့ စိတ်ရှည်မှုကို အကြီးအကဲတွေ အတုယူကြတယ်။ ကျမ်းစာခေတ်မှာ အပြစ်လုပ်သူတွေကို ယေဟောဝါ ဘယ်လို ဆက်ဆံခဲ့သလဲဆိုတာ အကြီးအကဲတွေ သတိရကြတယ်။ ဥပမာ၊ အပြစ်လုပ်ရင် ဘာဆိုးကျိုးတွေ ကြုံရမယ်၊ ကောင်းတာ လုပ်ရင် ဘာကောင်းချီးတွေ ရမယ်ဆိုတာ ကာအိနကို ယေဟောဝါ စိတ်ရှည်ရှည် ကျိုးကြောင်းဆင်ခြင်ပြခဲ့တယ်။ (က. ၄:၆၊ ၇) ဒါဝိဒ်ကို တည့်မတ်ပေးဖို့ ပရောဖက် နာသန်ကို စေလွှတ်တယ်။ ဒါဝိဒ်စိတ်ကို ထိမိစေမယ့် ပုံဥပမာတစ်ခု နာသန် သုံးခဲ့တယ်။ (၂ ရှ. ၁၂:၁-၇) ခေါင်းမာတဲ့ အစ္စရေးလူမျိုးဆီ ပရောဖက်တွေကို ယေဟောဝါ “အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။” (ယေ. ၇:၂၄၊ ၂၅) မိမိလူမျိုး နောင်တရမှ ယေဟောဝါ စပြီး ကူညီတာ မဟုတ်ဘူး။ အပြစ်လုပ်နေဆဲအချိန်မှာတောင် ကူညီပေးတယ်။

ကြီးလေးတဲ့အပြစ် လုပ်သူကို ကူညီပေးတဲ့အခါ ယေဟောဝါကို အကြီးအကဲတွေ အတုယူကြတယ်။ ၂ တိမောသေ ၄:၂ မှာ ဖော်ပြထားသလို “အစွမ်းကုန် စိတ်ရှည်” ကြတယ်။ အပြစ်လုပ်သူ မှန်ရာလုပ်ချင်လာအောင် စိတ်ရှည်ရှည် ကျိုးကြောင်းဆင်ခြင်ပြကြတယ်။ အကြီးအကဲတွေ စိတ်မရှည်ရင် ပြောတဲ့စကားတွေကို သူ နားမဝင်ဘဲ ဖြစ်သွားမယ်။ နောင်တယူဖို့ ခက်သွားမယ်။

၉-၁၀။ အပြစ်လုပ်သူ ကိုယ့်ခြေလှမ်းတွေကို ဆင်ခြင်မိအောင် အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

သူ ဘာကြောင့် အပြစ်လုပ်မိသွားတယ်ဆိုတာ ပိုင်းဖြတ်နိုင်ဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ ဥပမာ၊ သူ ဘာကြောင့် ဘုရားရေးရာမှာ တဖြည်းဖြည်း အားနည်းသွားသလဲ။ ကိုယ်ပိုင်လေ့လာမှု မလုပ်တော့လို့လား။ အမှုဆောင်မှာ မပါဝင်တော့လို့လား။ မှန်မှန် ဆုမတောင်းတော့လို့လား။ ပြီးရင် ပြီးရော ဆုတောင်းလို့လား။ မကောင်းတဲ့ ဆန္ဒတွေကို မတွန်းလှန်တော့လို့လား။ အပေါင်းအသင်း၊ ဖျော်ဖြေရေး ရွေးချယ်မှု မှားသွားလို့ မကောင်းတဲ့ အတွေးအခေါ်၊ ဆန္ဒ ဝင်လာတာလား။ အပြစ်လုပ်မိသွားစေတဲ့ ဒီခြေလှမ်းတွေကြောင့် အဖယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ သူ သဘောပေါက်ရဲ့လား။

