ဘဝအတ္ထုပ္ပတ္တိ

“မြင်ပေမဲ့ နားမလည်”

ကျွန်တော်အသက် ငါးနှစ်လောက်က

“မြင်ပေမဲ့ နားမလည်”

ကျွန်တော် နှစ်နှစ်သားအရွယ် ၁၉၇၅ ခုနှစ်တုန်းက ကျွန်တော့်မှာ တစ်ခုခု ထူးခြားနေတာကို အမေ သံသယဝင်လာခဲ့တယ်။ ကျွန်တော့်ကို အမေ ပွေ့ချီထားချိန်မှာ အမေ့မိတ်ဆွေတစ်ယောက်ကြောင့် လေးလံတဲ့ အရာဝတ္ထုကြီးတစ်ခု လွတ်ကျသွားပြီး ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာတယ်။ ကျွန်တော် မလန့်သွားတာကို အမေ သတိပြုမိလိုက်တယ်။ ကျွန်တော်ဟာ သုံးနှစ်သားအရွယ်ရောက်တော့လည်း စကားမပြောနိုင်သေးဘူး။ အဲဒီနောက်ပိုင်း ကျွန်တော့်ကို ဆွံ့အနားမကြားတဲ့သူလို့ အထူးကုဆရာဝန်တွေက အတည်ပြုပြောလိုက်တဲ့အခါ မိသားစုက တုန်လှုပ်သွားတယ်။

ကျွန်တော် နို့စို့အရွယ်မှာပဲ မိဘတွေ ကွာရှင်းလိုက်ကြတယ်။ ကျွန်တော်အပါအဝင် အစ်ကိုနှစ်ယောက်နဲ့ အစ်မတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ အမေတစ်ယောက်တည်းပဲ တာဝန်ယူခဲ့ရတယ်။ အဲဒီအချိန်တုန်းက ပြင်သစ်နိုင်ငံမှာရှိတဲ့ ဆွံ့အနားမကြား ကလေးတွေဟာ ကနေ့ခေတ်မှာရှိတဲ့ ဆွံ့အနားမကြား ကလေးတွေလို ပညာမသင်ခဲ့ရပါဘူး။ သင်ကြားတဲ့ပုံစံတွေကလည်း တစ်ခါတလေ ကလေးတွေကို အခက်အခဲတွေ့စေတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ကလေးဘဝကတည်းက တခြားဆွံ့အနားမကြား ကလေးတွေ မရရှိတဲ့ အခွင့်ထူးတစ်ခုကို ရရှိခဲ့တယ်။ အကြောင်းစုံကို ကျွန်တော် ရှင်းပြပါရစေ။

နှစ်အတန်ကြာတဲ့အထိ ဆရာတော်တော်များများဟာ ဆွံ့အနားမကြား ကလေးတွေကို အတင်းအကြပ် စကားပြောခိုင်းတယ်၊ ဆရာတွေ စကားပြောတဲ့အခါ ပါးစပ်လှုပ်တာကိုကြည့်ပြီး နားလည်အောင် ကြိုးစားခိုင်းတယ်။ ကျွန်တော် ကြီးပြင်းလာတဲ့ ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ လက်သင်္ကေတပြ ဘာသာစကားကို အသုံးမပြုဖို့ တားမြစ်ထားတယ်။ ဆွံ့အနားမကြားတဲ့ ကလေးတချို့ကိုဆိုရင် စာသင်ချိန်အတွင်းမှာ လက်ဟန်အမူအရာတွေ မပြနိုင်အောင် သူတို့ရဲ့လက်တွေကို နောက်ပြန်ကြိုးတုပ်ထားတယ်။

ကျွန်တော့်ရဲ့ငယ်ဘဝ အချိန်တချို့ဟာ စကားပြောကုထုံးပညာရှင်တစ်ယောက်နဲ့ပဲ ကုန်ဆုံးခဲ့ရတယ်။ ကျွန်တော့်ရဲ့ မေးရိုး ဒါမှမဟုတ် ခေါင်းကို ကိုင်ထားပြီး ကျွန်တော် မကြားရတဲ့ အသံတွေကို ပြောထွက်အောင် ထပ်ခါတလဲလဲ ကြိုးစားခိုင်းတယ်။ ကျွန်တော်ဟာ တခြားကလေးတွေနဲ့ မဆက်သွယ်နိုင်ခဲ့ပါဘူး။ အဲဒီနှစ်တွေက ကျွန်တော် ဒုက္ခခံခဲ့ရတဲ့ နှစ်တွေပါပဲ။

