ကမ္ဘာဦး ၃၈:၁-၃၀
-
ယုဒနဲ့ တာမာ (၁-၃၀)
၃၈ အဲဒီနောက် ယုဒက သူ့ညီအစ်ကိုတွေဆီကနေ ထွက်သွားပြီး အဒုလံမြို့သား ဟိရနေတဲ့အရပ်မှာ တဲထိုးနေထိုင်တယ်။
၂ အဲဒီမှာ ခါနန်လူမျိုး+ ရှုအရဲ့သမီးကို တွေ့တယ်။ သူနဲ့အိမ်ထောင်ပြုပြီး အတူနေတယ်။
၃ အဲဒီမိန်းမမှာ ကိုယ်ဝန်ရှိလာပြီး သားလေးမွေးတော့ ဧရလို့ နာမည်ပေးတယ်။+
၄ နောက်ထပ် ကိုယ်ဝန်ရှိလာပြီး သားလေးမွေးတဲ့အခါ ဩနန်လို့ နာမည်ပေးတယ်။
၅ သားတစ်ယောက် ထပ်မွေးတော့ ရှေလလို့ နာမည်ပေးတယ်။ ရှေလကို မွေးချိန်မှာ အာခဇိပ်မြို့ မှာ+ သူတို့ နေထိုင်ကြတယ်။
၆ အချိန်တန်တော့ ယုဒက သားဦး ဧရကို တာမာလို့ခေါ်တဲ့ အမျိုးသမီးနဲ့ ပေးစားတယ်။+
၇ ဒါပေမဲ့ ယုဒရဲ့သားဦး ဧရကို ယေဟောဝါ မနှစ်သက်ဘူး။ ဒါကြောင့် ယေဟောဝါက သူ့ကို အဆုံးစီရင်လိုက်တယ်။
၈ ယုဒက “မရီးကို မတ်ယူရမယ်ဆိုတဲ့ ထုံးစံအတိုင်း မရီးနဲ့လက်ထပ်ပြီး အစ်ကို့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းပါ”+ လို့ဩနန်ကို ပြောတယ်။
၉ ဒါပေမဲ့ ဩနန်က မရီးနဲ့ရမယ့်ကလေးကို ကိုယ့်မျိုးဆက်အဖြစ် သတ်မှတ်လို့မရမှန်းသိတော့+ အစ်ကို့အတွက် သားသမီး မထွန်းကားနိုင်အောင် မရီးနဲ့ပေါင်းသင်းတဲ့အခါတိုင်း သုက်ရည်ကို စွန့်ပစ်တယ်။+
၁၀ သူ့လုပ်ရပ်ဟာ ယေဟောဝါရှေ့မှာ ဆိုးတဲ့အတွက် သူ့ကိုလည်း ဘုရားသခင် အဆုံးစီရင်လိုက်တယ်။+
၁၁ အဲဒီအခါ ယုဒက ‘ရှေလလည်း အစ်ကိုတွေလို သေနိုင်တယ်’+ လို့တွေးမိတဲ့အတွက် ချွေးမတာမာကို “ငါ့သားရှေလ အရွယ်ရောက်တဲ့အထိ မင်းအဖေရဲ့အိမ်ကို ပြန်ပြီး မုဆိုးမဘဝနဲ့နေပါ” လို့ပြောတယ်။ တာမာလည်း ထွက်သွားပြီး အဖေ့အိမ်မှာ နေထိုင်တယ်။
၁၂ အချိန်အတော်ကြာပြီးနောက် ရှုအရဲ့သမီး၊+ ယုဒရဲ့မိန်းမ သေဆုံးသွားတယ်။ ယုဒလည်း ငိုကြွေးချိန် ပြီးသွားတဲ့အခါ သူ့ရဲ့သိုးမွေးညှပ်သူတွေရှိတဲ့ တိမနမြို့ကို+ အဒုလံမြို့သား+ မိတ်ဆွေဟိရနဲ့အတူ သွားတယ်။
၁၃ “ယောက္ခမက သိုးမွေးညှပ်ဖို့ တိမနမြို့ကို သွားနေတယ်” ဆိုတဲ့သတင်းကို တာမာကြားတော့၊
၁၄ မုဆိုးမအဝတ်ကို ချွတ်၊ ပဝါကို ခြုံ၊ မျက်နှာကို ဖုံးပြီး တိမနမြို့ကိုသွားတဲ့လမ်း ဧနိမ်မြို့အဝင်မှာ ထိုင်နေတယ်။ ရှေလ အရွယ်ရောက်ပြီဖြစ်ပေမဲ့ သူနဲ့ပေးစားမှာ မဟုတ်ဘူးဆိုတာ သိလို့ပဲ။+
၁၅ တာမာက မျက်နှာကို ပဝါနဲ့ဖုံးထားတော့ ယုဒက ပြည့်တန်ဆာလို့ ထင်သွားတယ်။
၁၆ ဒါကြောင့် လမ်းဘေးမှာထိုင်နေတဲ့ တာမာကို ချွေးမမှန်းမသိဘဲ+ အနားသွားပြီး “မင်းနဲ့အိပ်ပါရစေ” လို့ပြောတယ်။ အဲဒီအခါ တာမာက “ကျွန်မနဲ့အိပ်ခွင့်ရရင် ဘာပေးမလဲ” လို့ပြန်မေးတယ်။
