စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

သွေးကို သင့်လျော်စွာအသုံးပြုခြင်းနှင့်ပတ်သက်သည့် ကျမ်းစာပညတ်ချက်များကို သုံးသပ်ကြည့်လျှင် ယေဟောဝါသက်သေများသည် မိမိကိုယ်နှိုက်၏သွေးကိုအသုံးပြုသည့် ကုထုံးများကို မည်သို့ ရှုမြင်သနည်း။

ခရစ်ယာန်တိုင်းသည် ကိုယ့်စိတ်ကြိုက် သို့မဟုတ် ဆေးဘက်ဆိုင်ရာထောက်ခံချက်တစ်ခုခုပေါ်တွင်သာ အခြေပြု၍ ဆုံးဖြတ်ချက်ချမည့်အစား ကျမ်းစာမိန့်မှာချက်ကို အလေးအနက်သုံးသပ်သင့်သည်။ ယင်းသည် သူနှင့်ယေဟောဝါစပ်ကြား အရေးကိစ္စဖြစ်သည်။

ကျွန်ုပ်တို့၏အသက်သခင် ယေဟောဝါက သွေးကို မစားသုံးရဟု ပြဋ္ဌာန်းထားသည်။ (ကမ္ဘာဦး ၉:၃၊ ၄) ရှေးဣသရေလအတွက် ပညတ်တရားတွင် သွေးသည် အသက်ကိုကိုယ်စားပြုသောကြောင့် ယင်းကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ကန့်သတ်ပေးခဲ့၏။ “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ ပြုသောအပြစ်ကို ဖြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ” ဟုကိုယ်တော်ပြဋ္ဌာန်းခဲ့၏။ လူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်ကို စားဖို့သတ်ခဲ့လျှင်ကောအသို့နည်း။ “အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်” ဟူ၍ ဘုရားသခင်မိန့်ဆိုခဲ့သည်။ a (ဝတ်ပြုရာ ၁၇:၁၁၊ ၁၃) ယေဟောဝါသည် ဤပညတ်ကို ထပ်ခါထပ်ခါမိန့်ကြားခဲ့သည်။ (တရားဟောရာ ၁၂:၁၆၊ ၂၄; ၁၅:၂၃) ဂျူးစောန်စီနိုကူမက်ရှ်က ဤသို့ဖော်ပြသည်– “သွေးကို မသိုလှောင်ရဘဲ မြေပေါ်သွန်ခြင်းဖြင့် စားသုံးဖို့မသင့်တော်အောင်လုပ်ရမည်။” သတ္တဝါနောက်တစ်ကောင်၏အသက်ကို ဘုရားသခင်ပိုင်ဆိုင်သောကြောင့် ၎င်း၏သွေးကို အသုံးပြုရန်သီးသန့်ထားခြင်း၊ သိုလှောင်ထားခြင်း၊ အသုံးပြုခြင်းတို့ကို မည်သည့်ဣသရေလကမျှ မပြုလုပ်ခဲ့ရချေ။

မောရှေပညတ်ကိုစောင့်ထိန်းဖို့တာဝန်သည် မေရှိယကွယ်လွန်သောအခါ အဆုံးတိုင်ခဲ့သည်။ သို့တိုင် သွေး၏အထွတ်အမြတ်ဖြစ်မှုနှင့်ပတ်သက်ပြီး ဘုရားသခင်၏ရှုမြင်ချက်မှာ ဆက်လက်တည်မြဲနေဆဲပင်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုအားဖြင့် တမန်တော်များက ခရစ်ယာန်များအား ‘အသွေးကိုကြဉ်ရှောင်’ ကြရန် ညွှန်ကြားခဲ့သည်။ ၎င်းပညတ်ကို ပေါ့ပေါ့တန်တန်ယူမှတ်ရန်မဟုတ်ပေ။ ယင်းသည် လိင်အကျင့်ယိုယွင်းခြင်း သို့မဟုတ် ရုပ်ကိုးကွယ်ခြင်းကို ကြဉ်ရှောင်ခြင်းတမျှ အရေးကြီးသောကိုယ်ကျင့်တရားဖြစ်သည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ၂၁:၂၅) ၂၀ ရာစုတွင် သွေးလှူဒါန်းခြင်းနှင့် သွေးသွင်းခြင်းတို့သည် အစဉ်အလာဖြစ်လာသောအခါ ဤလုပ်ရပ်သည် ဘုရားသခင်၏နှုတ်မြွက်စကားတော်နှင့် ဖီလာဆန့်ကျင်သည်ဟု ယေဟောဝါသက်သေများ သဘောပေါက်ကြသည်။ b