ကျွန်တော် အသက် ခြောက်နှစ်ရောက်တော့ ဆွံ့အနားမကြားကျောင်းကို တက်ရတယ်။ တခြားဆွံ့အနားမကြား ကလေးတွေနဲ့ ကျွန်တော် ဦးဆုံးအကြိမ် ထိတွေ့ဆက်ဆံခဲ့ရတာဖြစ်တယ်။ ဒီကျောင်းမှာလည်း လက်သင်္ကေတပြ ဘာသာစကားကို မသုံးခိုင်းဘူး။ စာသင်ခန်းထဲမှာ လက်ဟန်အမူအရာပြမယ်ဆိုရင် ကျွန်တော်တို့ လက်ခေါက်တွေ အခေါက်ခံရတယ်၊ ဆံပင်တွေ အဆွဲခံရတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ထွင်ထားတဲ့ သင်္ကေတတွေနဲ့ တိတ်တိတ်ကလေး ဆက်သွယ်ကြတယ်။ နောက်ဆုံးမှာတော့ တခြားကလေးတွေနဲ့ ကျွန်တော် ဆက်သွယ်နိုင်လာတယ်။ ဒီလိုနဲ့ စာသင်နှစ် လေးနှစ်တာကာလမှာ ပျော်ရွှင်ခဲ့ရတယ်။

အသက် ဆယ်နှစ်ရောက်တော့ နားကြားတဲ့ကလေးတွေရှိတဲ့ မူလတန်းကျောင်းကို ပြောင်းသွားတယ်။ ကျွန်တော် တော်တော်လေး စိတ်အားငယ်မိတယ်။ ဆွံ့အနားမကြား ကလေးတွေ သေကုန်ပြီ၊ လောကကြီးထဲမှာ ကျွန်တော်ပဲ ကျန်ရစ်တော့တယ်ဆိုပြီး ထင်ခဲ့မိတယ်။ စကားပြောကုထုံးကနေ ကျွန်တော် အကျိုးမရမှာကို စိုးရိမ်နေတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်ကို လိုက်နာတဲ့အနေနဲ့ ကျွန်တော့်မိသားစုဟာ လက်သင်္ကေတပြ ဘာသာစကားကို မသင်ခဲ့ဘူး။ ကျွန်တော့်ကိုလည်း ဆွံ့အနားမကြားကလေးတွေနဲ့ မပေါင်းခိုင်းဘူး။ အထူးကုဆရာဝန်တစ်ယောက်နဲ့ သွားတွေ့တဲ့အချိန်ကို ကျွန်တော် မှတ်မိသေးတယ်၊ သူ့စားပွဲမှာ လက်သင်္ကေတပြ ဘာသာစကားစာအုပ်တစ်အုပ် တင်ထားတာကို တွေ့လိုက်တယ်။ အဲဒီစာအုပ်ရဲ့ မျက်နှာဖုံးပုံကို ကျွန်တော် တွေ့တော့ စာအုပ်ကို လက်ညှိုးထိုးပြီး “အဲဒါကို ကျွန်တော်လိုချင်တယ်” လို့ပြောလိုက်တယ်။ ဆရာဝန်က ချက်ချင်းပဲ စာအုပ်ကို ဝှက်လိုက်တယ်။ *

