ကမ္ဘာဦး ၄၇:၁-၃၁

  • ဖာရောနဲ့ ယာကုပ် တွေ့ဆုံ (၁-၁၂)

  • ယောသပ် ပညာရှိရှိ စီမံခန့်ခွဲ (၁၃-၂၆)

  • ဂေါရှင်အရပ်မှာ အစ္စရေး အခြေချ (၂၇-၃၁)

၄၇  ယောသပ်က ဖာရောမင်းဆီ သွားပြီး “ကျွန်တော့်အဖေနဲ့ ညီအစ်ကိုတွေဟာ သိုးနွားတိရစ္ဆာန်အုပ်တွေ၊ ပိုင်ဆိုင်သမျှတွေနဲ့အတူ ခါနန်ပြည်ကနေ ရောက်လာကြပါပြီ။ အခု၊ ဂေါရှင်အရပ်မှာ ရှိပါတယ်”+ လို့သတင်းပို့တယ်။+ ၂  ပြီးတော့ အစ်ကိုငါးယောက်ကို ခေါ်ပြီး ဖာရောမင်းရှေ့ အခစားဝင်တယ်။+ ၃  ဖာရောမင်းက “မင်းတို့ ဘာတွေလုပ်ကိုင်ကြသလဲ” ဆိုပြီးမေးတဲ့အခါ သူတို့က “ကျွန်တော်မျိုးတို့ရော၊ ဘိုးဘေးတွေရော သိုးထိန်းတွေပါ။+ ၄  ခါနန်ပြည်မှာ အငတ်ဘေး ပြင်းထန်လွန်းတော့+ ကျွန်တော်မျိုးတို့ရဲ့ သိုးအုပ်အတွက် စားကျက်မြေ မရှိတော့ပါဘူး။ ဒါကြောင့် ဒီပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေထိုင်ဖို့+ ရောက်လာတာပါ။ ကျွန်တော်မျိုးတို့ကို ဂေါရှင်အရပ်မှာ နေထိုင်ခွင့်ပြုပါ”+ လို့လျှောက်တင်ကြတယ်။ ၅  ဖာရောမင်းက ယောသပ်ကို “မင်းအဖေနဲ့ ညီအစ်ကိုတွေ ရောက်လာကြပြီ။ ၆  အီဂျစ်ပြည်ဟာ မင်းလက်ထဲမှာ ရှိတာပဲ။ မင်းအဖေနဲ့ ညီအစ်ကိုတွေကို တိုင်းပြည်ရဲ့အကောင်းဆုံးနေရာ+ ဂေါရှင်အရပ်မှာ နေခိုင်းပါ။ ငါ့တိရစ္ဆာန်အုပ်တွေကို တာဝန်ယူကြီးကြပ်ဖို့ သူတို့ထဲက အရည်အချင်းရှိသူတွေကိုလည်း ခန့်လိုက်ပါ” လို့ပြောတယ်။ ၇  အဲဒီနောက် ယောသပ်က ဖခင်ယာကုပ်ကို ဖာရောရှေ့ခေါ်လာပြီး မိတ်ဆက်ပေးတဲ့အခါ ယာကုပ်က ဖာရောမင်းကို ဆုမွန်ကောင်းတောင်းပေးတယ်။ ၈  ဖာရောမင်းက “အသက်ဘယ်လောက်ရှိပြီလဲ” လို့မေးတော့၊ ၉  ယာကုပ်က “ကျွန်တော် လှည့်လည်နေထိုင်ခဲ့တာ နှစ်ပေါင်း ၁၃၀ ရှိပါပြီ။ ကျွန်တော့်သက်တမ်း တိုပြီး စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရပါတယ်။+ လှည့်လည်နေထိုင်ခဲ့ကြတဲ့ ဘိုးဘေးတွေလောက် သက်တမ်းမရှည်ပါဘူး”+ လို့ဖြေတယ်။ ၁၀  ယာကုပ်ဟာ ဖာရောမင်းကို ဆုမွန်ကောင်းတွေ တောင်းပေးပြီး ထွက်သွားတယ်။ ၁၁  ယောသပ်လည်း ဖာရောမင်းအမိန့်အတိုင်း ဖခင်နဲ့ ညီအစ်ကိုတွေကို အီဂျစ်ပြည်ရဲ့ အကောင်းဆုံးနေရာ ရာမသက်အရပ်မှာ+ နေရာချပေးတယ်။ ၁၂  ညီအစ်ကိုတွေ၊ ဖခင်နဲ့ ဖခင်ရဲ့အိမ်သားတွေအားလုံးကို သားသမီးအရေအတွက်ပေါ် မူတည်ပြီး အစားအစာဝေပေးတယ်။ ၁၃  အငတ်ဘေး ပြင်းထန်လွန်းတဲ့အတွက် တစ်ပြည်လုံးမှာ အစားအစာ မရှိတော့ဘူး။ အငတ်ဘေးကြောင့် အီဂျစ်ပြည်ရော၊ ခါနန်ပြည်ရော ပြုတ်ပြုတ်ပြုန်းလာတယ်။+ ၁၄  ယောသပ်က အီဂျစ်ပြည်သားနဲ့ ခါနန်ပြည်သားတွေပေးတဲ့ ကောက်နှံဖိုးအားလုံးကို စုသိမ်းပြီး+ ဖာရောမင်းရဲ့ဘဏ္ဍာတိုက်ထဲ သွင်းတယ်။ ၁၅  အီဂျစ်ပြည်နဲ့ ခါနန်ပြည်မှာ ငွေကုန်သွားတဲ့အခါ အီဂျစ်ပြည်သားအားလုံး ယောသပ်ဆီ လာပြီး “ကျွန်တော်တို့ကို အစားအစာပေးပါ။ ငွေကုန်သွားတာနဲ့ပဲ သခင့်ရှေ့မှာ ငတ်ပြီးသေရတော့မှာလား” လို့ပြောကြတယ်။ ၁၆  ဒါနဲ့ ယောသပ်က “ငွေကုန်သွားရင် တိရစ္ဆာန်တွေ ပေးကြ။ အစားအစာနဲ့ လဲပေးမယ်” လို့ပြောတယ်။ ၁၇  ဒါကြောင့် တိရစ္ဆာန်တွေကို ယောသပ်ဆီ ယူလာကြတယ်။ ယောသပ်က မြင်းတွေ၊ သိုးအုပ်တွေ၊ တိရစ္ဆာန်အုပ်တွေ၊ မြည်းတွေကို အစားအစာနဲ့လဲပေးတယ်။ ဒီလိုနဲ့ အဲဒီနှစ်မှာ တိရစ္ဆာန်ကို အစားအစာနဲ့လဲလှယ်ပြီး လူတွေကို ဆက်ထောက်ပံ့တယ်။ ၁၈  အဲဒီနှစ်ကုန်လွန်ပြီး နောက်တစ်နှစ်မှာ လူတွေက ယောသပ်ဆီလာပြီး “ကျွန်တော်တို့ရဲ့ငွေရော၊ တိရစ္ဆာန်အုပ်တွေရော သခင့်လက်ထဲ ရောက်ကုန်ပြီဆိုတာ သခင်အသိပါပဲ။ သခင့်ကိုပေးစရာဆိုလို့ ကိုယ်ခန္ဓာနဲ့လယ်မြေပဲ ကျန်ပါတော့တယ်။ ၁၉  သခင့်ရှေ့မှာ ကျွန်တော်တို့ရော လယ်မြေတွေရော ဘာကြောင့် သေကျေပျက်စီးရမှာလဲ။ ကျွန်တော်တို့နဲ့ လယ်မြေတွေကို သိမ်းပြီး အစားအစာတွေပေးပါ။ ကျွန်တော်တို့ဟာ ဖာရောမင်းရဲ့ကျွန်တွေ၊ လယ်မြေတွေလည်း ဖာရောမင်းရဲ့လယ်မြေတွေ ဖြစ်ပါစေ။ မသေဘဲ အသက်ဆက်ရှင်ဖို့၊ လယ်မြေတွေ မပျက်စီးဖို့ မျိုးစေ့ ပေးပါ” လို့ပြောကြတယ်။ ၂၀  အငတ်ဘေး ပိုပြင်းထန်လာတော့ အီဂျစ်ပြည်သားအားလုံးက လယ်မြေတွေရောင်းတဲ့အတွက် ယောသပ်လည်း လယ်မြေတွေကို ဖာရောမင်းအတွက် ဝယ်တယ်။ ဒီလိုနဲ့ လယ်မြေအားလုံး ဖာရောမင်းအပိုင် ဖြစ်လာတယ်။ ၂၁  ယောသပ်က အီဂျစ်ပြည်အရပ်ရပ်ကလူတွေကို မြို့တွေမှာ ပြောင်းရွှေ့နေထိုင်ခိုင်းတယ်။+ ၂၂  ပုရောဟိတ်တွေကတော့ ဖာရောမင်းဆီကနေ ရိက္ခာတွေရတဲ့အတွက် လယ်မြေရောင်းစရာမလိုဘူး။ ဒါကြောင့် သူတို့ရဲ့လယ်မြေကို ယောသပ်မဝယ်ဘူး။+ ၂၃  ယောသပ်က “မင်းတို့ကိုရော လယ်မြေတွေကိုပါ ဖာရောမင်းအတွက် ဒီနေ့ ငါဝယ်လိုက်ပြီ။ လယ်မှာ စိုက်ပျိုးဖို့ မျိုးစေ့တွေယူကြ။ ၂၄  သီးနှံထွက်တဲ့အခါ ဖာရောမင်းကို ငါးပုံတစ်ပုံ ပေးရမယ်။+ ကျန်တဲ့လေးပုံကို လယ်မှာ မျိုးကြဲနိုင်တယ်။ မင်းတို့နဲ့ အိမ်သားတွေ၊ ကလေးတွေ စားနိုင်တယ်” လို့ပြောတော့၊ ၂၅  လူတွေက “ကျွန်တော်တို့အသက်ကို သခင် ကယ်လိုက်ပါပြီ။+ ကျွန်တော်တို့ဟာ သခင့်စိတ်နဲ့တွေ့တဲ့သူတွေ ဖြစ်ချင်ပါတယ်။ ဖာရောမင်းဆီမှာ ကျွန်ခံပါ့မယ်”+ လို့ပြောကြတယ်။ ၂၆  ဒါနဲ့ ဖာရောမင်းကို ငါးပုံတစ်ပုံ ပေးရမယ်ဆိုတဲ့ အမိန့်ကို ယောသပ်ထုတ်ပြန်လိုက်တယ်။ အဲဒီအမိန့်က အီဂျစ်တစ်ပြည်လုံးမှာ ဒီနေ့အထိ အတည်ဖြစ်နေတုန်းပဲ။ ပုရောဟိတ်တွေရဲ့ လယ်မြေကိုတော့ ဖာရောမင်း မသိမ်းယူဘူး။+ ၂၇  အစ္စရေးလည်း အီဂျစ်ပြည်၊ ဂေါရှင်အရပ်မှာ+ ဆက်နေထိုင်တယ်။ အဲဒီမှာ သူတို့အခြေချနေထိုင်ပြီး သားသမီးတွေ မွေးဖွားလာတဲ့အတွက် လူဦးရေများလာတယ်။+ ၂၈  ယာကုပ်က အီဂျစ်ပြည်မှာ ၁၇ နှစ် ဆက်အသက်ရှင်တယ်။ အခု အသက် ၁၄၇ နှစ်ရှိနေပြီ။+ ၂၉  အစ္စရေးက ကြာကြာမနေရတော့မှန်း သိတဲ့အခါ+ သားယောသပ်ကို ခေါ်ပြီး “အဖေ့အတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင် မင်းရဲ့လက်ကို ငါ့ပေါင်အောက်မှာ ထားပါ။* အဖေ့ကို ခိုင်မြဲတဲ့မေတ္တာပြပါ့မယ်၊ သစ္စာစောင့်သိပါ့မယ် ဆိုပြီး သစ္စာဆိုပါ။ အဖေ့ကို အီဂျစ်ပြည်မှာ မသင်္ဂြိုဟ်ပါနဲ့။+ ၃၀  အဖေသေတဲ့အခါ အီဂျစ်ပြည်ကနေ သယ်သွားပြီး ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ပေးပါ”+ လို့ပြောတော့ ယောသပ်က “အဖေမှာတဲ့အတိုင်း လုပ်ပါ့မယ်” လို့ကတိပေးတယ်။ ၃၁  ယာကုပ်က “ဒါဆိုရင် သစ္စာဆိုပါ” လို့ပြောတော့ ယောသပ် သစ္စာဆိုတယ်။+ အစ္စရေးလည်း ခုတင်ခေါင်းရင်းမှာ ထိုင်ပြီး ဘုရားသခင်ကို ဦးညွှတ်တယ်။+

အောက်ခြေမှတ်ချက်များ

ရှေးခေတ် သစ္စာဆိုနည်းတစ်မျိုး။