ကမ္ဘာဦး ၂၂:၁-၂၄

  • အိဇက်ကို ပူဇော်ဖို့ အာဗြဟံကို ပြော (၁-၁၉)

    • အာဗြဟံရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရ (၁၅-၁၈)

  • ရေဗက္ကာရဲ့ မိသားစု (၂၀-၂၄)

၂၂  အဲဒီနောက် စစ်မှန်တဲ့ဘုရားသခင်က အာဗြဟံကို စမ်းသပ်တယ်။+ ဘုရားသခင်က “အာဗြဟံ” လို့ခေါ်တဲ့အခါ “ခင်ဗျာ” လို့ထူးတယ်။ ၂  ဘုရားသခင်က “မင်းသိပ်ချစ်တဲ့ တစ်ဦးတည်းသောသား+ အိဇက်ကိုခေါ်ပြီး+ မောရိအရပ်ကို+ သွားပါ။ ငါပြမယ့်တောင်ပေါ်မှာ မင်းရဲ့သားကို ပူဇော်ပါ” လို့ပြောတယ်။ ၃  အာဗြဟံလည်း မနက်စောစောထ၊ မြည်းကို ကုန်းနှီးတင်ပြီး သားအိဇက်နဲ့ ကျွန်နှစ်ယောက်ကို ခေါ်တယ်။ မီးရှို့ပူဇော်ဖို့ ထင်းခွဲပြီးနောက် ဘုရားသခင်ပြတဲ့နေရာဆီ ထွက်သွားတယ်။ ၄  သုံးရက်မြောက်နေ့မှာ အဲဒီနေရာကို လှမ်းမြင်ရတယ်။ ၅  အာဗြဟံက ကျွန်တွေကို “မြည်းနဲ့အတူ ဒီမှာ နေရစ်ခဲ့ကြ။ ဒို့သားအဖကတော့ ဟိုနေရာမှာ သွားဝတ်ပြုပြီး ပြန်လာခဲ့မယ်” လို့မှာတယ်။ ၆  အာဗြဟံက မီးရှို့ပူဇော်ဖို့ ထင်းကိုယူပြီး  သားအိဇက်ကို  ထမ်းခိုင်းတယ်။ သူကတော့ မီးနဲ့ဓားကို ကိုင်ပြီး နှစ်ယောက်အတူ သွားကြတယ်။ ၇  အိဇက်က အာဗြဟံကို “အဖေ” လို့ခေါ်တော့ “ငါ့သား၊ ဘာပြောမလို့လဲ” လို့ ထူးတယ်။ အိဇက်က “မီးရော၊ ထင်းရော ပါလာပြီ။ ပူဇော်မယ့်သိုးက ဘယ်မှာလဲ” လို့မေးတယ်။ ၈  “ပူဇော်မယ့်သိုးကို+ ဘုရားသခင် ပြင်ဆင်ပေးမှာပေါ့ သားရယ်” လို့ အာဗြဟံ ဖြေတယ်။ ပြီးတော့ နှစ်ယောက်သား ဆက်လျှောက်သွားကြတယ်။ ၉  နောက်ဆုံး၊ ဘုရားသခင်ပြတဲ့နေရာကို ရောက်လာတဲ့အခါ အာဗြဟံက ပူဇော်ရာပလ္လင် တည်ပြီး ထင်းတွေစီလိုက်တယ်။ ပြီးတော့ သားအိဇက်ကို ခြေလက်တွေ ချည်နှောင်ပြီး ပူဇော်ရာပလ္လင်က ထင်းတွေပေါ် တင်လိုက်တယ်။+ ၁၀  အဲဒီနောက် ဓားကိုယူပြီး သားကိုသတ်ဖို့ လုပ်တယ်။+ ၁၁  အဲဒီအချိန်မှာ ယေဟောဝါရဲ့ ကောင်းကင်တမန်က ကောင်းကင်ကနေ “အာဗြဟံ၊ အာဗြဟံ” လို့ခေါ်တော့ “ခင်ဗျာ” လို့ သူပြန်ထူးတယ်။ ၁၂  ကောင်းကင်တမန်က “မင်းရဲ့သားကို မသတ်နဲ့။ သူ့ကို ဘာမှမလုပ်ပါနဲ့။ တစ်ဦးတည်းသော သားကိုတောင် ပေးတဲ့အတွက် မင်းဟာ ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်မှန်း အခု ငါသိပြီ” လို့ပြောတယ်။+ ၁၃  အာဗြဟံ ကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းက ချုံပုတ်မှာ ချိုငြိနေတဲ့ သိုးထီးတစ်ကောင်ကိုတွေ့တော့ သွားယူပြီး သားအိဇက်အစား မီးရှို့ပူဇော်လိုက်တယ်။ ၁၄  အာဗြဟံက အဲဒီနေရာကို ယေဟောဝါယိရေ* ဆိုပြီး နာမည်ပေးတယ်။ ဒါကြောင့် “ယေဟောဝါရဲ့တောင်ပေါ်မှာ ပြင်ဆင်ပေးလိမ့်မယ်”+ ဆိုပြီး အခုချိန်ထိ ပြောတတ်ကြတယ်။ ၁၅  ယေဟောဝါရဲ့ ကောင်းကင်တမန်က ကောင်းကင်ကနေ အာဗြဟံကို ဒုတိယအကြိမ်ခေါ်ပြီး ပြောတယ်– ၁၆  “ယေဟောဝါ ပြောတာက ‘အခုလို တစ်ဦးတည်းသော သားကို+ မင်းပေးတဲ့အတွက် ငါ့ကိုယ်ငါတိုင်တည်ပြီး ကျိန်ဆိုတယ်။+ ၁၇  မင်းကို ငါဆက်ဆက် ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို၊ ပင်လယ်သဲပွင့်တွေလို တိုးပွားများပြားစေမယ်။+ မင်းရဲ့မျိုးနွယ်က ရန်သူတွေရဲ့ မြို့တံခါးကို သိမ်းပိုက်လိမ့်မယ်။+ ၁၈  ငါ့စကားကို မင်းနားထောင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့်+ ကောင်းချီးရလိမ့်မယ်။’”+ ၁၉  အဲဒီနောက် အာဗြဟံက ကျွန်တွေဆီ ပြန်လာတယ်။ ဗေရရှေဘအရပ်ကို+ အတူပြန်သွားပြီး အဲဒီမှာ ဆက်နေထိုင်တယ်။ ၂၀  နောက်ပိုင်းမှာ အာဗြဟံက “မင်းအစ်ကိုနာခေါ် ရဲ့ဇနီး မိလခါလည်း သားတွေမွေးပြီ။+ ၂၁  သားတွေကတော့ ဥဇ၊ သူ့ညီ ဗုဇ၊ အာရံရဲ့အဖေ ကေမွေလ၊ ၂၂  ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလပဲ”+ ဆိုတဲ့သတင်းကို ကြားတယ်။ ၂၃  ဒီသားရှစ်ယောက်ဟာ အာဗြဟံအစ်ကို နာခေါ် ရဲ့ဇနီး မိလခါ မွေးတဲ့သားတွေပဲ။ ဗေသွေလကတော့ ရေဗက္ကာရဲ့အဖေဖြစ်တယ်။+ ၂၄  နာခေါ်ရဲ့မယားငယ် ရုမာလည်း သားတေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါတို့ကို မွေးတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါ ပြင်ဆင်ပေးမယ်၊ ယေဟောဝါ လုပ်ဆောင်မယ်။”