ကမ္ဘာဦး ၂၆:၁-၃၅

  • ဂေရာအရပ်မှာ အိဇက်နဲ့ ရေဗက္ကာ (၁-၁၁)

    • အိဇက်ကို ဘုရားကတိ အတည်ပြု (၃-၅)

  • ရေတွင်းအတွက် ရန်တွေ့ (၁၂-၂၅)

  • အဘိမလက်နဲ့ အိဇက် ကတိသစ္စာပြု (၂၆-၃၃)

  • ဧသောရဲ့ဇနီး ဟိတ္တိသူနှစ်ဦး (၃၄၊ ၃၅)

၂၆  ခါနန်ပြည်မှာ အာဗြဟံလက်ထက်တုန်းက အငတ်ဘေးကြုံခဲ့သလို အခုလည်း အငတ်ဘေး ထပ်ကြုံရပြန်တယ်။+ ဒါကြောင့် အိဇက်က ဖိလိတိဘုရင် အဘိမလက်ရှိရာ ဂေရာအရပ်မှာ သွားနေတယ်။ ၂  အဲဒီမှာ ယေဟောဝါက သူ့ဆီရောက်လာပြီး “အီဂျစ်ပြည်ကို မသွားနဲ့။ ငါပြတဲ့ပြည်မှာပဲ နေထိုင်ပါ။ ၃  မင်းနဲ့ မင်းရဲ့မျိုးနွယ်ကို ဒီတစ်ပြည်လုံး ပေးမှာဖြစ်လို့+ ဒီပြည်မှာပဲ တိုင်းတစ်ပါးသားအဖြစ်နေပါ။+ ငါ မင်းနဲ့အတူ ဆက်ရှိပြီး ကောင်းချီးပေးမယ်။ မင်းအဖေအာဗြဟံကို ကျိန်ဆိုခဲ့တဲ့အတိုင်း ငါလုပ်ဆောင်မယ်။+ ၄  ‘မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို တိုးပွားများပြားစေမယ်။+ မင်းရဲ့မျိုးနွယ်ကို ဒီတစ်ပြည်လုံး ငါပေးမယ်။+ မြေကြီးပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်’ ဆိုပြီး ငါကျိန်ဆိုခဲ့တယ်။+ ၅  အာဗြဟံက ငါ့စကားနားထောင်ပြီး ငါ့ရဲ့တောင်းဆိုချက်တွေ၊ မိန့်မှာချက်တွေ၊ ဥပဒေတွေနဲ့ ပညတ်တွေကို အမြဲလိုက်နာခဲ့တယ်” လို့ပြောတယ်။+ ၆  အိဇက်လည်း ဂေရာအရပ်မှာ ဆက်နေထိုင်တယ်။+ ၇  ဂေရာအရပ်သားတွေက ဇနီးရေဗက္ကာအကြောင်း မေးလာတဲ့အခါ အိဇက်က “ကျွန်တော့်ညီမ”+ ဆိုပြီးပြောတယ်။ ရေဗက္ကာက သိပ်လှတော့+ “ငါ့မိန်းမအတွက်နဲ့ ဒီအရပ်သားတွေ ငါ့ကိုသတ်မှာပဲ” လို့တွေးမိတဲ့အတွက် “ကျွန်တော့်ဇနီး” လို့ မပြောရဲဘူး။ ၈  အချိန်အတော်ကြာပြီးနောက် ဖိလိတိဘုရင် အဘိမလက်က ပြတင်းပေါက်ကနေ လှမ်းကြည့်တဲ့အခါ အိဇက်က ဇနီးရေဗက္ကာကို ကြင်နာယုယနေတာ မြင်သွားတယ်။+ ၉  ချက်ချင်းပဲ အိဇက်ကိုခေါ်ပြီး “သူဟာ မင်းရဲ့ဇနီး ဖြစ်လျက်နဲ့ ‘ကျွန်တော့်ညီမ’ လို့ ဘာကြောင့်ပြောတာလဲ” ဆိုပြီးမေးတယ်။ အိဇက်က “သူ့ကြောင့် ကျွန်တော်သေမှာ စိုးလို့ပါ” ဆိုပြီး ပြန်ဖြေတယ်။+ ၁၀  အဘိမလက်မင်းက “မင်း ဘယ်လိုလုပ်လိုက်တာလဲ။+ ငါ့လူတစ်ယောက်ယောက်က မင်းမိန်းမနဲ့အတူ အိပ်မိရင် ငါတို့ အပြစ်သင့်တော့မှာပဲ” ဆိုပြီး၊+ ၁၁  “ဒီလူနဲ့ သူ့ဇနီးကို ထိတဲ့သူဟာ အသတ်ခံရမယ်” လို့ သူ့လူတွေကို အမိန့်ထုတ်လိုက်တယ်။ ၁၂  အိဇက်က အဲဒီပြည်မှာ မျိုးကြဲတဲ့အခါ ယေဟောဝါ ကောင်းချီးပေးတဲ့အတွက် အဲဒီနှစ်မှာ အဆ ၁၀၀ ရိတ်သိမ်းရတယ်။+ ၁၃  ဒါကြောင့် ပစ္စည်းဥစ္စာတိုးပွားလာပြီး တအားချမ်းသာလာတယ်။ ၁၄  သိုးအုပ်၊ နွားအုပ်နဲ့ အစေခံတွေ အများကြီးရလာတဲ့အတွက်+ ဖိလိတိလူတွေ သူ့ကို မနာလိုဖြစ်လာတယ်။ ၁၅  ဒါကြောင့် သူ့အဖေအာဗြဟံလက်ထက်မှာ အာဗြဟံရဲ့ကျွန်တွေ တူးခဲ့တဲ့ ရေတွင်းအားလုံးကို ဖိလိတိလူတွေ မြေဖို့ပစ်ကြတယ်။+ ၁၆  အဘိမလက်မင်းကလည်း “မင်းက ငါတို့ထက် ပိုအင်အားကြီးလာလို့ ငါတို့ဆီကနေ ထွက်သွားပါ” ဆိုပြီး ပြောတဲ့အခါ၊ ၁၇  အိဇက်က အဲဒီကနေ ထွက်သွားပြီး ဂေရာချိုင့်ဝှမ်းမှာ+ တဲထိုးနေထိုင်တယ်။ ၁၈  အာဗြဟံလက်ထက်က တူးခဲ့ပေမဲ့ အာဗြဟံသေဆုံးပြီးနောက် ဖိလိတိလူတွေ မြေဖို့ပစ်ခဲ့တဲ့ ရေတွင်းတွေကို အိဇက်ပြန်ဖော်တယ်။+ အဲဒီရေတွင်းတွေကို သူ့အဖေပေးခဲ့တဲ့ နာမည်အတိုင်း ပြန်မှည့်ခေါ်တယ်။+ ၁၉  အိဇက်ရဲ့ကျွန်တွေက အဲဒီချိုင့်ဝှမ်းမှာ* ရေတွင်းတူးတဲ့အခါ ရေချိုတွင်းတစ်တွင်း တွေ့တယ်။ ၂၀  အဲဒီအခါ ဂေရာအရပ်သား သိုးထိန်းတွေက “ဒါ ငါတို့ရေတွင်းကွ” ဆိုပြီး အိဇက်ရဲ့သိုးထိန်းတွေကို ရန်လုပ်ကြတယ်။ အဲဒီလိုရန်လုပ်တဲ့အတွက် အိဇက်က ရေတွင်းကို ဧသက်* လို့နာမည်ပေးတယ်။ ၂၁  နောက်ရေတွင်းတစ်တွင်း တူးတော့လည်း ရန်လုပ်ပြန်တယ်။ ဒါနဲ့ အိဇက်က အဲဒီရေတွင်းကို သိတန* လို့နာမည်ပေးတယ်။ ၂၂  နောက်တစ်နေရာ ပြောင်းရွှေ့ပြီး ရေတွင်းထပ်တူးတဲ့အခါ သူတို့ ရန်မလုပ်တော့ဘူး။ ဒါကြောင့် “အခု ယေဟောဝါဘုရားက ငါတို့ကို ကျယ်ဝန်းတဲ့နေရာပေးပြီ။ ဒီပြည်မှာ များပြားစေပြီ”+ ဆိုပြီး အဲဒီရေတွင်းကို ရဟောဘုတ်* လို့နာမည်ပေးတယ်။ ၂၃  နောက်တော့ အိဇက်ဟာ အဲဒီနေရာကနေ ဗေရရှေဘအရပ်ကို+ ထွက်သွားတယ်။ ၂၄  အဲဒီညမှာ ယေဟောဝါ ရောက်လာပြီး “ငါဟာ မင်းအဖေအာဗြဟံရဲ့ ဘုရားသခင်ပဲ။+ မကြောက်နဲ့။+ မင်းနဲ့အတူ ငါရှိတယ်။ ငါ့ကျွန်အာဗြဟံကြောင့် မင်းကို ကောင်းချီးပေးပြီး မင်းရဲ့မျိုးနွယ်ကို များပြားစေမယ်”+ လို့ပြောတယ်။ ၂၅  ဒါကြောင့် သူက အဲဒီနေရာမှာ ပူဇော်ရာပလ္လင် တည်တယ်၊ ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းတယ်။+ အဲဒီနေရာမှာ တဲထိုးနေထိုင်ပြီး+ သူ့ကျွန်တွေက ရေတွင်းတစ်တွင်း တူးကြတယ်။ ၂၆  အဲဒီနောက် အဘိမလက်မင်းက အကြံပေးအရာရှိ အဟုဇတ်၊ ဗိုလ်ချုပ်ဖိကောလတို့နဲ့အတူ+ ဂေရာအရပ်ကနေ အိဇက်ဆီ ရောက်လာတယ်။ ၂၇  အိဇက်က “ကျွန်တော့်ကိုမုန်းလို့ မောင်းထုတ်လိုက်ပြီပဲ။ ကျွန်တော့်ဆီ ဘာလို့လာတာလဲ” လို့မေးတယ်။ ၂၈  သူတို့က “မင်းနဲ့အတူ ယေဟောဝါရှိမှန်း ငါတို့ ကောင်းကောင်းသိပါပြီ။+ ဒါကြောင့် ပြောချင်တာက ‘ငါတို့အချင်းချင်း ကတိကဝတ်ပြုရအောင်။ အဲဒီကတိအတိုင်း လုပ်မယ်လို့ သစ္စာဆိုရအောင်။+ ၂၉  မင်းနစ်နာအောင် ငါတို့ မလုပ်ခဲ့ဘူး။ မင်းရဲ့ကောင်းကျိုးအတွက်ပဲ လုပ်ပေးခဲ့တယ်။ မင်းကို အေးအေးဆေးဆေး ထွက်သွားခွင့်ပြုခဲ့တယ်။ မင်းလည်း ငါတို့ကို နစ်နာအောင် မလုပ်ပါဘူးလို့ သစ္စာဆိုပါ။ မင်းဟာ ယေဟောဝါရဲ့ကောင်းချီး ခံစားရသူပဲ’” ဆိုပြီးပြောကြတယ်။ ၃၀  အိဇက်က စားသောက်ပွဲ လုပ်ပေးတော့ သူတို့စားသောက်ကြတယ်။ ၃၁  မနက်စောစောထပြီး အပြန်အလှန် သစ္စာဆိုကြတယ်။+ ပြီးနောက် အိဇက်ပြန်လွှတ်လိုက်တော့ သူတို့ အေးအေးဆေးဆေး ထွက်သွားကြတယ်။ ၃၂  အဲဒီနေ့မှာပဲ အိဇက်ရဲ့ကျွန်တွေက သူတို့တူးခဲ့တဲ့ ရေတွင်းမှာ+ “ရေထွက်ပြီ” လို့လာပြောကြတယ်။ ၃၃  ဒါနဲ့ အဲဒီရေတွင်းကို ရှေဘလို့ နာမည်ပေးလိုက်တယ်။ အဲဒီမြို့ကိုလည်း ဗေရရှေဘလို့+ ဒီနေ့အထိ ခေါ်ကြတယ်။ ၃၄  ဧသော အသက် ၄၀ မှာ ဟိတ္တိလူမျိုး ဗေရိရဲ့သမီး ယုဒိတ်၊ ဟိတ္တိလူမျိုး ဧလုန်ရဲ့သမီး ဗာရှမတ်တို့နဲ့+ အိမ်ထောင်ပြုလိုက်တယ်။ ၃၅  သူတို့ကြောင့် အိဇက်နဲ့ရေဗက္ကာ တော်တော့်ကို စိတ်ဆင်းရဲရတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အဲဒီသဲချောင်းမှာ။”
အဓိပ္ပာယ်၊ “ရန်တွေ့ခြင်း။”
အဓိပ္ပာယ်၊ “စွပ်စွဲခြင်း။”
အဓိပ္ပာယ်၊ “ကျယ်ဝန်းတဲ့နေရာ။”