ကမ္ဘာဦး ၄၁:၁-၅၇
၄၁ နှစ်နှစ်ကြာပြီးနောက် ဖာရောမင်း အိပ်မက်မက်တယ်။+ သူက အိပ်မက်ထဲမှာ နိုင်းမြစ်ကမ်းပေါ် ရပ်နေတယ်။
၂ ဆူဖြိုးလှပတဲ့ နွားမခုနစ်ကောင်က နိုင်းမြစ်ထဲကတက်လာပြီး မြစ်ကမ်းနားမှာ မြက်စားနေတယ်။+
၃ ရုပ်ဆိုးပြီး ပိန်ချုံးနေတဲ့ နွားမခုနစ်ကောင်လည်း နိုင်းမြစ်ထဲက တက်လာပြီး ဆူဖြိုးလှပတဲ့ နွားမတွေနားမှာ ရပ်နေတယ်။
၄ ရုပ်ဆိုးပြီး ပိန်ချုံးနေတဲ့ နွားမခုနစ်ကောင်က ဆူဖြိုးလှပတဲ့ နွားမခုနစ်ကောင်ကို စားလိုက်တယ်။ အဲဒီအချိန်မှာ ဖာရော နိုးလာတယ်။
၅ ဖာရောမင်းဟာ ပြန်အိပ်ပျော်သွားပြီး အိပ်မက်ထပ်မက်တယ်။ အိပ်မက်ထဲမှာ ကောက်ပင်တစ်ပင်ကနေ အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံ ထွက်လာတယ်။+
၆ အဲဒီနောက် အဆန်မအောင်ဘဲ အရှေ့လေကြောင့် ညှိုးနေတဲ့ ကောက်နှံခုနစ်နှံ ထွက်လာတယ်။
၇ အဆန်မအောင်တဲ့ ကောက်နှံခုနစ်နှံက အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံကို မျိုပစ်တယ်။ ဖာရောမင်းလည်း နိုးလာတော့ အိပ်မက်မှန်း သိလိုက်တယ်။
၈ မနက်ကျတော့ ဖာရောမင်း စိတ်မငြိမ်မသက် ဖြစ်လာတဲ့အတွက် အီဂျစ်ပြည်က မှော်ဆရာတွေနဲ့ ပညာရှိတွေအားလုံးကို ဆင့်ခေါ်ပြီး အိပ်မက်တွေအကြောင်း ပြောပြတယ်။ ဒါပေမဲ့ အိပ်မက်အဓိပ္ပာယ်ကို ရှင်းပြနိုင်သူ တစ်ယောက်မှ မရှိဘူး။
၉ အဲဒီအခါ ဖလားတော်ဝန်က ဖာရောမင်းကို “ကျွန်တော် မှားခဲ့တာတွေကို ဒီနေ့ ဝန်ခံပါ့မယ်။
၁၀ မင်းကြီးက ကျွန်တော်နဲ့ စားတော်ဝန်ကို ဒေါသထွက်ပြီး ကိုယ်ရံတော်မှူးရဲ့ထောင်မှာ အကျဉ်းချခဲ့ပါတယ်။+
၁၁ တစ်ညမှာ ကျွန်တော်တို့က အဓိပ္ပာယ်ကိုယ်စီရှိတဲ့ အိပ်မက်ကို မက်ကြတယ်။+
၁၂ ထောင်ထဲမှာ ကိုယ်ရံတော်မှူးရဲ့ကျွန်+ ဟီဘရူးလူငယ်တစ်ယောက် ရှိတယ်။ သူ့ကို အိပ်မက်အကြောင်း ပြောပြတော့+ အိပ်မက်တစ်ခုစီရဲ့ အဓိပ္ပာယ်ကို ရှင်းပြတယ်။
၁၃ သူရှင်းပြတဲ့အတိုင်း အတိအကျဖြစ်လာတယ်။ ကျွန်တော်က ရာထူးပြန်ရပြီး စားတော်ဝန်ကတော့ တိုင်မှာဆွဲထားခံရပါတယ်”+ လို့လျှောက်တင်တယ်။
၁၄ ဒါနဲ့ ဖာရောမင်းက ယောသပ်ကို ထောင်ထဲကနေ+ အမြန်ခေါ်ထုတ်ခိုင်းတယ်။+ ယောသပ်လည်း ဆံပင်နဲ့ မုတ်ဆိတ်တွေကို ရိတ်၊ အဝတ်လဲပြီး ဖာရောရှေ့ အခစားဝင်ရတယ်။
၁၅ အဲဒီအခါ ဖာရောမင်းက “ငါအိပ်မက်မက်တယ်။ ဒါပေမဲ့ အိပ်မက်အဓိပ္ပာယ်ကို ဘယ်သူမှ မရှင်းပြနိုင်ဘူး။ မင်းကတော့ အိပ်မက်အဓိပ္ပာယ်ကို ရှင်းပြနိုင်တယ်လို့ ကြားတယ်” ဆိုပြီး ယောသပ်ကို ပြောတယ်။+
