ကမ္ဘာဦး ၃၅:၁-၂၉

  • နတ်ဘုရားရုပ်တုတွေကို ယာကုပ် ဖယ်ရှား (၁-၄)

  • ဗေသလကို ယာကုပ် ရောက်လာ (၅-၁၅)

  • ဗင်ယာမိန်ကို မွေးဖွား။ ရာခေလ သေဆုံး (၁၆-၂၀)

  • အစ္စရေးရဲ့သား ၁၂ ယောက် (၂၁-၂၆)

  • အိဇက် သေဆုံး (၂၇-၂၉)

၃၅  အဲဒီနောက် ဘုရားသခင်က “ဗေသလအရပ်မှာ+ သွားနေပါ။ အစ်ကိုဧသောရဲ့ရန်ကို ကြောက်ပြီး ထွက်ပြေးတုန်းက+ မင်းဆီရောက်လာတဲ့ ဘုရားသခင်အတွက် အဲဒီမှာ ပူဇော်ရာပလ္လင် တည်ပါ” ဆိုပြီး ယာကုပ်ကို ပြောတယ်။ ၂  ယာကုပ်က အိမ်သူအိမ်သားတွေ၊ အတူပါလာသူတွေ အားလုံးကို “မင်းတို့မှာရှိတဲ့ နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ။+ ကိုယ်လက်သန့်စင်ပြီး အဝတ်တွေ လဲကြ။ ၃  အခု ဗေသလအရပ်ကို သွားကြစို့။ ငါဒုက္ခရောက်တုန်းက အသနားခံတာကို နားထောင်ပြီး သွားလေရာ ငါနဲ့အတူရှိခဲ့တဲ့+ ဘုရားသခင်အတွက် အဲဒီမှာ ပူဇော်ရာပလ္လင် တည်မယ်” လို့ပြောတယ်။ ၄  သူတို့က နတ်ဘုရားရုပ်တုတွေ၊ နားဆွဲတွေကိုပေးတော့ ယာကုပ်လည်း ရှေခင်မြို့နားက အပင်ကြီးအောက်မှာ မြှုပ်လိုက်တယ်။ ၅  အဲဒီနောက် သူတို့ ခရီးဆက်လာကြတယ်။ ဘုရားသခင်က ပတ်ဝန်းကျင်မြို့သားတွေကို ကြောက်စိတ်ဝင်စေတဲ့အတွက် ယာကုပ်ရဲ့သားတွေနောက်ကို မလိုက်ရဲကြဘူး။ ၆  ယာကုပ်နဲ့ သူ့လူတွေက ခါနန်ပြည်၊ လုဇမြို့လို့ခေါ်တဲ့+ ဗေသလမြို့ကို ရောက်လာတယ်။ ၇  ယာကုပ်က အဲဒီမှာ ပူဇော်ရာပလ္လင်တည်တယ်။ အစ်ကို့ရန်ကို ကြောက်ပြီး ထွက်ပြေးတုန်းက သူ့ဆီ ဘုရားသခင်ရောက်လာတဲ့ နေရာဖြစ်လို့ ဧလဗေသလ* ဆိုပြီး နာမည်ပေးတယ်။+ ၈  နောက်တော့ ရေဗက္ကာရဲ့အထိန်း ဒေဗောရ+ သေဆုံးသွားလို့ ဗေသလမြို့နားက အပင်ကြီးအောက်မှာ သင်္ဂြိုဟ်တယ်။ အဲဒီအပင်ကို အာလုံဗတ်ကုတ်* လို့နာမည်ပေးတယ်။ ၉  ပါဒန်အာရံအရပ်ကနေ ယာကုပ်ထွက်လာတဲ့အခါ ဘုရားသခင်က သူ့ဆီ ထပ်ရောက်လာပြီး ကောင်းချီးပေးတယ်။ ၁၀  ပြီးတော့ “မင်းနာမည်ဟာ ယာကုပ်ဆိုပေမဲ့+ အခု ယာကုပ်လို့ မခေါ်ရတော့ဘူး။ အစ္စရေးလို့ ခေါ်ရတော့မယ်” ဆိုပြီး သူ့ကို အစ္စရေးလို့ စခေါ်တယ်။+ ၁၁  ဘုရားသခင်က “ငါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။+ သားသမီးတွေ အများကြီးမွေးဖွားပါ။ မင်းဟာ လူမျိုးများစွာရဲ့ဖခင် ဖြစ်လာမယ်။+ မင်းဆီကနေ ဘုရင်တွေ ဆင်းသက်လာမယ်။+ ၁၂  အာဗြဟံနဲ့ အိဇက်အတွက် ငါပေးတဲ့ပြည်ကို မင်းနဲ့ မင်းရဲ့မျိုးနွယ်ကို ပေးမယ်”+ လို့ဆက်ပြောတယ်။ ၁၃  ယာကုပ်နဲ့ စကားပြောပြီးနောက်  