ကျမ်းစာအမှန်တရားကို စတင်လေ့လာ

အမေက ကျွန်တော်တို့ကို ခရစ်ယာန်မူတွေအတိုင်း ဆုံးမသွန်သင်ပေးခဲ့တယ်။ ပြီးတော့ ဘော်ဒိုးမြို့အနားက ယေဟောဝါသက်သေတွေရဲ့ မေရန်ယာ့ခ်အသင်းတော်မှာ အစည်းအဝေးတွေတက်ဖို့ ကျွန်တော်တို့ကို ခေါ်သွားတယ်။ ကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ အစည်းအဝေးတွေမှာ နည်းနည်းပါးပါးပဲ နားလည်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်က လူတွေဟာ ကျွန်တော့်ဘေးမှာ တစ်လှည့်စီထိုင်ပြီး တင်ဆက်တဲ့အရာတွေကို မှတ်စုယူပေးကြတယ်။ သူတို့ရဲ့မေတ္တာနဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော် စိတ်ထိမိခဲ့တယ်။ အိမ်မှာ အမေက ကျမ်းစာသင်ပေးပေမဲ့ သင်ပေးတဲ့ အကြောင်းအရာတွေကို အပြည့်အဝ နားမလည်ခဲ့ပါဘူး။ ကောင်းကင်တမန်တစ်ပါးဆီကနေ ပရောဖက်ပြုချက်ကို ရရှိပြီးတဲ့နောက် “ကြား၍ နားမလည်” ပါလို့ ပြောခဲ့တဲ့ ပရောဖက် ဒံယေလနဲ့ ကျွန်တော် တူတယ်လို့ ခံစားခဲ့ရတယ်။ (ဒံယေလ ၁၂:၈) ကျွန်တော့်အတွက်ကတော့ “မြင်ပေမဲ့ နားမလည်” တဲ့အဖြစ်မျိုးပါ။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ ကျမ်းစာအခြေခံ အကြောင်းအရာတချို့ကို သိလာပါတယ်။ ကျွန်တော် ရှင်းရှင်းလင်းလင်း နားလည်တဲ့အရာတွေကို တန်ဖိုးထားပြီး ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားတယ်။ ဒါ့အပြင် တခြားသူတွေရဲ့ အပြုအမူတွေကို ကြည့်ပြီးတော့လည်း သင်ယူတယ်။ ဥပမာ၊ သမ္မာကျမ်းစာက ကျွန်တော်တို့ကို စိတ်ရှည်ဖို့ ပြောတယ်။ (ယာကုပ် ၅:၇၊ ၈) စိတ်ရှည်ခြင်းက ဘာကိုဆိုလိုမှန်း ကျွန်တော် နားမလည်ဘူး။ ဒါပေမဲ့ အဲဒီအရည်အသွေးကို ကျွန်တော်နဲ့ယုံကြည်ခြင်းတူတဲ့သူတွေ ပြသနေတာကို ကြည့်ပြီး စိတ်ရှည်ခြင်းက ဘာကိုဆိုလိုတယ်ဆိုတာ နားလည်လာရတယ်။ ကျွန်တော်ဟာ ခရစ်ယာန်အသင်းတော်ကနေ အကျိုးကျေးဇူး အများကြီးရရှိခဲ့ပါတယ်။

ခါးသီးတဲ့ စိတ်ပျက်မှုနဲ့ အံ့အားသင့်စရာကောင်းတဲ့ ဖြစ်ရပ်

တစ်နေ့မှာ ဆွံ့အနားမကြား လူငယ်တချို့ လမ်းပေါ်မှာ တစ်ယောက်ကိုတစ်ယောက် လက်သင်္ကေတပြ ဘာသာစကားနဲ့ ဆက်သွယ်နေကြတာကို ကျွန်တော် တွေ့လိုက်ရတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ဆယ်ကျော်သက်အရွယ်ထဲ ရောက်နေပါပြီ။ ကျွန်တော် သူတို့နဲ့ တိတ်တိတ်လေး ပေါင်းပြီး ပြင်သစ် လက်သင်္ကေတပြ ဘာသာစကားကို သင်ယူခဲ့တယ်။ ကျွန်တော်ဟာ အစည်းအဝေးတွေကို ဆက်တက်နေတယ်၊ အဲဒီမှာ စတေဖန်လို့ခေါ်တဲ့ သက်သေခံလူငယ်တစ်ယောက်က ကျွန်တော့်ကို တော်တော်လေး ဂရုစိုက်တယ်။ သူဟာ ကျွန်တော်နဲ့ ဆက်သွယ်ပြောဆိုဖို့ ကြိုးစားတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် ရင်းနှီးလာတယ်။ ဒါပေမဲ့ ခါးသီးတဲ့ စိတ်ပျက်မှုက ကျွန်တော့်ကို စောင့်ကြိုနေပါတယ်။ စတေဖန်ဟာ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ထောင်ချခံလိုက်ရတယ်။ သူထောင်ကျနေတုန်း ကျွန်တော် တော်တော် ဝမ်းနည်းခဲ့ရတယ်။ ကျွန်တော် စိတ်ဓာတ်ကျလာပြီး အစည်းအဝေးတွေ မတက်သလောက်ဖြစ်သွားတယ်။