တစ်ခါတစ်ရံ ဆရာဝန်တစ်ဦးက လူနာဖြစ်သူအား မခွဲစိတ်မီ အပတ်အနည်းငယ်အလိုတွင် ကိုယ့်သွေးကို (မခွဲစိတ်မီကြိုတင်၍ ကိုယ်ပိုင်သွေးကိုလှူထားခြင်း သို့မဟုတ် ပီအေဒီ) သွေးလှူဘဏ်တွင်ထားရန် တိုက်တွန်းတတ်သည်၊ အကယ်၍ သွေးသွင်းရန်လိုအပ်လာလျှင် လူနာအား မိမိကိုယ်နှိုက်၏သိုလှောင်ထားသောသွေးကို ပြန်သွင်းပေးနိုင်ရန်ဖြစ်မည်။ သို့ရာတွင် ဤသို့သော သွေးကိုစုဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် သွေးသွင်းခြင်းတို့သည် ဝတ်ပြုရာနှင့်တရားဟောရာကျမ်းတို့၌ မိန့်မှာထားချက်နှင့် တိုက်ရိုက်ဆန့်ကျင်သည်။ သွေးကို သိုလှောင်ထားရန်မဟုတ်ပါ; သွန်ပစ်ရန်ဖြစ်သည်—ယင်းသည် ဘုရားသခင်ထံ ပြန်သွားဘိသကဲ့သို့ဖြစ်၏။ ယခု မောရှေပညတ်ပျက်ပြယ်သွားသည်မှာ အမှန်ပင်။ သို့တိုင် ယေဟောဝါသက်သေများသည် ယင်းပညတ်တွင် ဘုရားသခင်ထည့်သွင်းထားသောမူများကို လေးမြတ်ကြသောကြောင့် ‘သွေးကိုကြဉ်ရှောင်’ ရန်သန္နိဋ္ဌာန်ချထားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သွေးမလှူသည့်အပြင် ‘သွန်’ ပစ်သင့်သည့် မိမိတို့၏သွေးကို ပြန်သွင်းရန်အတွက် မသိုလှောင်ထားပါ။ ၎င်းလုပ်ရပ်သည် ဘုရားသခင်၏ပညတ်နှင့် ဆန့်ကျင်၏။

အခြားကုထုံး သို့မဟုတ် လူတစ်ဦး၏ကိုယ်နှိုက်သွေးနှင့်ပတ်သက်သော သွေးစစ်ခြင်းတို့သည် ဘုရားသခင်ပြဋ္ဌာန်းထားသောမူများကို သိသိသာသာဆန့်ကျင်သည်မဟုတ်ပါ။ ဥပမာ၊ ခရစ်ယာန်များစွာတို့သည် စမ်းသပ်ရန် သို့မဟုတ် ဓာတ်ခွဲဆန်းစစ်ရန် သူတို့သွေးအချို့ကို ထုတ်ယူခွင့်ပြုခဲ့ကြသည်၊ ယင်းနောက်တွင် ထိုသွေးနမူနာကို စွန့်ပစ်လိုက်သည်။ မိမိကိုယ်နှိုက်၏သွေးပါဝင်သော ပို၍ရှုပ်ထွေးသည့် အခြားကုထုံးများကိုလည်း ခံယူဖို့ပြောပေမည်။