ဘုရားသခင် ထွက်သွားတယ်။ ၁၄  ယာကုပ်က ဘုရားသခင်နဲ့ စကားပြောခဲ့တဲ့နေရာမှာ ကျောက်တိုင်တစ်ခု စိုက်ထူတယ်။ ကျောက်တိုင်ပေါ်မှာ သွန်းလောင်းရာအလှူနဲ့ ဆီကို လောင်းတယ်။+ ၁၅  ဘုရားသခင်နဲ့ စကားပြောခဲ့တဲ့ အဲဒီနေရာကို ဗေသလလို့ ဆက်ခေါ်တယ်။+ ၁၆  အဲဒီနောက် ဗေသလမြို့ကနေ သူတို့ ထွက်ခွာလာကြတယ်။ ဧဖရတ်မြို့နဲ့ အလှမ်းဝေးသေးတဲ့နေရာမှာ ရာခေလက သားဖွားချိန်စေ့လို့ အရမ်းနာကျင်လာတယ်။ ၁၇  ခက်ခက်ခဲခဲ မီးဖွားနေတုန်း လက်သည်က “မကြောက်နဲ့။ သားတစ်ယောက် ထပ်ရပြီ” လို့ပြောတယ်။+ ၁၈  သေလုမြောပါး ဖြစ်နေတဲ့ ရာခေလက အသက်မထွက်ခင်လေးမှာ ကလေးကို ဗေနောနိ* လို့နာမည်ပေးတယ်။ ယာကုပ်ကတော့ ဗင်ယာမိန်*+ လို့နာမည်ပေးတယ်။ ၁၉  ရာခေလ သေသွားတော့ ဘက်သလီဟင်လို့ခေါ်တဲ့+ ဧဖရတ်မြို့ကိုသွားတဲ့ လမ်းမှာ သင်္ဂြိုဟ်တယ်။ ၂၀  ယာကုပ်က ရာခေလရဲ့ သင်္ချိုင်းဂူမှာ မှတ်တိုင်စိုက်ထူခဲ့တယ်။ အဲဒီမှတ်တိုင်က ဒီနေ့အထိ ရှိနေဆဲပဲ။ ၂၁  နောက်တော့ အစ္စရေးက အဲဒီကနေထွက်လာပြီး ဧဒါမျှော်စင်အလွန်မှာ တဲထိုးနေထိုင်တယ်။ ၂၂  အဲဒီအရပ်မှာ နေထိုင်တုန်း တစ်နေ့မှာ ရုဗင်က အဖေ့မယားငယ် ဗိလဟာနဲ့ အတူအိပ်တယ်။ ဒီသတင်းကို အစ္စရေးကြားတယ်။+ ယာကုပ်မှာ သား ၁၂ ယောက်ရှိတယ်။ ၂၃  လေအာနဲ့ရတဲ့သားတွေက သားဦးရုဗင်၊+ ရှိမောင်၊ လေဝိ၊ ယုဒ၊ အိသခါ၊ ဇာဗုလုန်။ ၂၄  ရာခေလနဲ့ရတဲ့ သားတွေက ယောသပ်နဲ့ ဗင်ယာမိန်။ ၂၅  ရာခေလရဲ့ကျွန်မ ဗိလဟာနဲ့ရတဲ့ သားတွေက ဒန်နဲ့ နဿလိ။ ၂၆  လေအာရဲ့ကျွန်မ ဇိလပနဲ့ရတဲ့ သားတွေက ဂဒ်နဲ့ အာရှာ။ သူတို့ဟာ ပါဒန်အာရံအရပ်မှာ ယာကုပ်ရခဲ့တဲ့သားတွေပဲ။ ၂၇  ယာကုပ်က အဖေအိဇက်ရှိရာ ဟေဗြုန်လို့ခေါ်တဲ့ ကိရယအာဘမြို့၊ မံရေအရပ်ကို ရောက်လာတယ်။+ အဲဒီအရပ်မှာ အာဗြဟံနဲ့ အိဇက်တို့ တိုင်းတစ်ပါးသားအဖြစ် နေထိုင်ခဲ့တယ်။+ ၂၈  အိဇက်က အသက် ၁၈၀ ရှိနေပြီ။+ ၂၉  အိဇက်က ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည်နေပြီးနောက် နောက်ဆုံးထွက်သက်ကို ရှူထုတ်ပြီး သေဆုံးသွားတယ်။ ဘိုးဘေးတွေ စုဝေးရာကို ရောက်သွားတယ်။* သားဧသောနဲ့ ယာကုပ်က သူ့ကို သင်္ဂြိုဟ်ကြတယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဗေသလမြို့ရဲ့ ဘုရားသခင်။’
အဓိပ္ပာယ်၊ “ငိုကြွေးရာ ဝက်သစ်ချပင်။”
အဓိပ္ပာယ်၊ “ငိုကြွေးရင်း မွေးရတဲ့သား။”
အဓိပ္ပာယ်၊ “ညာလက်ရုံးဖြစ်တဲ့ သား။”
သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။