ကမ္ဘာဦး ၄၄:၁-၃၄

  • ဗင်ယာမိန်အိတ်ထဲ ယောသပ်ရဲ့ ငွေခွက်ကိုတွေ့ (၁-၁၇)

  • ဗင်ယာမိန်အတွက် ယုဒ အသနားခံ (၁၈-၃၄)

၄၄  အဲဒီနောက် ယောသပ်က အိမ်တော်ထိန်းကို “ယောက်တိုင်းရဲ့အိတ်ထဲမှာ အစားအစာတွေ သယ်နိုင်သလောက် ထည့်ပေးလိုက်။ သူတို့ရဲ့ငွေတွေကိုလည်း ပြန်ထည့်ပေးလိုက်။+ ၂  အငယ်ဆုံးရဲ့အိတ်ထဲမှာတော့ ကောက်နှံဖိုးငွေနဲ့အတူ ငါ့ငွေခွက်ကိုပါ ထည့်ထားလိုက်” လို့အမိန့်ပေးတယ်။ အိမ်တော်ထိန်းလည်း ယောသပ်အမိန့်ပေးတဲ့အတိုင်း လုပ်တယ်။ ၃  မနက်မိုးလင်းတော့ သူတို့က မြည်းတွေနဲ့ ထွက်ခွာသွားကြတယ်။ ၄  မြို့နဲ့ဝေးရာကို မရောက်ခင် ယောသပ်က အိမ်တော်ထိန်းကို ပြောတယ်– “သူတို့နောက်ကို အမီလိုက်ပါ။ ပြီးတော့ ‘မင်းတို့ ဘာလို့ ကျေးဇူးကန်းကြတာလဲ။ ၅  ငါ့သခင်သောက်တဲ့ခွက်ကို ဘာလို့ ခိုးသွားတာလဲ။ ငါ့သခင်က ဒီခွက်ကိုသုံးပြီး အတိအကျ နိမိတ်ဖတ်နိုင်တာ။ မင်းတို့ ဒီလိုလုပ်တာ တော်တော်ဆိုးတာပဲ’ လို့ ပြောလိုက်ပါ။” ၆  အိမ်တော်ထိန်းလည်း သူတို့ကို အမီလိုက်ပြီး အဲဒီအတိုင်း ပြောတယ်။ ၇  သူတို့က “သခင်၊ ဘာလို့ အဲဒီလိုပြောရတာလဲ။ ကျွန်တော်တို့ ဒါမျိုးလုပ်ဖို့ စဉ်းတောင်မစဉ်းစားဝံ့ပါဘူး။ ၈  ကျွန်တော်တို့အိတ်ထဲ ပါလာတဲ့ ငွေကိုတောင် ခါနန်ပြည်ကနေ ပြန်ယူလာခဲ့သေးတာပဲ။+ သခင့်ရဲ့အရှင်အိမ်က ရွှေငွေတွေကို ဘာလို့ခိုးရမှာလဲ။ ၉  ကျွန်တော်တို့တစ်ယောက်ယောက်ဆီမှာ အဲဒီခွက်ကိုတွေ့ခဲ့ရင် သူ့ကိုသတ်လိုက်ပါ။ ကျန်တဲ့သူတွေလည်း သခင့်ဆီမှာ ကျွန်ခံပါ့မယ်” လို့ပြန်ပြောကြတယ်။ ၁၀  အဲဒီအခါ အိမ်တော်ထိန်းက “မင်းတို့စကား တည်ပါစေ။ တစ်ယောက်ယောက်ဆီမှာ ခွက်ကိုတွေ့လို့ကတော့ ငါ့ကျွန်ဖြစ်ပြီသာမှတ်။ ကျန်တဲ့သူတွေကိုတော့ လွှတ်ပေးလိုက်မယ်” လို့ပြောတယ်။ ၁၁  ဒါနဲ့ အိတ်တွေကို အမြန်ချပြီး ဖွင့်ကြတယ်။ ၁၂  အကြီးဆုံးရဲ့အိတ်ကနေ အငယ်ဆုံးရဲ့အိတ်အထိ အသေအချာရှာတဲ့အခါ နောက်ဆုံး ဗင်ယာမိန်ရဲ့အိတ်ထဲမှာ ခွက်ကို တွေ့သွားတယ်။+ ၁၃  အဲဒီအခါ သူတို့လည်း ကိုယ့်အဝတ်ကို ဆွဲဆုတ်၊ မြည်းပေါ် အထုပ်တွေပြန်တင်ပြီး မြို့ကို ပြန်လိုက်သွားကြတယ်။ ၁၄  ယောသပ်အိမ်ထဲကို ယုဒနဲ့+ ညီအစ်ကိုတွေ ဝင်သွားတော့ အိမ်မှာ သူရှိနေတုန်းပဲ။ ဒါနဲ့ ယောသပ်ရှေ့မှာ ဦးညွှတ်ကြတယ်။+ ၁၅  ယောသပ်က “မင်းတို့ ဘယ်လိုလုပ်လိုက်တာလဲ။ ငါလိုလူက အတိအကျ နိမိတ်ဖတ်နိုင်တယ်ဆိုတာ မသိကြဘူးလား” လို့ပြောတယ်။+ ၁၆  အဲဒီအခါ ယုဒက “သခင့်ကို ဘာပြန်ပြောနိုင်မှာလဲ။ ဘယ်လိုရှင်းပြရမလဲ။ ကျွန်တော်တို့ဟာ လူရိုးလူကောင်းတွေပါဆိုတာ ဘယ်လိုသက်သေပြရမလဲ။ စစ်မှန်တဲ့ဘုရားသခင်က ကျွန်တော်တို့လုပ်ခဲ့တဲ့ အမှားကြောင့် အပြစ်ပေးလိုက်တာပဲ။+ ဒါကြောင့် ခွက်ကိုယူထားတဲ့သူရော ကျွန်တော်တို့ပါ သခင့်ကျွန် ဖြစ်ပါပြီ” လို့ပြန်ပြောတယ်။ ၁၇  ဒါပေမဲ့ ယောသပ်က “ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ ခွက်ကိုယူထားတဲ့သူပဲ ငါ့ကျွန်ဖြစ်ရမယ်။+ ကျန်တဲ့သူတွေတော့ မင်းတို့အဖေဆီ အေးအေးဆေးဆေး ပြန်ကြ” လို့ပြောတယ်။ ၁၈  ယုဒက ယောသပ်အနား တိုးသွားပြီး “သခင်၊ ကျွန်တော် တောင်းပန်ပါတယ်။ တစ်ခွန်းလောက် လျှောက်ထားပါရစေ။ စိတ်မဆိုးပါနဲ့။ သခင်ဟာ ဖာရောမင်းလိုပါပဲ။+ ၁၉  ‘မင်းတို့မှာ အဖေရှိသေးလား၊ ညီအစ်ကို ရှိသေးလား’ ဆိုပြီး သခင်မေးခဲ့ပါတယ်။ ၂၀  အဲဒီအခါ ‘ကျွန်တော်တို့မှာ အဖေအိုကြီး ရှိပါတယ်။ အဖေအသက်ကြီးမှရတဲ့ သားထွေးလည်း ရှိပါတယ်။+ သူ့အစ်ကိုက သေသွားပြီ။+ သူ့အမေအရင်းကမွေးတဲ့ သားတွေထဲမှာ သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။+ ဒါကြောင့် အဖေက ညီလေးကို သိပ်ချစ်ပါတယ်’ လို့ ကျွန်တော်ပြောတော့၊ ၂၁  သခင်က ‘သူ့ကိုတွေ့ချင်လို့ ငါ့ဆီခေါ်ခဲ့’ ဆိုပြီး ပြောပါတယ်။+ ၂၂  ဒါပေမဲ့ ကျွန်တော်တို့က ‘ညီလေးကို အဖေနဲ့ခွဲလို့ မဖြစ်ဘူး။ ခွဲလိုက်ရင် အဖေသေမှာ’+ လို့ပြောတော့၊ ၂၃  ‘မင်းတို့ရဲ့ညီအငယ်ဆုံးကို မခေါ်လာရင် ငါ့မျက်နှာကို မြင်ရမှာ မဟုတ်ဘူး’+ လို့သခင်ပြောပါတယ်။ ၂၄  “ဒါကြောင့် ကျွန်တော်မျိုးတို့ရဲ့ အဖေဆီ ပြန်ရောက်တဲ့အခါ သခင်ပြောတဲ့အတိုင်း ပြောပြပါတယ်။ ၂၅  နောက်တော့ အဖေက ‘စားစရာနည်းနည်း ပြန်သွားဝယ်ပါဦး’ လို့ပြောတဲ့အခါ၊+ ၂၆  ကျွန်တော်တို့က ‘မသွားနိုင်ပါဘူး အဖေ။ ညီလေးကိုထည့်မှပဲ သွားပါ့မယ်။ ညီလေးကို မခေါ်သွားရင် အဲဒီလူရဲ့မျက်နှာကို မြင်ရမှာမဟုတ်ဘူး’ လို့ပြောပါတယ်။+ ၂၇  အဲဒီအခါ အဖေက ‘ငါ့မိန်းမ ရာခေလက သားနှစ်ယောက်တည်း မွေးပေးခဲ့တာ မင်းတို့သိတာပဲ။+ ၂၈  သားတစ်ယောက်က ငါ့ကိုခွဲခွာသွားပြီ။ ‘သူ့ခမျာ တစ်စစီကိုက်ဖဲ့ခံရပြီပေါ့’+ လို့ငါပြောခဲ့တယ်။ အခုထိ သူ့ကို ငါမတွေ့ရတော့ဘူး။ ၂၉  ဒီသားကိုလည်း ငါ့ဆီကနေခေါ်သွားလို့ သူအသက်အန္တရာယ်ကြုံရရင် ဆံဖြူနေတဲ့ငါ့ကို ရင်နာနာနဲ့ သင်္ချိုင်းထဲ+ ဆင်းခိုင်းကြတာပဲ’+ လို့ပြောပါတယ်။ ၃၀  “အဖေက ညီလေးကို အသက်တမျှ ချစ်တဲ့အတွက် အခု သူမပါဘဲ ပြန်သွားရင်၊ ၃၁  မပါမှန်းသိတာနဲ့ အဖေသေမှာပဲ။ ဒါဆိုရင် ကျွန်တော်မျိုးတို့က ဆံဖြူနေတဲ့ အဖေ့ကို ရင်နာနာနဲ့ သင်္ချိုင်းထဲ ဆင်းခိုင်းသလို ဖြစ်သွားပါလိမ့်မယ်။ ၃၂  ကျွန်တော်က ‘ညီလေးကို ပြန်ခေါ်လာပြီး အဖေ့ဆီ မအပ်နိုင်ရင် တစ်သက်လုံး ပြစ်ဒဏ်ခံယူပါ့မယ်’ ဆိုပြီး အာမခံခဲ့ပါတယ်။+ ၃၃  ဒါကြောင့် ညီလေးအစား ကျွန်တော်ပဲ သခင့်ကျွန်အဖြစ် နေခဲ့ပါရစေ။ ညီလေးကိုတော့ သူ့အစ်ကိုတွေနဲ့ ပြန်ခွင့်ပေးပါ။ ၃၄  ညီလေးမပါဘဲ အဖေ့ဆီ ပြန်လို့မဖြစ်ပါဘူး။ အဖေ ဒီလိုအဖြစ်ဆိုးမျိုး ကြုံရမှာကို ကျွန်တော် မကြည့်ရက်လို့ပါ။”

အောက်ခြေမှတ်ချက်များ