၁၇ ယုဒကလည်း “ဆိတ်ကလေးတစ်ကောင် ပို့ပေးမယ်” လို့ပြောတော့ သူက “ဆိတ်ကလေးကို မပို့ပေးခင် အာမခံပစ္စည်း ထားခဲ့မလား” လို့ပြန်မေးတယ်။
၁၈ ယုဒက “ဘာအာမခံပစ္စည်း ပေးရမလဲ” လို့မေးတဲ့အခါ “ရှင့်ရဲ့ တံဆိပ်လက်စွပ်၊+ လက်စွပ်ကြိုး၊ တောင်ဝှေးကို ပေးပါ” လို့ပြောတယ်။ ယုဒလည်း အဲဒါတွေ ပေးလိုက်ပြီး သူနဲ့အိပ်တော့ သူ့မှာ ကိုယ်ဝန်ရှိလာတယ်။
၁၉ တာမာက ထွက်သွားပြီး ပဝါကို ဖယ်ပြီးနောက် မုဆိုးမအဝတ် ပြန်ဝတ်တယ်။
၂၀ ယုဒက အဲဒီမိန်းမကိုပေးခဲ့တဲ့ အာမခံပစ္စည်းတွေ ပြန်ရွေးယူဖို့ ဆိတ်ကလေးကို မိတ်ဆွေ အဒုလံမြို့သားနဲ့+ ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီမိန်းမကို လုံးဝရှာမတွေ့ဘူး။
၂၁ ဒါနဲ့ “ဧနိမ်မြို့ လမ်းဘေးက ပြည့်တန်ဆာ* ဘယ်မှာလဲ” လို့ အဲဒီအရပ်သားတွေကို မေးတော့ “ဒီဒေသမှာ ပြည့်တန်ဆာမရှိပါဘူး” လို့ဖြေကြတယ်။
၂၂ နောက်ဆုံး၊ အဒုလံမြို့သားက ယုဒဆီ ပြန်လာပြီး ပြောတယ်– “သူ့ကို ရှာမတွေ့ဘူး။ လူတွေကို မေးကြည့်တော့လည်း ‘ဒီဒေသမှာ ပြည့်တန်ဆာမရှိပါဘူး’ တဲ့။”
၂၃ ယုဒက “အဲဒီပစ္စည်းတွေကို သူ ယူထားပါစေတော့။ ဆက်ရှာနေရင် အရှက်ကွဲရုံပဲ ရှိမယ်။ ဘာပဲဖြစ်ဖြစ် ဒီဆိတ်ကလေးကို ငါပို့လိုက်သားပဲ။ သူ့ကို ရှာမတွေ့တာတော့ မတတ်နိုင်ဘူးလေ” လို့ပြောတယ်။
၂၄ သုံးလလောက်ကြာတဲ့အခါ “ခင်ဗျားရဲ့ချွေးမ တာမာက ပြည့်တန်ဆာလုပ်ပြီး ကိုယ်ဝန်ရှိနေပြီ” လို့ပြောကြတော့ ယုဒက “သူ့ကို ခေါ်ထုတ်သွား၊ သတ်ပစ်ပြီး မီးရှို့လိုက်”+ လို့ပြောတယ်။
၂၅ တာမာကို ခေါ်ထုတ်သွားတဲ့အခါ “ဒီပစ္စည်းတွေရဲ့ပိုင်ရှင်ကြောင့် ကျွန်မ ကိုယ်ဝန်ရှိတာပါ။ ဒီတံဆိပ်လက်စွပ်၊ လက်စွပ်ကြိုး၊ တောင်ဝှေးက ဘယ်သူ့ပစ္စည်းတွေလဲဆိုတာ စစ်ဆေးကြည့်ပါဦး” လို့ ယောက္ခမဆီ စကားပါးလိုက်တယ်။+
၂၆ ယုဒက အဲဒီပစ္စည်းတွေကို စစ်ဆေးကြည့်ပြီးနောက် “သူ့ကို ငါ့သားရှေလနဲ့မပေးစားလို့+ သူ ဒီလိုလုပ်တာ တရားနည်းလမ်းကျပါတယ်” လို့ပြောတယ်။ နောက်ပိုင်းမှာ သူနဲ့ ထပ်မအိပ်တော့ဘူး။
၂၇ သားဖွားချိန်ရောက်တော့ တာမာရဲ့ဗိုက်ထဲမှာ အမြွှာရှိနေတယ်။
၂၈ မီးဖွားနေတုန်း ကလေးတစ်ယောက်ရဲ့ လက်တစ်ဖက် ထွက်လာတော့ လက်သည်က “ဒါ သားဦးပဲ” ဆိုပြီး ကြက်သွေးရောင်ကြိုးကို လက်မှာ ချက်ချင်းချည်ပေးလိုက်တယ်။
၂၉ ဒါပေမဲ့ အဲဒီကလေးက လက်ကိုပြန်ရုပ်လိုက်တဲ့အခါ နောက်တစ်ယောက် ထွက်လာတယ်။ လက်သည်က “ဒီလောက်တောင် ထိုးဖောက်ထွက်ရသလား” ဆိုပြီး ကလေးကို ဖာရက်*+ လို့နာမည်ပေးတယ်။
၃၀ အဲဒီနောက် လက်မှာ ကြက်သွေးရောင်ကြိုး ချည်ထားတဲ့ကလေး ထွက်လာတော့ ဇေရလို့+ နာမည်ပေးတယ်။