ဆယ့်တစ်လကြာပြီးတဲ့နောက် စတေဖန် ထောင်ကလွတ်ပြီး အိမ်ပြန်ရောက်လာတယ်။ စတေဖန်က လက်သင်္ကေတပြ ဘာသာစကားကို အသုံးပြုပြီး ကျွန်တော့်ကို ဆက်သွယ်ပြောဆိုတဲ့အခါ ကျွန်တော် ဘယ်လောက်အံ့သြသွားသလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ ဘာတွေများ ဖြစ်ခဲ့တာလဲ။ စတေဖန်ဟာ ထောင်ထဲမှာ ပြင်သစ်လက်သင်္ကေတပြ ဘာသာစကားကို သင်ယူခဲ့တယ်။ စတေဖန်ရဲ့ လက်လှုပ်ရှားပုံတွေနဲ့ မျက်နှာအမူအရာတွေကို ကျွန်တော် ကြည့်လိုက်တဲ့အခါ ကျွန်တော့်အတွက် အကျိုးရှိမှာပဲလို့ တွေးမိပြီး စိတ်လှုပ်ရှားသွားတယ်။

နောက်ဆုံးတော့ ကျမ်းစာအမှန်တရားကို နားလည်လာ

ကျမ်းစာကို ကျွန်တော် နားလည်လာအောင် စတေဖန် ကူညီပေးခဲ့

ကျွန်တော် စတေဖန်နဲ့အတူ ကျမ်းစာ လေ့လာခဲ့တယ်။ အဲဒီအချိန်ကစပြီး အရင်က ကျွန်တော် သင်ယူခဲ့တဲ့ ကျမ်းစာအမှန်တရား အားလုံးကို အပြည့်အဝ နားလည်နိုင်တော့တယ်။ ကလေးဘဝတုန်းက ကျွန်တော်ဟာ ကျမ်းစာအခြေပြုစာပေတွေမှာပါတဲ့ လှပတဲ့ရုပ်ပုံတွေ ကြည့်ရတာကို နှစ်သက်တယ်။ ကျွန်တော့်စိတ်ထဲ စွဲသွားအောင် ရုပ်ပုံတွေမှာပါတဲ့ ဇာတ်ကောင်တွေကို နှိုင်းယှဉ်ပြီး အသေးစိတ်လေ့လာမှတ်သားတယ်။ အာဗြဟံ၊ သူ့ရဲ့ “အမျိုးအနွယ်၊” “လူအုပ်ကြီး” အကြောင်းတွေကို ကျွန်တော် သိထားတယ်။ ဒါပေမဲ့ အဲဒီအကြောင်းအရာတွေရဲ့ အဓိပ္ပာယ်တွေကို လက်သင်္ကေတပြ ဘာသာစကားနဲ့ ရှင်းပြမှပဲ အပြည့်အဝ နားလည်တော့တယ်။ (ကမ္ဘာဦး ၂၂:၁၅-၁၈; ဗျာဒိတ် ၇:၉) ကျွန်တော့်အတွက် အဓိကဘာသာစကားကို တွေ့လိုက်ပြီဆိုတာ ထင်ရှားလာပါတယ်။

အခုဆိုရင် အစည်းအဝေးတွေမှာ တင်ဆက်တဲ့ အကြောင်းအရာတွေကို ကျွန်တော် နားလည်လာပါပြီ။ ကျွန်တော် နှလုံးထိမိပြီး ကျမ်းစာအသိပညာတွေကို ထပ်သိချင်လာပါတယ်။ စတေဖန်ရဲ့အကူအညီကြောင့် ကျမ်းစာအကြောင်း တဖြည်းဖြည်း သိနားလည်လာတယ်။ ၁၉၉၂ ခုနှစ်ရောက်တော့ ကျွန်တော့်ဘဝကို ယေဟောဝါဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်ပါတယ်။ ကျွန်တော် တိုးတက်လာတယ်ဆိုပေမဲ့ တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ရှက်ရွံ့နေတုန်းပဲ။ ဘာကြောင့်လဲဆိုတော့ ငယ်ငယ်တုန်းက တခြားသူတွေနဲ့ မဆက်သွယ်နိုင်ခဲ့လို့ပါပဲ။

