ကမ္ဘာဦး ၄၈:၁-၂၂

  • ယောသပ်ရဲ့ သားနှစ်ယောက်ကို ယာကုပ် ကောင်းချီးပေး (၁-၁၂)

  • ဧဖရိမ် ကောင်းချီးပိုရ (၁၃-၂၂)

၄၈  ယောသပ်က “အဖေ နေမကောင်းဘူး” ဆိုတဲ့သတင်းကို ကြားတဲ့အခါ သားမနာရှေနဲ့ ဧဖရိမ်ကို ခေါ်ပြီး ယာကုပ်ဆီ သွားတယ်။+ ၂  သားယောသပ် လာတယ်ဆိုတာကို ယာကုပ် ကြားတယ်။ အစ္စရေးက အားယူပြီး ခုတင်ပေါ်မှာ ထထိုင်တယ်။ ၃  ပြီးတော့ ယောသပ်ကို “အနန္တတန်ခိုးရှင် ဘုရားသခင်က အဖေ့ကို ကောင်းချီးပေးဖို့ ခါနန်ပြည်၊ လုဇမြို့ကို ရောက်လာပြီး၊+ ၄  ‘မင်းကို သားသမီးတွေ အများကြီး ငါရစေမယ်။ မင်းကို လူအုပ်စုကြီး ဖြစ်စေမယ်။+ ဒီပြည်ကို မင်းရဲ့မျိုးနွယ် ထာဝရပိုင်ဆိုင်ဖို့ ပေးမယ်’+ လို့ပြောခဲ့တယ်။ ၅  အီဂျစ်ပြည်ကို အဖေမရောက်လာခင် မင်းရထားတဲ့ သားနှစ်ယောက်ဟာ အဖေ့ရဲ့သားတွေပဲ။+ ဧဖရိမ်နဲ့ မနာရှေဟာ ရုဗင်နဲ့ ရှိမောင်လိုပဲ အဖေ့ရဲ့သားတွေ ဖြစ်ရလိမ့်မယ်။+ ၆  နောက်ပိုင်းရမယ့် သားသမီးတွေကတော့ မင်းရဲ့သားသမီးတွေ ဖြစ်လိမ့်မယ်။ သူတို့ဟာ အစ်ကိုတွေရဲ့နာမည်နဲ့ အမွေဆက်ခံလိမ့်မယ်။+ ၇  ပါဒန်အရပ်ကနေ အဖေထွက်လာပြီး ခါနန်ပြည်ရောက်တဲ့အခါ ဧဖရတ်မြို့နဲ့+ အလှမ်းဝေးသေးတဲ့နေရာမှာ မင်းအမေရာခေလ ဆုံးသွားတယ်။+ ဒါကြောင့် ဘက်သလီဟင်လို့ခေါ်တဲ့ ဧဖရတ်မြို့ကို သွားတဲ့လမ်းမှာ သူ့ကို သင်္ဂြိုဟ်ခဲ့တယ်”+ လို့ပြောတယ်။ ၈  အစ္စရေးက ယောသပ်ရဲ့သားတွေကို မြင်တဲ့အခါ “ဒါ မင်းရဲ့သားတွေလား” လို့မေးတယ်။ ၉  ယောသပ်ကလည်း “ဟုတ်ပါတယ်၊ ဒီပြည်မှာ ကျွန်တော့်ကို ဘုရားသခင်ပေးတဲ့သားတွေပါ”+ လို့ပြောတော့ “သူတို့ကို ဆုမွန်ကောင်းတောင်းပေးချင်လို့+ အဖေ့အနား ခေါ်လာပါဦး” လို့ပြောတယ်။ ၁၀  အစ္စရေးက အသက်ကြီးနေပြီဆိုတော့ မျက်စိမှုန်ပြီး မမြင်ရတော့ဘူး။ ဒါကြောင့် ယောသပ်က သူ့သားတွေကို အနားခေါ်လာပေးတဲ့အခါ အစ္စရေးက သူတို့ကို ဖက်ပြီးနမ်းတယ်။ ၁၁  ပြီးတော့ “မင်းမျက်နှာကို ပြန်မြင်ရမယ်လို့ လုံးဝမထင်ခဲ့တာ။+ အခုတော့ ဘုရားသခင်က မင်းရဲ့သားတွေကိုတောင် မြင်ခွင့်ပေးပြီ” လို့ယောသပ်ကို ပြောတယ်။ ၁၂  ယောသပ်လည်း အစ္စရေးရဲ့ဒူးအနားမှာ ရှိနေတဲ့ သားတွေကို ခေါ်လိုက်ပြီး ဦးညွှတ်တယ်။ ၁၃  အဲဒီနောက် ယောသပ်က သားနှစ်ယောက်ကို အစ္စရေးအနား ခေါ်လာတယ်။ ဧဖရိမ်ကို+ ညာလက်နဲ့ကိုင်ပြီး အစ္စရေးရဲ့ဘယ်ဘက်မှာ ထားလိုက်တယ်။ မနာရှေကို+ ဘယ်လက်နဲ့ကိုင်ပြီး အစ္စရေးရဲ့ညာဘက်မှာ ထားလိုက်တယ်။ ၁၄  ဒါပေမဲ့ အစ္စရေးက ညာလက်ကို မြေးငယ်ဧဖရိမ်ရဲ့ ခေါင်းပေါ် တင်ပြီး ဘယ်လက်ကို မြေးဦးမနာရှေရဲ့ ခေါင်းပေါ် တင်တယ်။ မနာရှေကို သားဦးမှန်းသိလျက်နဲ့+ အဲဒီလို တမင်လက်တင်လိုက်တာပဲ။ ၁၅  ပြီးတော့ ယောသပ်ကို ကောင်းချီးပေးတယ်–+ “ဘိုးဘေး အာဗြဟံနဲ့ အိဇက်တို့ ကိုးကွယ်ခဲ့တဲ့ စစ်မှန်တဲ့ဘုရား၊*+ဒီနေ့အထိ ဘဝတစ်လျှောက်လုံး ငါ့ကို သိုးထိန်းလို စောင့်ရှောက်ခဲ့တဲ့ စစ်မှန်တဲ့ဘုရားက+ဒီကလေးတွေကို ကောင်းချီးပေးပါစေ။ ၁၆  ငါဒုက္ခကြုံရတိုင်း ကောင်းကင်တမန် စေလွှတ်ပြီး ကယ်ခဲ့တဲ့အရှင်က+ ဒီကလေးတွေကို ကောင်းချီးပေးပါစေ။+ အဘိုးအာဗြဟံ၊ အဖေအိဇက်၊ ငါယာကုပ်ဟာ ဒီကလေးတွေရဲ့ ဘိုးဘေးဖြစ်မှန်း လူတွေသိကြပါစေ။ မြေကြီးပေါ်မှာ သူတို့ အလွန်ပွားများကြပါစေ။”+ ၁၇  ဖခင်က ဧဖရိမ်ခေါင်းပေါ် ညာလက်တင်တာကို ယောသပ် သဘောမကျဘူး။ ဒါကြောင့် ဧဖရိမ်ခေါင်းပေါ် တင်ထားတဲ့ ဖခင်ရဲ့လက်ကို မနာရှေခေါင်းပေါ် ပြောင်းတင်ဖို့ ကိုင်လိုက်ပြီး၊ ၁၈  “မဟုတ်သေးဘူး၊ အဖေ။ ဒီတစ်ယောက်က သားဦးပါ။+ အဖေ့ညာလက်ကို သူ့ခေါင်းပေါ် တင်ပါ” လို့ပြောတယ်။ ၁၉  အစ္စရေးက လက်မခံဘဲ “အဖေသိတယ်၊ ငါ့သား။ အဖေသိတယ်။ မနာရှေလည်း လူမျိုးတစ်မျိုးဖြစ်လာပြီး ကြီးမြတ်သူဖြစ်မှာပါ။ ဒါပေမဲ့ သူ့ညီဧဖရိမ်ဟာ ပိုကြီးမြတ်မယ်။+ ဧဖရိမ်ရဲ့မျိုးနွယ်က လူမျိုးကြီးဖြစ်တဲ့အထိ တိုးပွားလာမယ်”+ လို့ပြောတယ်။ ၂၀  အဲဒီနေ့မှာ အစ္စရေးက “အစ္စရေးလူမျိုး အချင်းချင်း ဆုမွန်ကောင်း တောင်းပေးတဲ့အခါ မင်းတို့နာမည်ကို သုံးပြီး‘ဘုရားသခင်က မင်းကို ဧဖရိမ်နဲ့ မနာရှေလိုဖြစ်အောင် လုပ်ပေးပါစေ’ လို့ပြောကြပါစေ” ဆိုပြီး သူတို့ကို ဆုမွန်ကောင်းတောင်းပေးတယ်။+ ဧဖရိမ်ကို မနာရှေထက် ရှေ့တန်းတင်လိုက်တယ်။ ၂၁  အဲဒီနောက် အစ္စရေးက ယောသပ်ကို “အဖေ သေရတော့မယ်။+ ဒါပေမဲ့ ဘုရားသခင်က မင်းတို့နဲ့အတူ အမြဲရှိနေမယ်။ မင်းတို့ကို ဘိုးဘေးတွေရဲ့ပြည်ဆီ ဆက်ဆက်ပြန်ပို့ပေးမယ်။+ ၂၂  အဖေက မင်းကို အစ်ကိုတွေထက် နယ်မြေတစ်ခု ပိုပေးမယ်။ အဲဒီနယ်မြေဟာ အာမောရိလူမျိုးလက်ထဲကနေ အဖေ့ရဲ့ဓား၊ အဖေ့ရဲ့လေးနဲ့ သိမ်းယူခဲ့တဲ့ နယ်မြေပဲ” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ရှေ့တော်မှာလျှောက်လှမ်းခဲ့တဲ့။”