ကမ္ဘာဦး ၁၇:၁-၂၇

  • လူမျိုးများစွာရဲ့ဖခင် ဖြစ်လာမယ့် အာဗြဟံ (၁-၈)

    • အာဗြံကို အာဗြဟံလို့ နာမည်ပြောင်း ()

  • အရေဖျားဖြတ်ခြင်း ပဋိညာဉ် (၉-၁၄)

  • စာရဲကို စာရာလို့ နာမည်ပြောင်း (၁၅-၁၇)

  • သားအိဇက်နဲ့ပတ်သက်တဲ့ ကတိ (၁၈-၂၇)

၁၇  အာဗြံအသက် ၉၉ နှစ်မှာ သူ့ဆီ ယေဟောဝါ ရောက်လာပြီး “ငါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ ငါ့ရှေ့မှာ သစ္စာရှိလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး အမှားကင်းအောင် နေပါ။ ၂  မင်းနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို ငါအတည်ဖြစ်စေမယ်။+ မင်းကို သားမြေးတွေ အများကြီးရစေမယ်”+ လို့ပြောတယ်။ ၃  အာဗြံ ပျပ်ဝပ်လိုက်တော့ ဘုရားသခင် ဆက်ပြောတယ်– ၄  “မင်းနဲ့ငါပဋိညာဉ် ဖွဲ့လိုက်ပြီ။+ မင်းဟာ လူမျိုးများစွာရဲ့ဖခင် ဖြစ်လာမယ်။+ ၅  မင်းကို အာဗြံ* လို့မခေါ်တော့ဘူး။ လူမျိုးများစွာရဲ့ဖခင် ဖြစ်စေမှာမို့ အာဗြဟံ* လို့ခေါ်ရလိမ့်မယ်။ ၆  မင်းရဲ့သားမြေးတွေကို အများကြီး ပွားများစေမယ်။ မင်းဆီကနေ လူမျိုးတွေ၊ ဘုရင်တွေ ဆင်းသက်လာမယ်။+ ၇  “မင်းနဲ့ရော မင်းရဲ့မျိုးနွယ် အစဉ်အဆက်နဲ့ပါ ဖွဲ့ထားတဲ့ ထာဝရပဋိညာဉ်ကို ငါစောင့်ထိန်းမယ်။+ ငါဟာ မင်းရဲ့ဘုရားသခင်၊ မင်းရဲ့မျိုးနွယ်ကိုးကွယ်တဲ့ ဘုရားသခင် ဖြစ်မယ်။ ၈  တိုင်းတစ်ပါးသားအဖြစ်+ မင်းနေထိုင်နေတဲ့ ခါနန်တစ်ပြည်လုံးကို မင်းနဲ့ မင်းရဲ့ မျိုးနွယ်ကို ထာဝစဉ် အပိုင်ပေးမယ်။ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်မယ်။”+ ၉  အာဗြဟံကို ဘုရားသခင် မှာတယ်– “ငါ့ပဋိညာဉ်ကို မင်းစောင့်ထိန်းရမယ်။ မင်းရဲ့ မျိုးနွယ်အစဉ်အဆက်လည်း စောင့်ထိန်းရမယ်။ ၁၀  မင်းနဲ့ မင်းရဲ့သားစဉ်မြေးဆက်တွေ စောင့်ထိန်းရမယ့် ပဋိညာဉ်ကတော့ မင်းဆီမှာရှိတဲ့ ယောက်ျားတိုင်း အရေဖျား ဖြတ်ရမယ်။+ ၁၁  မင်းတို့ အရေဖျား ဖြတ်ရမယ်။ ဒါဟာ မင်းတို့နဲ့ငါဖွဲ့တဲ့ ပဋိညာဉ်ရဲ့ အမှတ်အသားပဲ။+ ၁၂  မင်းတို့ရဲ့အမျိုးအစဉ်အဆက် အိမ်မှာမွေးတဲ့သူဖြစ်စေ၊ ကိုယ့်သားမြေးမဟုတ်ဘဲ တိုင်းတစ်ပါးသားဆီက ငွေနဲ့ဝယ်ထားသူဖြစ်စေ သားယောက်ျားတိုင်း ရှစ်ရက်သားအရွယ်မှာ အရေဖျားဖြတ်ရမယ်။+ ၁၃  အိမ်မှာမွေးတဲ့ ယောက်ျားအားလုံး၊ ငွေနဲ့ဝယ်ထားတဲ့ ယောက်ျားအားလုံး အရေဖျားဖြတ်ရမယ်။+ ဒီလိုအရေဖျားဖြတ်တာဟာ မင်းတို့နဲ့ငါဖွဲ့ထားတဲ့ ထာဝရပဋိညာဉ်ရဲ့ အမှတ်အသားပဲ။ ၁၄  အရေဖျား မဖြတ်သူကိုတော့ ပယ်ရှင်းရမယ်။* ငါ့ပဋိညာဉ်ကို သူချိုးဖောက်တယ်။” ၁၅  ဘုရားသခင်က အာဗြဟံကို “မင်းရဲ့မိန်းမကို စာရဲ*+ လို့မခေါ်တော့ဘူး။ စာရာ* လို့ခေါ်ရလိမ့်မယ်။ ၁၆  သူ့ကို ငါကောင်းချီးပေးမယ်။ သူက မင်းအတွက် သားတစ်ယောက် မွေးပေးမယ်။+ ငါကောင်းချီးပေးမှာမို့လို့ သူ့ဆီကနေ လူမျိုးတွေ၊ ဘုရင်တွေ ဆင်းသက်လာမယ်” လို့ပြောတယ်။ ၁၇  အဲဒီအခါ အာဗြဟံက ပျပ်ဝပ်ရင်း “အသက် ၁၀၀ ရှိတဲ့သူက ကလေးရနိုင်ပါဦးမလား။ အသက် ၉၀ ရှိတဲ့ စာရာကလည်း ကလေးမွေးနိုင်ပါဦးမလား”+ လို့တွေးပြီး ရယ်မိတယ်။+ ၁၈  ပြီးတော့ အာဗြဟံက “အိရှမေလဟာ ကိုယ်တော့်ကောင်းချီး ခံစားရပါစေ” ဆိုပြီး စစ်မှန်တဲ့ ဘုရားသခင်ကို ပြောတယ်။+ ၁၉  ဘုရားသခင်က မင်းရဲ့ဇနီး စာရာဟာ သားတစ်ယောက် မွေးကို မွေးလာမယ်။ သူ့ကို အိဇက်*+ လို့ နာမည်ပေးရမယ်။ သူနဲ့ ငါပဋိညာဉ် ဖွဲ့မယ်။ အဲဒီပဋိညာဉ်ဟာ သူ့ရဲ့ နောင်မျိုးနွယ်တွေအထိ ထာဝရတည်မြဲနေမယ်။+ ၂၀  အိရှမေလနဲ့ပတ်သက်ပြီး မင်းပြောတာကိုလည်း ငါကြားတယ်။ သူ့ကို ငါကောင်းချီးပေးပြီး သူ့သားမြေးတွေကို အများကြီး ပွားများစေမယ်။ သူ့ဆီကနေ မျိုးနွယ်စုခေါင်းဆောင် ၁၂ ယောက် ဆင်းသက်လာမယ်။ သူ့ကို လူမျိုးကြီးဖြစ်စေမယ်။+ ၂၁  ဒါပေမဲ့ ငါ့ရဲ့ပဋိညာဉ်ကိုတော့ နောက်နှစ် ဒီအချိန်မှာ စာရာမွေးမယ့်+ သားအိဇက်အားဖြင့် အတည်ဖြစ်စေမယ်+ လို့ပြောတယ်။ ၂၂  ဘုရားသခင်က အာဗြဟံနဲ့ စကားပြောပြီးနောက် ထွက်သွားတယ်။ ၂၃  အာဗြဟံလည်း ဘုရားသခင် မှာထားတဲ့အတိုင်း သားအိရှမေလ၊ အိမ်မှာမွေးတဲ့သူ၊ ငွေနဲ့ဝယ်ထားတဲ့သူစတဲ့ အိမ်သားယောက်ျားအားလုံးကို ခေါ်ပြီး အဲဒီနေ့မှာပဲ အရေဖျားဖြတ်ပေးလိုက်တယ်။+ ၂၄  အာဗြဟံ အရေဖျားဖြတ်ချိန်မှာ အသက် ၉၉ နှစ်ရှိပြီ။+ ၂၅  သားအိရှမေလ အရေဖျားဖြတ်ချိန်မှာ အသက် ၁၃ နှစ်ရှိပြီ။+ ၂၆  အဲဒီနေ့မှာပဲ အာဗြဟံရော သားအိရှမေလပါ အရေဖျားဖြတ်ကြတယ်။ ၂၇  အိမ်မှာမွေးတဲ့သူ၊ တိုင်းတစ်ပါးသားဆီက ငွေနဲ့ဝယ်ထားတဲ့သူစတဲ့ အိမ်သားယောက်ျားအားလုံး အရေဖျားဖြတ်ကြတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ချီးမြှောက်ခံရတဲ့ ဖခင်။”
အဓိပ္ပာယ်၊ “လူအမြောက်အမြားရဲ့ ဖခင်။”
ဒါမှမဟုတ်၊ “သေဒဏ်ပေးရမယ်။”
အဓိပ္ပာယ်၊ “မင်းသမီး။”
“ငြင်းခုံရန်တွေ့တတ်သူ” လို့ ဆိုလိုနိုင်။
အဓိပ္ပာယ်၊ “ရယ်မောသူ။”