ရှက်ရွံ့စိတ်ကို ဖယ်ရှားခြင်း

ကျွန်တော့်အတွက် ဗာနက်ဆာက စစ်မှန်တဲ့ အထောက်အမဖြစ်

တစ်နေ့မှာ ကျွန်တော်တို့ရဲ့ ဆွံ့အနားမကြား သီးခြားအုပ်စုဟာ ဘော်ဒိုးမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ပီဆက် ဆွံ့အနားမကြား အသင်းတော်နဲ့ ပူးပေါင်းလိုက်တယ်။ အဲဒီလိုပူးပေါင်းလိုက်တဲ့အတွက် ကျွန်တော်ဟာ အမှန်တရားမှာ ဆက်တိုးတက်လာတယ်။ ပြောဆိုဆက်သွယ်ဖို့ အခက်အခဲ ရှိနေသေးပေမဲ့ နားကြားတဲ့ မိတ်ဆွေတွေက အကြောင်းအရာအားလုံးကို ကျွန်တော် နားလည်နိုင်အောင် ကူညီပေးကြတယ်။ ကျွန်တော့်ကို ပြောဆိုဆက်သွယ်ဖို့ တကူးတက ကြိုးစားတဲ့ မောင်နှံတစ်စုံရှိတယ်။ သူတို့ရဲ့နာမည်ကတော့ ဇယ်လ်နဲ့ အေလိုဒီပါ။ အစည်းအဝေးပြီးတဲ့နောက်မှာ သူတို့နဲ့အတူ ကော်ဖီသောက်ဖို့ ဒါမှမဟုတ် တစ်ခုခုသုံးဆောင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တတ်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ခင်မင်ရင်းနှီးလာကြတယ်။ ဘုရားသခင်ရဲ့ မေတ္တာပါနည်းလမ်းတွေကို လိုက်နာသူတွေကြားမှာ ရှိနေရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။

အဲဒီအသင်းတော်မှာပဲ ဗာနက်ဆာလို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ညီအစ်မတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ သူ့ရဲ့ အကင်းပါးမှုနဲ့ မျှမျှတတ စဉ်းစားတွေးခေါ်တတ်တာကို ကျွန်တော် သဘောကျမိတယ်။ ကျွန်တော် နားမကြားတာကို ပြောဆိုဆက်သွယ်ဖို့ အတားအဆီးအဖြစ် သူရှုမြင်မယ့်အစား ဆွံ့အနားမကြားတဲ့သူကို ဘယ်လိုဆက်သွယ်မလဲဆိုတာကို သင်ယူနိုင်မယ့်နည်းလမ်းအဖြစ် ရှုမြင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မေတ္တာမျှခဲ့ကြတယ်။ ၂၀၀၅ ခုနှစ်ရောက်တော့ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ ကောင်းကောင်းဆက်သွယ်ဖို့ အခက်အခဲရှိနေပေမဲ့လည်း ကျွန်တော့်ရဲ့ ရှက်ရွံ့စိတ်ကို ဖယ်ရှားဖို့နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ဖို့ ဗာနက်ဆာ ကူညီပေးခဲ့တယ်။ ကျွန်တော့်ရဲ့တာဝန်တွေကို လုပ်ဆောင်တဲ့အခါ သူ့ရဲ့ကူညီပေးမှုတွေကို ကျွန်တော် အရမ်းတန်ဖိုးထားလေးမြတ်ပါတယ်။

ယေဟောဝါဘုရားသခင်ဆီက နောက်ထပ်ဆုတစ်ခု

ကျွန်တော်တို့ လက်ထပ်တဲ့နှစ်မှာပဲ လူဗီယာမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ပြင်သစ်ဌာနခွဲရုံးက ဘာသာပြန်လုပ်ငန်းအတွက် တစ်လကြာ လေ့ကျင့်မှုခံယူဖို့ ကျွန်တော့်ကို ဖိတ်ခေါ်လိုက်တယ်။ အဲဒီမတိုင်ခင် နှစ်တွေတုန်းက ဌာနခွဲရုံးဟာ ကျမ်းစာအခြေပြုစာပေတချို့ကို ပြင်သစ်လက်သင်္ကေတပြ ဘာသာစကားနဲ့ ဒီဗီဒီခွေ ထုတ်ဝေဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ နောက်ထပ်လုပ်စရာတွေ အများကြီးရှိနေသေးတဲ့အတွက် ဘာသာပြန်အဖွဲ့မှာ လူအင်အားထပ်လိုနေပါတယ်။