၁၀ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်သွားစေတဲ့၊ အပြစ်လုပ်မိသွားစေတဲ့ ခြေလှမ်းတွေကို သူ ဆင်ခြင်မိအောင် အကြီးအကဲတွေ မေးခွန်း မေးနိုင်တယ်။ ဒါပေမဲ့ သိဖို့ မလိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် မမေးသင့်ဘူး။ (ပညာ. ၂၀:၅) ဒါ့အပြင် ဒါဝိဒ်ကို ကူညီပေးတုန်းက နာသန် ပုံဥပမာ သုံးခဲ့သလို အပြစ်လုပ်သူ သူ့ခြေလှမ်းတွေကို ဆင်ခြင်မိဖို့၊ သူ မှားသွားတယ်ဆိုတာ သဘောပေါက်လာဖို့ ပုံဥပမာတွေကို အကြီးအကဲတွေ သုံးနိုင်တယ်။ ကော်မတီနဲ့ ပထမအကြိမ် တွေ့ဆုံချိန်မှာတင် သူ့ခြေလှမ်းတွေအတွက် ယူကျုံးမရ ဝမ်းနည်းနေနိုင်တယ်။ နောင်တရနေနိုင်တယ်။

၁၁။ အပြစ်လုပ်သူတွေကို ယေရှု ဘယ်လို ဆက်ဆံသလဲ။

၁၁ ယေရှုကို အကြီးအကဲတွေ အတုယူကြတယ်။ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” လို့ တာရှုမြို့သား ရှောလုကို ယေရှု မေးတယ်။ ရှောလု ကိုယ့်လုပ်ရပ်တွေကို ဆင်ခြင်မိအောင် ယေရှု ကူညီပေးလိုက်တာပါပဲ။ (တ. ၉:၃-၆) “ကိုယ့်ကိုယ်ကိုယ် ပရောဖက်မလို့ ပြောနေတဲ့ ယေဇဗေလ” ကိစ္စမှာကော။ b “နောင်တရဖို့ ငါ အချိန်ပေး” တယ်လို့ ယေရှု ပြောတယ်။—ဗျာ. ၂:၂၀၊ ၂၁

၁၂-၁၃။ နောင်တရဖို့ အချိန် ပိုလိုအပ်သူတွေအတွက် အကြီးအကဲတွေ ဘယ်လို စီစဉ်ပေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၂ ယေရှုကို အတုယူတဲ့အနေနဲ့ အကြီးအကဲတွေဟာ အပြစ်လုပ်သူ နောင်တရမှာ မဟုတ်ဘူးလို့ အလျင်စလို ကောက်ချက်မချကြဘူး။ ကော်မတီနဲ့ ပထမအကြိမ် တွေ့ဆုံချိန်မှာတင် တချို့ နောင်တရလာနိုင်ပေမဲ့ တချို့အတွက် အချိန် ပိုလိုအပ်နိုင်တယ်။ ဒါကြောင့် တစ်ကြိမ်ထက်မက တွေ့ဆုံဖို့ စီစဉ်နိုင်တယ်။ အကြီးအကဲတွေ ပြောတာကို ပထမအကြိမ် တွေ့ဆုံပြီးနောက်မှာ အပြစ်လုပ်သူ လေးလေးနက်နက် စဉ်းစားလာနိုင်တယ်။ အပြစ်ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ ဆုတောင်းလာနိုင်တယ်။ (ဆာ. ၃၂:၅။ ၃၈:၁၈) ဒီလိုနဲ့ ဒုတိယအကြိမ် တွေ့ဆုံချိန်မှာ ပထမအကြိမ် တွေ့ဆုံချိန်နဲ့ မတူတော့ဘဲ သဘောထား ပြောင်းလဲသွားလောက်ပြီ။

