ကမ္ဘာဦး ၁၆:၁-၁၆

  • ဟာဂရနဲ့ အိရှမေလ (၁-၁၆)

၁၆  အာဗြံရဲ့ဇနီး စာရဲက ကလေးမရဘူး။+ သူ့မှာ အီဂျစ်လူမျိုး ဟာဂရလို့ခေါ်တဲ့ ကျွန်မတစ်ယောက်တော့ ရှိတယ်။+ ၂  စာရဲက အာဗြံကို “အစ်ကို၊ ကျွန်မပြောတာ နားထောင်ပါဦး။ ယေဟောဝါဘုရားက ကျွန်မကို သားသမီးမပေးဘူး။ ဒါကြောင့် ဟာဂရကို ယူလိုက်ပါလား။ ဒီနည်းနဲ့ ကျွန်မ ကလေးရနိုင်မလားလို့ပါ”+ ဆိုပြီးပြောတယ်။ အာဗြံလည်း စာရဲပြောတာကို နားထောင်တယ်။ ၃  ခါနန်ပြည်မှာ ဆယ်နှစ်ကြာ နေထိုင်ပြီးတဲ့နောက် စာရဲက သူ့ယောက်ျား အာဗြံလက်ထဲ အီဂျစ်ကျွန်မ ဟာဂရကို အပ်လိုက်တယ်။ ၄  အာဗြံနဲ့ ဟာဂရ အတူနေတဲ့အတွက် ဟာဂရမှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်ရှိမှန်းလည်း သိရော သခင်မကို မလေးမစား လုပ်တော့တယ်။ ၅  အဲဒီအခါ စာရဲက အာဗြံကို “အစ်ကို့ကြောင့် ကျွန်မ ခုလို စိတ်ထိခိုက်နေရတာ။ ဒီကျွန်မိန်းမကို အစ်ကို့ရင်ခွင်ထဲ အပ်လိုက်တာ ကျွန်မပါ။ အခု သူ့မှာ ကိုယ်ဝန်ရှိမှန်းလည်း သိရော ကျွန်မကို မလေးမစားလုပ်တော့တာပဲ။ အစ်ကိုနဲ့ကျွန်မကို ယေဟောဝါဘုရားပဲ တရားစီရင်ပေးပါစေ” လို့ပြောတယ်။ ၆  အာဗြံကလည်း “ဟာဂရက မင်းလက်ထဲမှာ ရှိတာပဲ။ ကောင်းမယ်ထင်သလိုသာ လုပ်ပါ” လို့ပြောတယ်။ ဒါနဲ့ စာရဲ ညှဉ်းဆဲတဲ့အတွက် ဟာဂရလည်း ထွက်ပြေးသွားတယ်။ ၇  အဲဒီနောက် ယေဟောဝါရဲ့ ကောင်းကင်တမန်က ရှုရအရပ်ကိုသွားတဲ့+ တောလမ်းမှာရှိတဲ့ ရေတွင်းနားမှာ ဟာဂရကို တွေ့တယ်။ ၈  “စာရဲရဲ့ကျွန်မ ဟာဂရ၊ ဘယ်က လာတာလဲ။ ဘယ်ကို သွားမှာလဲ” လို့မေးတော့ “သခင်မ စာရဲဆီက ထွက်ပြေးလာတာပါ” လို့ပြန်ဖြေတယ်။ ၉  ယေဟောဝါရဲ့ ကောင်းကင်တမန်က “မင်းရဲ့သခင်မဆီ ပြန်သွားပါ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့လက်အောက်မှာပဲ နေပါ” လို့ပြောတယ်။ ၁၀  ပြီးတော့ ယေဟောဝါရဲ့ ကောင်းကင်တမန်က “မင်းရဲ့မျိုးနွယ်ကို မရေတွက်နိုင်လောက်အောင် ငါများပြားစေမယ်” လို့ပြောတယ်။+ ၁၁  ယေဟောဝါရဲ့ ကောင်းကင်တမန်က “အခု၊ မင်းမှာ ကိုယ်ဝန်ရှိနေပြီ။ သားလေး မွေးမယ်။ မင်းဒုက္ခရောက်လို့ ညည်းတွားတဲ့ အသံကို ယေဟောဝါကြားပြီ။ ဒါကြောင့် သားလေးကို အိရှမေလ* လို့ နာမည် ပေးရမယ်။ ၁၂  အိရှမေလဟာ မြည်းရိုင်းလို လူစားမျိုး ဖြစ်လာမယ်။ လူတိုင်းနဲ့ ရန်ဘက်ဖြစ်လိမ့်မယ်။ လူတိုင်းကလည်း သူ့ကို ရန်လုပ်လိမ့်မယ်။ သူက ညီအစ်ကိုတွေရဲ့ အနီးအနားမှာ နေထိုင်လိမ့်မယ်”* လို့ဆက်ပြောတယ်။ ၁၃  ဟာဂရလည်း သူနဲ့စကားပြောတဲ့ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး “အို ဘုရားသခင်၊ ကိုယ်တော်ဟာ အရာအားလုံးကို မြင်တဲ့ဘုရားပါ”+ လို့ဆုတောင်းတယ်။ ပြီးတော့ “ငါ့ကိုမြင်တဲ့အရှင်ကို ဒီနေရာမှာ ငါမြင်ဖူးပြီ” လို့လည်း ပြောတယ်။ ၁၄  ဒါကြောင့် အဲဒီရေတွင်းကို ဗေရလဟဲရော* လို့ခေါ်တယ်။ (အဲဒီရေတွင်းက ကာဒေရှနဲ့ ဗေရက်အရပ်ကြားမှာ ရှိတယ်။) ၁၅  ဟာဂရ သားလေးမွေးလာတဲ့အခါ အာဗြံက သားကို အိရှမေလလို့ နာမည်ပေးတယ်။+ ၁၆  သားအိရှမေလကို ဟာဂရမွေးတဲ့အချိန်မှာ အာဗြံ အသက် ၈၆ နှစ်ရှိပြီ။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဘုရားသခင် ကြားပြီ။”
“ညီအစ်ကိုတွေနဲ့ မတည့်အတူ နေလိမ့်မယ်” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ငါ့ကိုမြင်တဲ့အရှင်ရဲ့ ရေတွင်း။”