ဗာနက်ဆာနဲ့ ကျွန်တော်တို့ဟာ ဌာနခွဲမှာ အမှုဆောင်ဖို့ဆိုတာ ယေဟောဝါဘုရားသခင်ဆီက ရရှိတဲ့ ကြီးမားတဲ့ အခွင့်ထူးလို့ ယူမှတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်ပူပန်ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ကျွန်တော်တို့ရဲ့ လက်သင်္ကေတပြ ဘာသာစကားအုပ်စု ဘာဖြစ်သွားမလဲ။ ကျွန်တော်တို့ရဲ့အိမ်ကို ဘယ်လိုလုပ်မလဲ။ နေရာသစ်မှာ ဗာနက်ဆာ အလုပ်ရပါ့မလား။ အခက်အခဲတစ်ခုချင်းစီကို ဖြေရှင်းဖို့ ယေဟောဝါဘုရားသခင် ကူညီပေးခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်နဲ့ ဆွံ့အနားမကြားတဲ့သူတွေကို ဘုရားသခင် ချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော် လက်တွေ့ခံစားရတယ်။

စည်းလုံးတဲ့သူတွေရဲ့ ထောက်မခြင်းခံရ

ဌာနခွဲရုံးမှာရှိတဲ့ ဘာသာပြန်ဌာနမှာ အလုပ်လုပ်နေချိန်

ဘာသာပြန်လုပ်ငန်းမှာ ပါဝင်လာတဲ့အခါ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာအားလုံးဟာ ဆွံ့အနားမကြားတဲ့သူတွေ ယေဟောဝါဘုရားသခင်ကို သိကျွမ်းလာဖို့ ကူညီပေးနေတာဖြစ်တယ်ဆိုတာကို ကျွန်တော် နားလည်လာရတယ်။ ကျွန်တော့်ရဲ့အလုပ်ဖော်တွေ ကျွန်တော့်ကို ဆက်သွယ်ဖို့ ကြိုးစားတာကို မြင်ရတာ ဝမ်းသာစရာပါပဲ။ သူတို့သင်ထားတဲ့ လက်သင်္ကေတ တချို့ကို အသုံးပြုပြီး ကျွန်တော့်ကို ကြိုးစားဆက်သွယ်တာက ကျွန်တော့်နှလုံးကို ထိမိစေတယ်။ ကျွန်တော်တစ်ယောက်တည်းလို့ မခံစားရတော့ပါဘူး။ အဲဒီလိုမေတ္တာပါတဲ့ ဖော်ပြချက်အားလုံးဟာ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေအလယ်မှာရှိတဲ့ ထူးခြားတဲ့ စည်းလုံးမှုကို ဖော်ပြနေတာဖြစ်တယ်။—ဆာလံ ၁၃၃:၁

ပြင်သစ်လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာဟောပြောချက်ပေးနေချိန်

ခရစ်ယာန်အသင်းတော်ကနေတစ်ဆင့် ကျွန်တော့်ကို ကူညီပေးတဲ့သူတစ်ယောက်ယောက် အမြဲ ရှိနေအောင် လုပ်ဆောင်ပေးတဲ့ ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ တခြားဆွံ့အနားမကြားတဲ့သူတွေ ကျွန်တော်တို့ရဲ့ မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင်အကြောင်း သိလာဖို့၊ ကိုယ်တော်နဲ့ရင်းနှီးလာနိုင်ဖို့ ကူညီပေးတဲ့လုပ်ငန်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတာကိုလည်း ကျွန်တော် တန်ဖိုးထားလေးမြတ်ပါတယ်။ ဆက်သွယ်ရေး အတားအဆီးအားလုံး ဖယ်ရှားခံရပြီး စည်းလုံးတဲ့ လူ့မိသားစုကြီးအဝင်အဖြစ် ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားတွေ၊ ကိုယ်တော်ရဲ့ရည်ရွယ်ချက်တွေဖြစ်တဲ့ “သန့်ရှင်းသောဘာသာစကား” ကို အားလုံးပြောဆိုကြမယ့်အချိန်ကို ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ်။—ဇေဖနိ ၃:၉

^ စာပိုဒ်၊ 9 ၁၉၉၁ ခုနှစ်ရောက်တဲ့အခါကျမှ ပြင်သစ်အစိုးရက ဆွံ့အနားမကြား ကလေးတွေကို ပညာသင်ကြားတဲ့အခါမှာ လက်သင်္ကေတပြ ဘာသာစကားကို အသုံးပြုဖို့ တရားဝင် ခွင့်ပြုလိုက်တယ်။