ကမ္ဘာဦး ၄၃:၁-၃၄

  • ယောသပ်ရဲ့အစ်ကိုတွေ အီဂျစ်ကို နောက်တစ်ကြိမ်သွား၊ ဗင်ယာမိန် လိုက်ပါ (၁-၁၄)

  • ညီအစ်ကိုတွေနဲ့ ယောသပ် ထပ်မံတွေ့ဆုံ (၁၅-၂၃)

  • ညီအစ်ကိုတွေနဲ့အတူ ယောသပ် စားသောက် (၂၄-၃၄)

၄၃  ခါနန်ပြည်မှာ အငတ်ဘေး ပြင်းထန်လာတယ်။+ ၂  အီဂျစ်ပြည်ကယူလာတဲ့ ကောက်နှံတွေ စားလို့ကုန်သွားတဲ့အခါ+ ယာကုပ်က “စားစရာနည်းနည်း ပြန်သွားဝယ်ပါဦး” လို့ သားတွေကို ပြောတယ်။ ၃  ယုဒကလည်း “အဲဒီလူက ‘မင်းတို့ညီလေးကို မခေါ်လာရင် ငါ့မျက်နှာကို မမြင်ရဘူး’ လို့ ကျွန်တော်တို့ကို ရှင်းရှင်းပြောပြီးသား။+ ၄  ဒါကြောင့် ညီလေးကို ကျွန်တော်တို့နဲ့အတူ ထည့်လိုက်မယ်ဆိုရင် သွားဝယ်ပါ့မယ်။ ၅  မထည့်ရင်တော့ မသွားနိုင်ပါဘူး။ ‘မင်းတို့ညီလေးကို မခေါ်လာရင် ငါ့မျက်နှာကို မမြင်ရဘူး’ ဆိုပြီး အဲဒီလူ ပြောထားလို့ပါ”+ လို့ပြောတယ်။ ၆  ဒါနဲ့ အစ္စရေးက+ “ညီတစ်ယောက် ရှိသေးတယ်လို့ မင်းတို့ပြောလိုက်တာကိုး။ အခုတော့ ငါစိတ်ဆင်းရဲရပြီ” လို့ပြောတယ်။ ၇  သူတို့ကလည်း “အဲဒီလူက ‘မင်းတို့အဖေ ရှိသေးလား။ တခြားညီအစ်ကို ရှိသေးလား’ ဆိုပြီး ကျွန်တော်တို့အကြောင်း၊ ဆွေမျိုးတွေအကြောင်း အကုန်မေးနေတော့ အမှန်အတိုင်း ဖြေရတာပေါ့။+ ‘ညီလေးကို ခေါ်လာခဲ့’ လို့ ပြောမယ်မှန်း ဘယ်သိပါ့မလဲ၊ အဖေရယ်”+ လို့ပြောတယ်။ ၈  ယုဒက “အဖေ၊ ညီလေးကို ထည့်လိုက်ပါ။+ ကျွန်တော်တို့ သွားပါ့မယ်။ ဒါမှ အဖေရော၊ ကျွန်တော်တို့ရော၊ သားသမီးတွေရော+ မသေဘဲ အသက်ဆက်ရှင်နိုင်မှာပါ။+ ၉  ညီလေး ဘေးကင်းလုံခြုံဖို့ အာမခံပါတယ်။+ ကျွန်တော့်တာဝန်ထားပါ။ သူ့ကို ပြန်ခေါ်လာပြီး အဖေ့ဆီ မအပ်နိုင်ရင် ကျွန်တော် တစ်သက်လုံး ပြစ်ဒဏ်ခံယူပါ့မယ်။ ၁၀  ဒီလိုသာ ကြန့်ကြာမနေရင် အခုလောက်ဆို ဒုတိယအကြိမ် သွားပြီးလို့တောင် ပြန်ရောက်နေပြီ” လို့ပြောတယ်။ ၁၁  ဒါနဲ့ အစ္စရေးက “ကဲ၊ ဒါဆိုရင်လည်း ငါတို့ပြည်က အကောင်းဆုံးထွက်ကုန်တွေဖြစ်တဲ့ ဗာလစံဆီမွှေးနည်းနည်း၊+ ပျားရည်နည်းနည်း၊ အမည်းရောင်သစ်စေးမွှေး၊ သစ်စေးခေါက်၊+ သစ်ဆိမ့်သီး၊ ဗာဒံသီးတွေကို အိတ်ထဲထည့်ပြီး အဲဒီလူအတွက် လက်ဆောင်ယူသွားကြ။+ ၁၂  ပြီးတော့ ငွေနှစ်ဆ ယူသွားကြ။ အိတ်ထဲမှာပါလာတဲ့ ငွေတွေလည်း ပြန်ယူသွား။+ မှားပြီးပါလာတာဖြစ်မယ်။ ၁၃  ညီလေးကိုခေါ်ပြီး အဲဒီလူဆီ သွားကြ။ ၁၄  မင်းတို့ကို အဲဒီလူ သနားသွားအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ကူညီပေးပါစေ။ ရှိမောင်နဲ့ ဗင်ယာမိန်ကို သူ လွှတ်ပေးလောက်ပါရဲ့။ တကယ်လို့ ငါ့သားတွေကို ဆုံးရှုံးရမယ်ဆိုရင်လည်း အဆုံးရှုံးခံရမှာပေါ့လေ”+ လို့ပြောရှာတယ်။ ၁၅  သူတို့က လက်ဆောင်နဲ့ ငွေနှစ်ဆကိုယူပြီး ဗင်ယာမိန်ကို ခေါ်သွားတယ်။ အီဂျစ်ပြည်ရောက်တော့ ယောသပ်ရှေ့ အခစားဝင်ကြတယ်။+ ၁၆  ယောသပ်က ဗင်ယာမိန်ပါလာတာကို မြင်တာနဲ့ အိမ်တော်ထိန်းကို “ဒီလူတွေကို အိမ်ခေါ်သွားလိုက်။ တိရစ္ဆာန်တွေ သတ်ပြီး စားသောက်ပွဲ ပြင်ဆင်ထား။ သူတို့နဲ့အတူ ငါ နေ့လယ်စာ စားမယ်” လို့ပြောတယ်။ ၁၇  အိမ်တော်ထိန်းလည်း ပြောတဲ့အတိုင်း ချက်ချင်းပဲ+ သူတို့ကို ယောသပ်အိမ် ခေါ်သွားတယ်။ ၁၈  ယောသပ်ရဲ့အိမ်ကို လိုက်သွားတဲ့အခါ သူတို့ကြောက်လန့်ပြီး “အရင်တစ်ခေါက် အိတ်ထဲပါလာတဲ့ ငွေတွေကြောင့် ဒီကိုခေါ်လာတာ ဖြစ်မယ်။ မြည်းတွေကိုသိမ်း၊ ငါတို့ကိုဖမ်းပြီး ကျွန်လုပ်ခိုင်းတော့မယ်နဲ့ တူတယ်” လို့ အချင်းချင်း ပြောကြတယ်။+ ၁၉  သူတို့က အိမ်ဝင်ပေါက်ကို ရောက်တော့ အိမ်တော်ထိန်းနား သွားပြီး၊ ၂၀  “သခင်၊ တစ်ဆိတ်လောက် စကားပြောပါရစေ။ အရင်တစ်ခေါက် ကျွန်တော်တို့ အစားအစာ လာဝယ်သေးတယ်။+ ၂၁  အပြန်မှာ တည်းခိုတဲ့နေရာရောက်တော့ အိတ်တွေ ဖွင့်ကြည့်တဲ့အခါ ငွေတွေအားလုံး ပြန်ပါလာတာကို တွေ့ရတယ်။+ ဒီငွေတွေကို ပြန်ပေးချင်လို့ပါ။ ၂၂  အခုလည်း အစားအစာဝယ်ဖို့ ငွေတွေ ထပ်ယူလာပါတယ်။ ငွေတွေကို အိတ်ထဲ ဘယ်သူထည့်ထားမှန်း ကျွန်တော်တို့ မသိပါဘူး”+ လို့ပြောတယ်။ ၂၃  အိမ်တော်ထိန်းကလည်း “ကိစ္စမရှိဘူး။ မစိုးရိမ်ကြနဲ့။ မင်းတို့ငွေကို ငါရပြီးပြီ။ အိတ်ထဲကငွေကို မင်းတို့ရဲ့ဘုရားသခင်၊ မင်းတို့အဖေရဲ့ဘုရားသခင် ထည့်ပေးထားတာ” လို့ပြောတယ်။ ပြီးတော့ ရှိမောင်ကို သူတို့ဆီ ခေါ်ထုတ်လာတယ်။+ ၂၄  အဲဒီနောက် သူတို့ကို ယောသပ်အိမ်ထဲ ဝင်ခိုင်းပြီး ခြေဆေးဖို့ ရေပေးတယ်။ သူတို့ရဲ့မြည်းတွေကိုလည်း အစာကျွေးတယ်။ ၂၅  သူတို့ဟာ ယောသပ်နဲ့အတူ နေ့လယ်စာစားရမယ်လို့ သိရတဲ့အတွက်+ သူလာရင်ပေးဖို့ လက်ဆောင်တွေ အသင့်ပြင်ထားကြတယ်။+ ၂၆  ယောသပ် ရောက်လာတဲ့အခါ လက်ဆောင်တွေ ဆက်သပြီးနောက် သူ့ရှေ့မှာ ဦးညွှတ်ကြတယ်။+ ၂၇  ယောသပ်က သူတို့ကို နှုတ်ဆက်ပြီး “မင်းတို့ရဲ့အဖေအိုကြီး နေကောင်းရဲ့လား” လို့မေးတယ်။+ ၂၈  သူတို့ကလည်း “အဖေ နေကောင်းပါတယ်” လို့ပြန်ဖြေပြီး ဦးညွှတ်ကြတယ်။+ ၂၉  ယောသပ်ကြည့်လိုက်တော့ အမေ့သား၊ ညီရင်းဗင်ယာမိန်ကို+ မြင်တဲ့အခါ “မင်းတို့ရဲ့ညီအငယ်ဆုံးဆိုတာ သူလား”+ လို့မေးပြီး ဗင်ယာမိန်ကို “လူလေး၊ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ပြောတယ်။ ၃၀  ပြီးတော့ ညီလေးကိုမြင်ရလို့ စိတ်မထိန်းနိုင်တော့ဘဲ အခန်းထဲ ပြေးဝင်ပြီး ငိုတယ်။+ ၃၁  အဲဒီနောက် မျက်နှာသစ်ပြီး အပြင်ပြန်ထွက်လာတယ်။ စိတ်ကိုထိန်းပြီး “စားသောက်ဖို့ ပြင်ဆင်ကြ” လို့ပြောတယ်။ ၃၂  ဒါနဲ့ ယောသပ်အတွက်၊ သူ့ညီအစ်ကိုတွေအတွက်၊ သူ့အိမ်က အီဂျစ်လူတွေအတွက် သီးသန့်စီ ပြင်ဆင်ကြတယ်။ အီဂျစ်လူတွေက ဟီဘရူးတွေနဲ့အတူ မစားသောက်ကြဘူး။ အဲဒီလိုအတူစားရတာကို ရွံမုန်းကြတယ်။+ ၃၃  သူတို့က ယောသပ်ရှေ့မှာ ထိုင်ကြတဲ့အခါ သားဦးအခွင့်အရေးရတဲ့ သားကြီးကနေ+ သားထွေးအထိ ကြီးစဉ်ငယ်လိုက် နေရာချပေးထားတဲ့အတွက် အချင်းချင်းကြည့်ပြီး အံ့ဩနေကြတယ်။ ၃၄  ယောသပ်က သူ့စားပွဲကနေ အစားအစာတွေထည့်ပေးတဲ့အခါ တခြားသူတွေထက် ဗင်ယာမိန်ကို ငါးဆပိုထည့်ပေးတယ်။+ သူတို့အားလုံး ယောသပ်နဲ့အတူ အဝစားသောက်ကြတယ်။

အောက်ခြေမှတ်ချက်များ