မိသားစုအတွက် အကူအညီ | မိဘများ

လိင်မှုကိစ္စအကြောင်း သားသမီးတွေကို သွန်သင်ပေးပါ

လိင်မှုကိစ္စအကြောင်း သားသမီးတွေကို သွန်သင်ပေးပါ

အခက်အခဲ

လွန်ခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်ကဆိုရင် မိဘတွေဟာ လိင်မှုကိစ္စအကြောင်း သားသမီးတွေကို တခြားသူထက်အရင် ပြောပြနိုင်တယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး တဖြည်းဖြည်းချင်း နားလည်အောင် ရှင်းပြပေးကြတယ်။

ဒါပေမဲ့ အခုတော့ အားလုံးပြောင်းလဲကုန်ပြီ။ “ကလေးတွေဟာ လိင်မှုကိစ္စအကြောင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မြင်ဖူး၊ ကြားဖူးနေကြတယ်။ ကလေးတွေနဲ့ဆိုင်တဲ့ ရုပ်ရှင်မီဒီယာတွေမှာလည်း လိင်အကြောင်းကို ထင်ထင်ပေါ်ပေါ် တင်ဆက်လာကြတယ်” လို့ စာအုပ်တစ်အုပ် (The Lolita Effect) မှာ ဖော်ပြထားတယ်။ ဒီအပြောင်းအလဲက ကလေးတွေကို ကောင်းကျိုးဖြစ်စေသလား ဒါမှမဟုတ် ထိခိုက်စေသလား။

သိသင့်သိထိုက်ရာ

နေရာတိုင်းမှာ လိင်အကြောင်းကို ထင်ထင်ပေါ်ပေါ် တင်ဆက်နေတယ်။ စာရေးဆရာမ ဒယ်ဗရာရော့မန်း ရေးသားတဲ့ စာအုပ်တစ်အုပ်မှာ အခုလိုဖော်ပြထားတယ်– “စကားပြောခန်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ သီချင်းစာသားတွေ၊ တီဗီရှိုးတွေ၊ မက်ဆေ့ချ်တွေ၊ ဂိမ်းတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင်တွေမှာ လိင်ကိုအသားပေးတဲ့ ပုံတွေ၊ စာသားတွေနဲ့ပဲ ပြည့်နေတယ်။ အဲဒါတွေကြောင့် လိင်ဆိုတာ တကယ်အရေးပါတဲ့ အရာပါလားလို့ လူငယ်တွေရော ကလေးတွေကိုပါ သွယ်ဝိုက်တဲ့နည်းနဲ့ ယူမှတ်သွားစေတယ်။”—Talk to Me First

ကြော်ငြာတွေလည်း အပြစ်မကင်းပါ။ ကြော်ငြာသမားတွေနဲ့ ဖြန့်ချိသူတွေဟာ မလုံ့တလုံ ကလေးအဝတ်အစားတွေ ကြော်ငြာပြီး ရောင်းချနေကြတယ်။ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ပုံပန်းအသွင်အပြင်အပေါ် အလွန်အမင်း အာရုံစိုက်တတ်အောင် ဒီနည်းနဲ့ လေ့ကျင့်ပေးနေကြတယ်။ “ကြော်ငြာသမားတွေက ကလေးတွေရဲ့ အကြိုက်ကို ကောင်းကောင်းသိထားတော့ အကျိုးအမြတ်ရဖို့ အဲဒါကို အသုံးချကြတယ်။ လိင်ကိုအသားပေးတဲ့ ပုံတွေ၊ ပစ္စည်းတွေတိုင်းဟာ ကလေးတွေကို လိင်အကြောင်း စိတ်ဝင်စားလာအောင် သင်ပေးနေတာမဟုတ်ပေမဲ့ ကြော်ငြာသမားတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အသစ်အဆန်းထွက်တိုင်း ကလေးတွေ လိုချင်စိတ်ဖြစ်လာအောင် လုပ်ဖို့ပဲ” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ —So Sexy So Soon

သတင်းအချက်အလက်နဲ့တင် မလုံလောက်ဘူး။ ကားတစ်စီးရဲ့ လုပ်ဆောင်ပုံအကြောင်း သိတာနဲ့ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တာ မတူဘူး။ အဲဒီလိုပဲ လိင်မှုကိစ္စအကြောင်း ဗဟုသုတရှိတာနဲ့ အဲဒီဗဟုသုတကို အသုံးပြုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချတာက မတူပါဘူး။

အဓိကအချက်– မိဘတွေအနေနဲ့ အရင်ကထက် ဒီခေတ်မှာ ကလေးတွေကို သူတို့ရဲ့ “သိနားလည်နိုင်စွမ်းကို အသုံးပြု” တတ်အောင် ကူညီပေးဖို့ လိုတယ်။ ဒါမှ “အမှားအမှန်ကို ပိုင်းခြားသိမြင်” တတ်တဲ့ ကလေးတွေ ဖြစ်လာကြမယ်။—ဟေဗြဲ ၅:၁၄

လုပ်ဆောင်နိုင်ရာ

ပြောပြပါ။ ကလေးကို လိင်မှုကိစ္စအကြောင်း ပြောပြဖို့ ခက်နေနိုင်ပေမဲ့ ဒါဟာ သင့်တာဝန်ဖြစ်တာမို့ ပြောပြရပါမယ်။—ကျမ်းစာအကြံပြုချက်သုတ္တံ ၂၂:၆