၁၆ ယောသပ်က “မင်းကြီးစိတ်တော်နဲ့တွေ့မယ့် အိပ်မက်အဓိပ္ပာယ်ကို ရှင်းပြနိုင်သူဟာ ဘုရားသခင်ပါ။ ကျွန်တော် မဟုတ်ပါဘူး” လို့လျှောက်တင်တယ်။+
၁၇ အဲဒီအခါ ဖာရောမင်းက ပြောတယ်– “အိပ်မက်ထဲမှာ နိုင်းမြစ်ကမ်းပေါ် ငါရပ်နေတယ်။
၁၈ ဆူဖြိုးလှပတဲ့ နွားမခုနစ်ကောင် နိုင်းမြစ်ထဲက တက်လာပြီး မြစ်ကမ်းနားမှာ မြက်စားနေတယ်။+
၁၉ ရုပ်ဆိုးပြီး ပိန်ချုံးနေတဲ့ နွားမခုနစ်ကောင်လည်း နိုင်းမြစ်ထဲက တက်လာတယ်။ အီဂျစ်ပြည်မှာ ဒီလောက်ရုပ်ဆိုးတဲ့ နွားမတွေ ငါတစ်ခါမှ မမြင်ဖူးဘူး။
၂၀ ရုပ်ဆိုးပြီး အရိုးပေါ်အရေတင်ဖြစ်နေတဲ့ နွားမတွေက ဆူဖြိုးတဲ့နွားမခုနစ်ကောင်ကို စားလိုက်တယ်။
၂၁ စားပြီးတာတောင် အရင်လို ပိန်ချုံးနေတုန်းပဲဆိုတော့ သူတို့စားလိုက်မှန်း ဘယ်သူမှ မသိကြဘူး။ ဒါနဲ့ ငါနိုးလာတယ်။
၂၂ “နောက်တော့ အိပ်မက်ထဲမှာ ကောက်ပင်တစ်ပင်ကနေ အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံ ထွက်လာတာကို ငါမြင်တယ်။+
၂၃ အဲဒီနောက် အဆန်မအောင်တဲ့ ကောက်နှံခုနစ်နှံ ထွက်လာတယ်။ ကောက်နှံတွေဟာ အရှေ့လေကြောင့် ညှိုးနွမ်းပြီး ရှုံ့တွနေတယ်။
၂၄ အဆန်မအောင်တဲ့ ကောက်နှံခုနစ်နှံက အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံကို မျိုပစ်တယ်။ မှော်ဆရာတွေကို+ ဒီအကြောင်းပြောပြပေမဲ့ တစ်ယောက်မှ မရှင်းပြနိုင်ဘူး။”+
၂၅ အဲဒီအခါ ယောသပ် ပြန်လျှောက်တင်တယ်– “မင်းကြီးရဲ့အိပ်မက်တွေဟာ အဓိပ္ပာယ်အတူတူပါပဲ။ စစ်မှန်တဲ့ဘုရားသခင်က ဘာလုပ်မယ်ဆိုတာ မင်းကြီးကို အသိပေးတာပါ။+
၂၆ ဆူဖြိုးတဲ့နွားမ ခုနစ်ကောင်က ခုနစ်နှစ်၊ အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံကလည်း ခုနစ်နှစ်ကို ဆိုလိုပါတယ်။ အိပ်မက်တွေရဲ့အဓိပ္ပာယ် အတူတူပါပဲ။
၂၇ နောက်မှတက်လာတဲ့ ရုပ်ဆိုးပြီးပိန်ချုံးတဲ့ နွားမခုနစ်ကောင်က ခုနစ်နှစ်၊ အဆန်မအောင်ဘဲ အရှေ့လေကြောင့် ညှိုးနွမ်းနေတဲ့ ကောက်နှံခုနစ်နှံကလည်း အငတ်ဘေးဆိုက်မယ့် ခုနစ်နှစ်ကို ဆိုလိုပါတယ်။
၂၈ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ဘုရားသခင်က ဘာလုပ်မယ်ဆိုတာ မင်းကြီးကို အသိပေးနေတာပါ။
၂၉ “အီဂျစ်တစ်ပြည်လုံးမှာ ခုနစ်နှစ်ပတ်လုံး အစာပေါများကြွယ်ဝပါလိမ့်မယ်။
