စာရှုသူများအမေး

ဘုရားသခင်ကို ဘယ်သူဖန်ဆင်းတာလဲ

ဘုရားသခင်ကို ဘယ်သူဖန်ဆင်းတာလဲ

ဖခင်တစ်ယောက်နဲ့ ခုနစ်နှစ်အရွယ်သားလေးတို့ စကားပြောနေတာကို မြင်ယောင်ကြည့်ပါ။ “ဟိုးရှေးရှေးတုန်းက ဘုရားသခင်ဟာ ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်။ နေ၊ လနဲ့ ကြယ်တွေကိုလည်း ကိုယ်တော် ဖန်ဆင်းခဲ့တယ်” လို့ အဖေပြောတဲ့အခါ သားလေးက ခဏစဉ်းစားပြီး “ဒါဆို ဘုရားသခင်ကိုရော ဘယ်သူဖန်ဆင်းတာလဲ” လို့ မေးတော့တယ်။

“ဘုရားသခင်ကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ဘူး။ ကိုယ်တော်က အမြဲတည်ရှိတဲ့ ဘုရားဖြစ်တယ်” လို့ အဖေက ပြန်ဖြေတယ်။ ဒီရိုးရှင်းတဲ့အဖြေက လောလောဆယ်တော့ သားဖြစ်သူကို စိတ်ကျေနပ်သွားစေတယ်။ ဒါပေမဲ့ သားလေးအသက်ကြီးလာတဲ့အခါ ဒီမေးခွန်းကို ပြန်စဉ်းစားမိတယ်။ ဘုရားသခင်ကို ဖန်ဆင်းတဲ့သူမရှိဘူးဆိုတာ သူ့အတွက် နားလည်ရခက်နေတယ်။ စကြဝဠာကြီးတောင် ဖန်ဆင်းတဲ့သူရှိသေးတာပဲ။ ‘ဘုရားကရော ဘယ်လိုဖြစ်လာတာလဲ’ လို့ သူတွေးမိတယ်။

သမ္မာကျမ်းစာက ဘယ်လိုအဖြေပေးထားပါသလဲ။ ကျမ်းစာအဖြေဟာ အဖေက သားကို ပြန်ဖြေတဲ့အဖြေနဲ့ အခြေခံအားဖြင့် အတူတူပါပဲ။ ကျမ်းရေးသူ မောရှေက ‘အိုဘုရားရှင် ကိုယ်တော်သည် တောင်များကိုမဖော် မြေကြီးနှင့်လောကဓာတ်ကို ဖန်ဆင်းတော်မမူမီ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏’ လို့ရေးသားခဲ့ပါတယ်။ (ဆာလံ ၉၀:၁၊ ၂) အလားတူ၊ ကြိုဟောသူ ဟေရှာယကလည်း ဒီလိုဖော်ပြခဲ့ပါတယ်- ‘ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်ကြောင်းကိုလည်းကောင်း သင်သည် မသိမကြားဖူးသလော။’ (ဟေရှာယ ၄၀:၂၈) ယုဒကျမ်းမှာလည်း ဘုရားသခင်ဟာ “ရှေးကာလအဆက်ဆက်” တည်ရှိတယ်လို့ ဖော်ပြထားပါတယ်။—ယုဒ ၂၅

ဒီကျမ်းချက်တွေအရ ဘုရားသခင်ဟာ “ထာဝရဘုရင်” ဖြစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ (၁ တိမောသေ ၁:၁၇) အဓိပ္ပာယ်က ကျွန်ုပ်တို့ပြန်တွေးကြည့်နိုင်တဲ့ အဝေးဆုံးအတိတ်ကာလ မတိုင်ခင်ကတည်းက ကိုယ်တော်တည်ရှိခဲ့ပြီး အနာဂတ်မှာလည်း အမြဲတမ်းတည်ရှိသွားမှာကို ဆိုလိုနေတာဖြစ်တယ်။ (ဗျာဒိတ် ၁:၈) ဒါကြောင့် ဘုရားသခင် ထာဝစဉ်တည်ရှိတယ်ဆိုတဲ့အချက်က ကိုယ်တော်နဲ့ပတ်သက်တဲ့ အခြေခံကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