၁၃ အပြစ်လုပ်သူ နောင်တရလာအောင် ကူညီပေးတဲ့အခါ အကြီးအကဲတွေ စာနာမှု၊ ကြင်နာမှု ရှိကြတယ်။ မိမိတို့ ကြိုးစားကူညီပေးတာကို ယေဟောဝါ ကောင်းချီးပေးဖို့ ဆုတောင်းကြတယ်။ အပြစ်လုပ်သူ အသိတရား ရလာပြီး နောင်တရဖို့ မျှော်လင့်ကြတယ်။—၂ တိ. ၂:၂၅၊ ၂၆

နောင်တရဖို့ အချိန်ပေးတဲ့အနေနဲ့ အပြစ်လုပ်သူကို အကြီးအကဲတွေ တစ်ကြိမ်ထက်မက တွေ့ဆုံ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


၁၄။ အပြစ်လုပ်သူ နောင်တရလာတာ ဘယ်သူ့ကြောင့်လဲ။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။

၁၄ အပြစ်လုပ်သူ နောင်တရလာတယ်ဆိုရင် ဝမ်းသာစရာပါပဲ။ (လု. ၁၅:၇၊ ၁၀) သူ နောင်တရလာတာ ဘယ်သူ့ကြောင့်လဲ။ ကြိုးစားကူညီပေးတဲ့ အကြီးအကဲတွေကြောင့်လား။ အပြစ်လုပ်သူတွေနဲ့ပတ်သက်ပြီး “ဘုရားသခင် အခွင့်အရေးပေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်” လို့ ပေါလု ပြောတာကို သတိရပါ။ (၂ တိ. ၂:၂၅) လမ်းလွဲသွားသူရဲ့ အတွေးအခေါ်၊ သဘောထားကို ပြောင်းလဲစေတာ လူ မဟုတ်ဘူး၊ ယေဟောဝါ ဖြစ်တယ်။ နောင်တရဖို့ ယေဟောဝါ အခွင့်အရေး ပေးတဲ့အတွက် ဘာရလဒ်တွေ ရလာမလဲ။ အမှန်တရားနဲ့ဆိုင်တဲ့ တိကျမှန်ကန်တဲ့ အသိအပညာ ပိုသိလာမယ်၊ အသိတရား ရလာမယ်၊ မာရ်နတ် ထောင်ထားတဲ့ ကျော့ကွင်းကနေ လွတ်နိုင်မယ်လို့ ပေါလု ရှင်းပြတယ်။—၂ တိ. ၂:၂၆

၁၅။ အပြစ်လုပ်သူ နောင်တရတဲ့အခါ အကြီးအကဲတွေ ဘယ်လို ဆက်ကူညီပေးမလဲ။

၁၅ အပြစ်လုပ်သူ နောင်တရတဲ့အခါ သူ့ဆီ အကြီးအကဲတွေ သိုးထိန်းလည်ပတ်ဖို့ အကြီးအကဲကော်မတီက စီစဉ်ပေးတယ်။ သွေးဆောင်မှုတွေကို သူ ဆက်တွန်းလှန်နိုင်အောင်၊ မှန်ရာလုပ်နိုင်အောင် ကူညီပေးဖို့ပါ။ (ဟီ. ၁၂:၁၂၊ ၁၃) သူ လုပ်ထားတဲ့ အပြစ်နဲ့ပတ်သက်ပြီး တခြားသူတွေကို အကြီးအကဲတွေ ပြောမပြကြဘူး။ ဒါပေမဲ့ အသင်းတော်ကို ဘာအသိပေးဖို့ လိုနိုင်သလဲ။

“လူအများရှေ့မှာ ဆုံးမပါ”