မကြာခဏ ဆွေးနွေးပေးပါ။ ကလေးကို လိင်မှုကိစ္စအကြောင်း ပြောပြတဲ့အခါ တစ်ချိန်တည်းနဲ့ အချိန်အကြာကြီး ရှင်းပြတာမျိုး မလုပ်ပါနဲ့။ အဲဒီအစား နှစ်ယောက်အတူ ခရီးသွားနေချိန်၊ အိမ်မှုကိစ္စ လုပ်နေချိန်ကို အခွင့်အရေးယူပြီး မကြာခဏ ပြောပြပါ။ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောလာနိုင်အောင် သဘောထားမေးခွန်းတွေ မေးပါ။ ဥပမာ၊ “လိင်ကိုအသားပေးထားတဲ့ ကြော်ငြာတွေကို သား ကြိုက်သလား” လို့မေးမယ့်အစား “ကြော်ငြာသမားတွေက ပစ္စည်းတွေ ရောင်းတဲ့အခါ ဒီလိုရုပ်ပုံတွေကို ဘာကြောင့် အသုံးပြုတယ်လို့ ထင်သလဲ” ဆိုပြီး မေးပါ။ ကလေးရဲ့အဖြေကို နားထောင်ပြီးနောက် “အဲဒါနဲ့ပတ်သက်ပြီး သား ဘယ်လိုမြင်သလဲ” လို့ မေးနိုင်တယ်။—ကျမ်းစာအကြံပြုချက်တရားဟောရာ ၆:၆၊ ၇

အသက်အရွယ်ကို ထည့်စဉ်းစားပါ။ လိင်အင်္ဂါတွေရဲ့ နာမည်ကို မှန်မှန်ကန်ကန် ခေါ်ဆိုတတ်ဖို့ မူကြိုတက်ခါစ ကလေးတွေကို သင်ပေးပါ။ ဒါ့အပြင် လိင်ဆိုင်ရာ အမြတ်ထုတ်သူတွေရဲ့ ရန်ကနေလည်း သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာ သင်ပေးပါ။ ကလေးတွေ အရွယ်ရောက်လာတဲ့အခါ မျိုးပွားခြင်းနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ အချက်လေးတွေကို ပြောပြထားပါ။ ကလေးတွေ ကြီးကောင်ဝင်ချိန်မှာတော့ လိင်နဲ့ပတ်သက်ပြီး ကာယပိုင်း၊ ကိုယ်ကျင့်တရားပိုင်းမှာ တော်တော်လေး သိရှိထားသင့်တယ်။

ကိုယ်ကျင့်တရားစံနှုန်းကို ပြောပြပါ။ ကလေးတွေ ငယ်ရွယ်စဉ်မှာပဲ လိင်မှုကိစ္စ အကြောင်းကို ရိုးရိုးသားသား၊ ခိုင်ခိုင်မာမာနဲ့ လေးလေးစားစား ပြောပြထားသင့်တယ်။ လိင်မှုကိစ္စအကြောင်း သူတို့ကို ပြောပြတာက အခြေခံအုတ်မြစ်ကောင်း တည်ဆောက် လိုက်တာပဲ။ အဲဒီနောက် လိင်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားစံနှုန်းကို ရှင်းရှင်းလင်းလင်း ပြောပြပါ။ ဥပမာ၊ လက်မထပ်ခင် လိင်ဆက်ဆံတာကို မှားတယ်လို့ သင် ရှုမြင်တယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး သူတို့ကို ပြောပြထားပါ။ အဲဒါက ဘာကြောင့် မှားတယ်၊ အန္တရာယ်ရှိတယ်ဆိုတာပါ ရှင်းပြပါ။ “ဆယ်ကျော်သက်အရွယ်မှာ လိင်မှုကျူးလွန်တာကို လုံးဝလက်မခံဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြထားတဲ့ မိသားစုတွေထဲက ကလေးတွေဟာ အဲဒီလိုကိစ္စမျိုးမှာ လွန်လွန်ကျူးကျူး ဖြစ်ဖို့ အကြောင်းပိုနည်းတယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—Beyond the Big Talk

ပုံနမူနာကောင်း ပြပါ။ ကလေးကို သွန်သင်ပေးတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း မိဘတွေ နေထိုင်ပါ။ ဥပမာ၊ သင်က ညစ်ညမ်းတဲ့ ပျက်လုံးတွေကို ကြိုက်သလား။ မလုံ့တလုံ အဝတ်အစားမျိုး ဝတ်သလား။ အီစီကလီ လုပ်တတ်သလား။ အဲဒီလိုအပြုအမူတွေက သင်ကြိုးစားသွန်သင်ပေးတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို တန်ဖိုးလျော့ကျစေတယ်။—ကျမ်းစာအကြံပြုချက်ရောမ ၂:၂၁

မှန်ကန်တဲ့သဘောထား ရှိစေပါ။ လိင်ဆိုတာ ဘုရားပေးလက်ဆောင်တစ်ခုဖြစ်တယ်။ ဒါ့အပြင် အိမ်ထောင်သည်တွေအတွက်ဆိုရင် အဲဒါဟာ ပျော်ရွှင်မှုရဲ့ ရင်းမြစ်တောင် ဖြစ်နိုင်တယ်။ (သုတ္တံ ၅:၁၈၊ ၁၉) လက်မထပ်ခင် လိင်ဆက်ဆံလိုက်မယ်ဆိုရင် စိတ်ဆင်းရဲပြီး စိတ်မလုံခြုံတာတွေ ခံစားရနိုင်ကြောင်း၊ အချိန်တန်မှဆိုရင်တော့ ကလေးအနေနဲ့ ဒီအဖိုးတန် ဆုလက်ဆောင်ကနေ ပျော်ရွှင်မှုခံစားရနိုင်ကြောင်း ပြောပြပါ။—၁ တိမောသေ ၁:၁၈၊ ၁၉