ဒီအချက်ကို အပြည့်အဝနားလည်ဖို့ ဘာကြောင့်ခက်တာလဲ။ လူတွေရဲ့ သက်တမ်းက တိုတောင်းတဲ့အတွက် အချိန်နဲ့ပတ်သက်ပြီး လူတွေရဲ့ ရှုမြင်ပုံနဲ့ ဘုရားရဲ့ရှုမြင်ပုံ ခြားနားပါတယ်။ ထာဝရဘုရားအတွက် တစ်ရက်က လူသားတွေအတွက် အနှစ်တစ်ထောင်နဲ့တူပါတယ်။ (၂ ပေတရု ၃:၈) ဒါကိုနားလည်နိုင်ဖို့ နှံကောင်အကြောင်း စဉ်းစားကြည့်ပါ။ ရက်ပေါင်း ၅၀ ပဲအသက်ရှင်နိုင်တဲ့ နှံကောင်က လူ့သက်တမ်း အနှစ် ၇၀၊ ၈၀ အကြောင်း နားလည်နိုင်ပါ့မလား။ နားမလည်နိုင်ပါဘူး။ ကြီးမြတ်တဲ့ဖန်ဆင်းရှင်နဲ့ နှိုင်းယှဉ်လိုက်ရင် လူသားတွေဟာ နှံကောင်နဲ့တူတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ကိုယ်တော်ရဲ့ ဉာဏ်ပညာနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်ုပ်တို့ရဲ့ စဉ်းစားဉာဏ်က ဘာမှမဟုတ်တော့ပါဘူး။ (ဟေရှာယ ၄၀:၂၂; ၅၅:၈၊ ၉) ဒါကြောင့် လူသားတွေအနေနဲ့ ယေဟောဝါဘုရားနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို အပြည့်အဝနားမလည်နိုင်တာ မထူးဆန်းပါဘူး။

ဘုရားသခင်က ထာဝစဉ်တည်ရှိတယ် ဆိုတဲ့အချက်ကို နားလည်ရခက်ပေမဲ့ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီအချက်ကို နားလည်ဖို့ အကြောင်းရင်းတွေကို တွေ့ရတယ်။ တစ်စုံတစ်ယောက်က ဘုရားကို ဖန်ဆင်းတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က ဖန်ဆင်းရှင် ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက “အရာခပ်သိမ်းကို ဖန်ဆင်း” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဗျာဒိတ် ၄:၁၁) အဲဒီအပြင် အစမှာ စကြဝဠာကြီး မရှိခဲ့ဘူးဆိုတာ ကျွန်ုပ်တို့ သိထားကြတယ်။ (ကမ္ဘာဦး ၁:၁၊ ၂) ဒီစကြဝဠာကြီး ဘယ်လိုဖြစ်ပေါ်လာတာလဲ။ စကြဝဠာကြီးမရှိခင်ကတည်းက ရှိနေတဲ့ဘုရားသခင် ဖန်ဆင်းခဲ့လို့ဖြစ်တယ်။ အဲဒီမတိုင်ခင်ကတည်းက ဘုရားသခင်ဟာ တစ်ပါးတည်းသောသားတော်ယေရှုနဲ့ တခြားကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့တယ်။ (ယောဘ ၃၈:၄၊ ၇; ကောလောသဲ ၁:၁၅) ရှင်းနေတာက ဘာမှမရှိခင်ကတည်းက ဘုရား ရှိနေပါပြီ။ ဖန်ဆင်းခြင်းအလုပ်ကို ဘုရားသခင် မစတင်ခင် ဘယ်သူမှမရှိတဲ့အတွက် ဘယ်သူကမှ ဘုရားသခင်ကို ဖန်ဆင်းနိုင်မှာမဟုတ်ဘူး။

ကျွန်ုပ်တို့ ရှိနေခြင်းကိုယ်နှိုက်နဲ့ စကြဝဠာကြီးရှိနေမှုတို့က ထာဝရဘုရားရှိတယ်ဆိုတဲ့ အထောက်အထားပါပဲ။ စကြဝဠာကြီးကို ဖြစ်ပေါ်စေတဲ့အရှင်၊ ဒီစကြဝဠာကြီးကို ထိန်းချုပ်တဲ့ နိယာမတရားတွေကို ဖြစ်ပေါ်စေတဲ့အရှင်က အမြဲတမ်းတည်ရှိနေပါတယ်။ ဒီအရှင်ကြောင့်လည်း ကျွန်ုပ်တို့အားလုံး အသက်ရှင်နေတာ ဖြစ်ပါတယ်။—ယောဘ ၃၃:၄