၃၀ ခုနစ်နှစ်လွန်ရင်တော့ အငတ်ဘေး ခုနစ်နှစ်ကြုံရမယ်။ အီဂျစ်ပြည်မှာ ပေါများ ကြွယ်ဝခဲ့ဖူးတာတွေကို လုံးဝမေ့သွားကြမယ်။ အငတ်ဘေးကြောင့် တစ်ပြည်လုံး ပြုတ်ပြုတ်ပြုန်းနေမယ်။+
၃၁ အငတ်ဘေး ပြင်းထန်လွန်းလို့ တိုင်းပြည်မှာ ပေါများကြွယ်ဝခဲ့ဖူးတာကို သတိရကြတော့မှာ မဟုတ်ဘူး။
၃၂ ဘုရားသခင်က ဒီကိစ္စကို အခိုင်အမာ အတည်ပြုလိုက်ပြီဖြစ်လို့ မင်းကြီးကို အိပ်မက် နှစ်ကြိမ်ပေးရတာပါ။ မကြာခင် ဒီကိစ္စကို ဘုရားသခင် အကောင်အထည်ဖော်ပါလိမ့်မယ်။
၃၃ “ဒါကြောင့် သတိပညာရှိသူ၊ အမြော်အမြင်ကြီးသူတစ်ယောက်ကို ရှာပြီး အီဂျစ်ပြည်ကို ကြီးကြပ်ခိုင်းပါ။
၃၄ ပေါများကြွယ်ဝတဲ့ ခုနစ်နှစ်အတွင်း+ အီဂျစ်ထွက်ကုန် ငါးပုံတစ်ပုံကို ကောက်ယူပေးမယ့် ကြီးကြပ်မှူးတွေကို တစ်ပြည်လုံးမှာ ခန့်ထားပါ။
၃၅ ပေါများကြွယ်ဝမယ့်နှစ်တွေအတွင်း သူတို့ကို အစားအစာ စုဆောင်းခိုင်းပါ။ မြို့တွေမှာလည်း ကောက်နှံတွေကို မင်းကြီးရဲ့အမိန့်နဲ့ သိုလှောင်ခိုင်းပါ။+
၃၆ အဲဒီအစားအစာတွေက အငတ်ဘေးကြုံရမယ့် ခုနစ်နှစ်အတွင်း အီဂျစ်ပြည်ကို ဖူလုံစေပါလိမ့်မယ်။ ဒီလိုလုပ်ရင်တော့ တိုင်းပြည်ဟာ အငတ်ဘေးကြောင့် ပျက်စီးသွားမှာ မဟုတ်ဘူး။”+
၃၇ ဒီအကြံပေးချက်ကို ဖာရောမင်းနဲ့ မှူးမတ်အားလုံး သဘောကျတယ်။
၃၈ ဒါကြောင့် ဖာရောက မှူးမတ်တွေကို “သူ့လိုမျိုး ဘုရားသခင့်စွမ်းအားတော်ရရှိထားသူ နောက်တစ်ယောက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး” လို့ပြောတယ်။
၃၉ ယောသပ်ကိုလည်း “ဘုရားသခင်က မင်းကို ဒီကိစ္စတွေအားလုံး အသိပေးပြီဆိုမှတော့ မင်းလောက် သတိပညာရှိသူ၊ အမြော်အမြင်ကြီးသူ မရှိနိုင်ဘူး။
၄၀ ဒီတော့ မင်းက နန်းတော်အုပ် လုပ်ပါ။ ငါ့လူတွေအားလုံး မင်းကို အကြွင်းမဲ့နာခံရမယ်။+ ဘုရင်ဖြစ်တဲ့ ငါကိုယ်တော်မြတ်သာ မင်းထက် ကြီးမြတ်သူဖြစ်မယ်” လို့ပြောတယ်။
၄၁ ပြီးတော့ “အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်ဖို့ မင်းကို ငါခန့်အပ်လိုက်ပြီ” လို့ယောသပ်ကို ဆက်ပြောတယ်။+
၄၂ အဲဒီနောက် ဖာရောမင်းက သူ့တံဆိပ်လက်စွပ်ကို ချွတ်ပြီး ယောသပ်ကို စွပ်ပေးတယ်။ ချည်ချောထည်ကို ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆင်ပေးတယ်။
၄၃ ဒါ့အပြင် သူ့ရဲ့ ဒုတိယမြင်းရထားတော်ကို စီးခိုင်းပြီး ယောသပ်ရှေ့မှာ “အာဗရက်”* လို့ ကြွေးကြော်စေတယ်။ ဒီလိုနဲ့ အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်ဖို့ ယောသပ်ကို ခန့်အပ်လိုက်တယ်။