၁၆။ ၁ တိမောသေ ၅:၂၀ မှာ ပေါလု ပြောတဲ့ “လူအများ” ဆိုတာ ဘယ်သူတွေလဲ။

၁၆ ၁ တိမောသေ ၅:၂၀ ကို ဖတ်ပါ။ “အပြစ်လုပ်ရတာ အကျင့်ပါနေတဲ့သူတွေကို လူအများရှေ့မှာ ဆုံးမပါ” လို့ အကြီးအကဲ တိမောသေကို ပေါလု ပြောတယ်။ “လူအများ” ဆိုတာ အသင်းတော်တစ်ခုလုံးကို အမြဲ ဆိုလိုသလား။ မဆိုလိုပါဘူး။ သူ့အပြစ်အကြောင်း သိထားပြီးသားသူတွေကို ဆိုလိုတာပါ။ သူ့အပြစ်အကြောင်း သိထားပြီးသားသူတွေလို့ ပြောတဲ့အခါ မျက်မြင်သက်သေတွေ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အပြစ်လုပ်သူ ပြောပြထားလို့ ဒီကိစ္စကို သိနေသူတွေ ဖြစ်နိုင်တယ်။ အပြစ်လုပ်သူကို ဆုံးမပြီး ဖြစ်ကြောင်း သူတို့လောက်ကိုပဲ အကြီးအကဲတွေ အသိပေးမှာ ဖြစ်တယ်။

၁၇။ အပြစ်လုပ်သူကို ဆုံးမပြီး ဖြစ်ကြောင်း ဘယ်လိုအခြေအနေမှာ အသင်းတော်ကို ကြေညာမလဲ။ ဘာကြောင့်လဲ။

၁၇ တစ်ခါတလေကျတော့ တစ်ယောက်ယောက် အပြစ်လုပ်တာကို အသင်းတော်က လူတော်တော်များများ သိထားတာမျိုး၊ သိလာနိုင်တာမျိုး ရှိတတ်တယ်။ အဲဒီလိုအခြေအနေမှာတော့ “လူအများ” ဆိုတာ အသင်းတော်တစ်ခုလုံးကို ဆိုလိုတယ်။ ဒါကြောင့် အပြစ်လုပ်သူကို ဆုံးမပြီး ဖြစ်ကြောင်း အသင်းတော်ကို အကြီးအကဲတစ်ယောက် ကြေညာမှာ ဖြစ်တယ်။ “ဒါမှ တခြားသူတွေအတွက် သတိပေးချက် ဖြစ်လိမ့်မယ်။”

၁၈။ အသက် ၁၈ နှစ်အောက် နှစ်ခြင်းခံပြီးသူ ကြီးလေးတဲ့အပြစ် လုပ်ရင် အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်မလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၈ အသက် ၁၈ နှစ်အောက် နှစ်ခြင်းခံပြီးသူ ကြီးလေးတဲ့အပြစ် လုပ်ရင်ကော။ သက်သေခံ မိဘနဲ့အတူ သူ့ကို အကြီးအကဲနှစ်ယောက် တွေ့ဆုံဖို့ အကြီးအကဲအဖွဲ့ စီစဉ်ပေးတယ်။ c သူ နောင်တရလာဖို့ ဘယ်လို ကူညီပေးခဲ့ပြီလဲဆိုတာ မိဘတွေကို အကြီးအကဲတွေ မေးတယ်။ မိဘတွေ ကူညီပေးတာကို သူ လက်ခံပြီး အတွေးအခေါ်၊ အပြုအမူ ပြောင်းလဲနေတယ်ဆိုရင် မိဘတွေ ဆက်ကူညီပေးဖို့ အကြီးအကဲနှစ်ယောက် ဆုံးဖြတ်နိုင်တယ်။ အကြီးအကဲကော်မတီ ဖွဲ့ဖို့ မလိုဘူး။ သားသမီးကို မေတ္တာပါပါ ဆုံးမသွန်သင်ဖို့ဟာ မိဘတွေကို ဘုရား ပေးထားတဲ့ တာဝန် ဖြစ်လို့ပါပဲ။ (တရား. ၆:၆၊ ၇။ ပညာ. ၆:၂၀။ ၂၂:၆။ ဧ. ၆:၂-၄) ဒါပေမဲ့ သူ့ကို ဆက်ကူညီပေးနေသလား၊ ကူညီပေးတာကို သူ လက်ခံသလားဆိုတာ မိဘတွေကို အကြီးအကဲတွေ ရံဖန်ရံခါ မေးမှာ ဖြစ်တယ်။ သူ နောင်တမရဘဲ အပြစ်ဆက်လုပ်နေမယ်ဆိုရင်တော့ သက်သေခံ မိဘနဲ့အတူ သူ့ကို အကြီးအကဲကော်မတီ တွေ့ဆုံပါမယ်။