ဥပမာ၊ ခွဲစိတ်ကုသမှုပြုလုပ်နေစဉ် သွေးကျဲခြင်းဟုခေါ်သော လုပ်ထုံးလုပ်နည်းတွင် သွေးအချို့ကို ကိုယ်ခန္ဓာမှလွှဲပြောင်းထားပေမည်။ လူနာတွင်ကျန်ရှိနေသော သွေးကို ကျဲအောင်ပြုလုပ်ပေးသည်။ နောက်ပိုင်းတွင် ကိုယ်ခန္ဓာပြင်ပသွေးလှည့်ပတ်လမ်းဖြင့် သူ၏သွေးကို သူ့ထဲသို့ပြန်ဝင်စေသည်၊ သို့ဖြင့် သူ၏သွေးဥအရေအတွက်ကို ပုံမှန်အရေအတွက်နီးပါးရှိလာစေသည်။ အလားတူ၊ သွေးနီဥများကို လူနာထဲသို့ပြန်ရောက်စေနိုင်ရန် ဒဏ်ရာထဲသို့စီးဆင်းလာသော သွေးကို ထိန်းပေးပြီး စစ်ထုတ်ပေးနိုင်သည်; ယင်းကို ဆဲလ်ဆယ်ထုတ်ခြင်းဟုခေါ်သည်။ နောက်တစ်နည်းမှာ ကိုယ်အင်္ဂါများ (ဥပမာ၊ နှလုံး၊ အဆုတ်များ သို့မဟုတ် ကျောက်ကပ်များ) ၏ပုံမှန်သွေးလှည့်ပတ်စေသောတာဝန်ကို စက်များထံလွှဲပို့ပေးကာ ယာယီလည်ပတ်ပေးစေတတ်သည်။ သို့ ဖြင့် သွေးသည် စက်မှတစ်ဆင့် လူနာထံပြန်စီးဝင်လာစေသည်။ အခြားကုထုံးတို့တွင် ပျက်စီးနေသော သို့မဟုတ် ချွတ်ယွင်းနေသောအပိုင်းများကို ဖယ်ရှားပစ်နိုင်ရန် သွေးကို ခွဲထုတ်စက် (ဗဟိုခွာစက်) ဘက်သို့ လွှဲပြောင်းပေးသည်။ ရည် ရွယ်ချက်မှာ သွေးအစိတ်အပိုင်းအချို့ကို သီးခြားခွဲထုတ်ထားပြီး ကိုယ်ခန္ဓာ၏အခြားတစ်နေရာရာတွင် သုံးရန်ဖြစ်သည်။ သွေး၏အခြေအနေကိုသိရှိရန် သို့မဟုတ် သွေးထဲတွင်ဆေးထည့်ရန်အတွက် သွေးအချို့ကို ထုတ်ယူရကာ လူနာထဲသို့ပြန်သွင်းပေးသည့် စမ်းသပ်စစ်ဆေးမှုများလည်းရှိသည်။

အသေးစိတ်အချက်အလက်များသည် ကွဲပြားခြားနားကြပြီး အသစ်သောကုထုံးအဆင့်ဆင့်၊ ကုသနည်းများနှင့် စမ်းသပ်နည်းများသည် အမှန်ပင်တိုးတက်လျက်ရှိသည်။ တစ်ခုစီကို ဆန်းစစ်လေ့လာပြီး ဆုံးဖြတ်ချက်ချပေးရန်မှာ ကျွန်ုပ်တို့၏တာဝန်မဟုတ်ပါ။ ခရစ်ယာန်တစ်ဦးသည် ခွဲစိတ်ကုသနေစဉ်၊ ဆေးစစ်ခံနေစဉ် သို့မဟုတ် လောလောလတ်လတ်ကုထုံးတို့ ဖြင့်ကုသနေစဉ် မိမိ၏ကိုယ်ပိုင်သွေးကို မည်သို့ပြုလုပ်မည်နှင့်စပ်လျဉ်း၍ မိမိဘာသာဆုံးဖြတ်ရမည်ဖြစ်သည်။ သူသည် ကုသနေစဉ်အတွင်း မိမိ၏သွေးကို ဘာပြုလုပ်မည်နှင့်ပတ်သက်သည့် အချက်အလက်များကို ဆရာဝန် သို့မဟုတ် အတတ်ပညာရှင်ထံမှ ကြိုတင်၍ရယူသင့်သည်။ ထို့နောက် မိမိ၏ကိုယ်ကိုကိုယ်သိသောစိတ် ခွင့်ပြုချက်နှင့်အညီ ဆုံးဖြတ်ချက်ချရမည်။ (လေးထောင့်ကွက်ကိုရှု)