၄၄ ပြီးတော့ ဖာရောက “ငါဟာ ဖာရောမင်းဖြစ်ပေမဲ့ အီဂျစ်တစ်ပြည်လုံးမှာ မင်းရဲ့ခွင့်ပြုချက်မရှိရင် ဘာမှမလုပ် ရဘူး” လို့ ယောသပ်ကို ထပ်ပြောတယ်။+
၄၅ သူ့ကို ဇာဖဏာသဖာဏ* ဆိုတဲ့ ဘွဲ့ပေးပြီး ဩနမြို့က ပုရောဟိတ် ပေါတိဖေရရဲ့သမီး အာသနတ်နဲ့+ ထိမ်းမြားပေးတယ်။ ယောသပ်လည်း အီဂျစ်ပြည်ကို စပြီး ကြီးကြပ်ကွပ်ကဲရတော့တယ်။+
၄၆ အီဂျစ်ဘုရင်ဖာရောအတွက် စပြီးအမှုထမ်းချိန်မှာ ယောသပ် အသက် ၃၀ ရှိပြီ။+
ယောသပ်က ဖာရောရှေ့ကနေ ထွက်လာပြီးနောက် အီဂျစ်တစ်ပြည်လုံးကို လှည့်လည်ကြည့်ရှုတယ်။
၄၇ ပေါများကြွယ်ဝတဲ့ ခုနစ်နှစ်အတွင်း တိုင်းပြည်မှာ သီးနှံအလျှံပယ် ထွက်တယ်။
၄၈ ခုနစ်နှစ်အတွင်း ထွက်သမျှရိက္ခာတွေကို စုဆောင်းပြီး မြို့တွေမှာ သိုလှောင်တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လယ်တွေကနေရတဲ့ ရိက္ခာတွေကို မြို့တိုင်းမှာ သိုလှောင်တယ်။
၄၉ ဒီလိုနဲ့ ကောက်နှံတွေကို စုဆောင်းလာလိုက်တာ နောက်ဆုံး ပင်လယ်သဲပွင့်တွေလို သိပ်များလွန်းလို့ ရေတွက်မနေတော့ဘူး။
၅၀ အငတ်ဘေးမကျရောက်ခင်မှာ ယောသပ်က ဩနမြို့က ပုရောဟိတ် ပေါတိဖေရရဲ့သမီး အာသနတ်နဲ့ သားနှစ်ယောက် ရတယ်။+
၅၁ သားဦးကို “ငါကြုံရတဲ့ဆင်းရဲဒုက္ခတွေ၊ အဖေ့အိမ်သားတွေကို ဘုရားသခင် မေ့ပျောက်စေပြီ” ဆိုပြီး မနာရှေ*+ လို့နာမည်ပေးတယ်။
၅၂ ဒုတိယသားကို “ငါဆင်းရဲဒုက္ခရောက်တဲ့ပြည်မှာ ဘုရားသခင်က ငါ့ကို သားသမီးထွန်းကားစေပြီ”+ ဆိုပြီး ဧဖရိမ်*+ လို့နာမည်ပေးတယ်။
၅၃ ဒီလိုနဲ့ အီဂျစ်ပြည်မှာ ပေါများကြွယ်ဝတဲ့ခုနစ်နှစ် ကုန်ဆုံးသွားတယ်။+
၅၄ ယောသပ်ပြောခဲ့တဲ့အတိုင်း အငတ်ဘေးခုနစ်နှစ် စတင်တော့တယ်။+ တခြားတိုင်းပြည်တွေမှာ အငတ်ဘေးဆိုက်ပေမဲ့ အီဂျစ်ပြည်မှာတော့ အစာမပြတ်လပ်သေးဘူး။+
၅၅ နောက်ဆုံး၊ အီဂျစ်ပြည်မှာလည်း အငတ်ဘေးကြုံလာတော့ လူတွေက ဖာရောမင်းဆီလာပြီး စားစရာပေးဖို့ အော်ဟစ်တောင်းကြတယ်။+ အဲဒီအခါ ဖာရောက “ယောသပ်ဆီ သွားကြ။ သူပြောတဲ့အတိုင်း လုပ်ကြ”+ ဆိုပြီး အီဂျစ်ပြည်သားတွေကို ပြောတယ်။
၅၆ မြေတစ်ပြင်လုံးမှာ အငတ်ဘေး ဆက်ဖြစ်နေတယ်။+ အီဂျစ်ပြည်မှာ အငတ်ဘေး ပြင်းထန်လာတဲ့အတွက် ယောသပ်က ကျီတွေဖွင့်ပြီး ပြည်သားတွေကို အစားအစာ ရောင်းပေးတယ်။+
၅၇ မြေတစ်ပြင်လုံးမှာ အကြီးအကျယ် အငတ်ဘေးဆိုက်တဲ့အတွက် အရပ်ရပ်ကလူတွေဟာ အီဂျစ်ပြည်ကို လာပြီး ယောသပ်ဆီမှာ အစားအစာဝယ်ကြတယ်။+