အသက် ၁၈ နှစ်အောက် နှစ်ခြင်းခံပြီးသူ ကြီးလေးတဲ့အပြစ် လုပ်တဲ့အခါ သက်သေခံ မိဘနဲ့အတူ သူ့ကို အကြီးအကဲနှစ်ယောက် တွေ့ဆုံ (စာပိုဒ် ၁၈ ကို ကြည့်ပါ)


“ယေဟောဝါဟာ အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်”

၁၉။ အပြစ်လုပ်သူနဲ့ တွေ့ဆုံတဲ့အခါ ယေဟောဝါကို အကြီးအကဲတွေ ဘယ်လို အတုယူသလဲ။

၁၉ ကော်မတီမှာ ပါဝင်တဲ့ အကြီးအကဲတွေဟာ အသင်းတော်ကို စင်ကြယ်အောင် ထားဖို့ တာဝန် ရှိတယ်။ (၁ ကော. ၅:၇) ဒါပေမဲ့ အပြစ်လုပ်သူ နောင်တရလာဖို့ သူတို့ အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ အပြစ်လုပ်သူ နောင်တရလာမှာပါဆိုတဲ့ မျှော်လင့်ချက် အမြဲ ထားကြတယ်။ ဘာကြောင့်လဲ။ “အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီး” တဲ့ ယေဟောဝါကို အတုယူကြလို့ပါပဲ။ (ယာ. ၅:၁၁) ယေဟောဝါရဲ့ ကရုဏာကို အတုယူသူတစ်ယောက်ကတော့ သက်ကြီး တမန်တော် ယောဟန်ပါ။ “သားသမီးတို့၊ ဒီအကြောင်းအရာတွေကို ရေးရတာက ခင်ဗျားတို့ အပြစ်မလုပ်မိအောင်ပါ။ ဒါပေမဲ့ တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။ သူကတော့ အဖဘုရားနဲ့အတူ ရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်ပဲ” လို့ ယောဟန် ပြောတယ်။—၁ ယော. ၂:၁

၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၂၀ ဝမ်းနည်းစရာက အပြစ်လုပ်သူတချို့ နောင်တမယူဘူး။ နောင်တမယူသူတွေကို အသင်းတော်ကနေ ဖယ်ရှားရမယ်။ ဒီလိုကိစ္စမျိုးကို အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်ကြသလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သီချင်း ၄၂ “အားနည်းသောသူတို့ကို မစရမည်”

a အရင်တုန်းကတော့ တရားရေးကော်မတီလို့ ခေါ်တယ်။ ဒါပေမဲ့ တရားစီရင်တာဟာ အကြီးအကဲတာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ ဒါကြောင့် တရားရေးကော်မတီလို့ မခေါ်ဘဲ အကြီးအကဲကော်မတီလို့ ပြောင်းလဲခေါ်ဆိုပါမယ်။

b “ယေဇဗေလ” ဆိုတာ အသင်းတော်မှာ ရှိသူတွေကို လမ်းလွဲအောင် လုပ်နေတဲ့ မိန်းမတစ်ယောက် ဒါမှမဟုတ် မိန်းမတစ်စုကို ဆိုလိုတာ ဖြစ်နိုင်တယ်။

c မိဘတွေကို ပြောထားတာဟာ တရားဝင် အုပ်ထိန်းသူ ဒါမှမဟုတ် မိဘတာဝန် ယူပေးထားသူတွေနဲ့လည်း သက်ဆိုင်ပါတယ်။