ခရစ်ယာန်များအနေဖြင့် မိမိတို့သည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားကြောင်းနှင့် “စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့်ချစ်” ရန်တာဝန်ရှိကြောင်းတို့ကို စိတ်စွဲမှတ်ထားသင့်သည်။ (လုကာ ၁၀:၂၇) ယေဟောဝါသက်သေများသည် လောကမှအများစုနှင့်မတူဘဲ ဘုရားသခင်နှင့် မိမိတို့၏ကောင်းသောဆက်ဆံရေးကို လွန်စွာတန်ဖိုးထားကြသည်။ ယေရှုသွန်းခဲ့သောအသွေးတော်ကို စိတ်ချယုံကြည်ရန် အသက်ပေးရှင်က ကျွန်ုပ်တို့အားလုံးကို တိုက်တွန်းခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သားတော် [ယေရှုခရစ်] ၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။”—ဧဖက် ၁:၇

[အောက်ခြေမှတ်ချက်များ]

a ပါမောက္ခဖရဲန့်ခ် အိပ်ချ်. ဂေါ့မဲန်က ဤသို့ရေးသည်– “သွေးကိုသွန်လိုက်ခြင်းသည် တိရစ္ဆာန်၏အသက်နှင့် ထိုကြောင့်၊ ထိုအသက်ကိုဖန်ဆင်းကာ ဆက်၍စောင့်ရှောက်ပေးသော ဘုရားသခင်ကို လေးစားရာရောက်သည့် ရိုသေလေးမြတ်သောအပြုအမူတစ်ခုအဖြစ် ကောင်းစွာနားလည်သဘောပေါက်သည်။”

b ၁၉၅၁၊ ဇူလိုင် ၁ ကင်းမျှော်စင်တွင် လှူထားသောသွေးကိုသွင်းခြင်းသည် အဘယ်ကြောင့်မသင့်တော်ကြောင်း ဖော်ပြ၍ ယင်းအကြောင်းနှင့်ပတ်သက်သော အဓိကမေးခွန်းများကို ဖြေဆိုထား၏။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ကိုယ်သင်မေးဖို့ မေးခွန်းများ

ကျွန်ုပ်၏သွေးအချို့ကို ခန္ဓာကိုယ်၏ပြင်ပသို့ လွှဲပြောင်းထားပြီး သွေးလည်ပတ်စီးဆင်းမှု တစ်ခဏတာရပ်တန့်သွားမည်ဆိုလျှင်ပင် ၎င်းသွေးသည် မိမိ၏အစိတ်အပိုင်းဖြစ်နေသေးသည်၊ ‘မြေပေါ်သို့သွန်’ ရန်မလိုအပ်ဟု ရှုမြင်ဖို့ ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်ပြုမည်လော။

ရောဂါရှာဖွေနေစဉ် သို့မဟုတ် ကုသနေစဉ်အတွင်း ကျွန်ုပ်၏ကိုယ်ပိုင်သွေးအချို့ကို ထုတ်ယူပြီး ပြုပြင်မွမ်းမံကာ ကိုယ်ခန္ဓာထဲသို့ ပြန်စီးဝင်စေမည်ဆိုပါက ကျွန်ုပ်၏ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်ဖြစ်စေမည်လော။