ကောလောသဲ ၁:၁-၂၉

  • နှုတ်ခွန်းဆက်စကား (၁၊ ၂)

  • ကောလောသဲမြို့သားတွေရဲ့ ယုံကြည်ခြင်းအတွက် ကျေးဇူးတင် (၃-၈)

  • ဘုရားရေးရာ တိုးတက်ဖို့ ဆုတောင်းပေး (၉-၁၂)

  • ခရစ်တော်ရဲ့ အဓိကအခန်းကဏ္ဍ (၁၃-၂၃)

  • အသင်းတော်အတွက် ပေါလုကြိုးစားလုပ်ဆောင် (၂၄-၂၉)

၁  ဘုရားသခင်ရဲ့ အလိုတော်ကြောင့် ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်လာတဲ့ ကျွန်တော် ပေါလုနဲ့ ညီအစ်ကို  တိမောသေက၊+ ၂  ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ကောလောသဲမြို့က သန့်ရှင်းသူတွေ၊ သစ္စာရှိညီအစ်ကိုတွေဆီ စာရေးလိုက်ပါတယ်။ အဖဘုရားသခင်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၃  ခင်ဗျားတို့အတွက် ဆုတောင်းတိုင်းမှာ  သခင်  ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ၄  ခရစ်တော်ယေရှုကို ခင်ဗျားတို့ ယုံကြည်တဲ့အကြောင်း၊ သန့်ရှင်းသူတွေကို မေတ္တာပြတဲ့အကြောင်း ကြားသိရလို့ပါ။ ၅  ကောင်းကင်ဆုကျေးဇူးကို ခင်ဗျားတို့  မျှော်လင့်နေကြတယ်။+ အမှန်တရားနဲ့ဆိုင်တဲ့ သတင်းကောင်းကို ပထမဆုံးအကြိမ် ကြားနာရတဲ့အခါ  အဲဒီမျှော်လင့်ချက်အကြောင်း ခင်ဗျားတို့ သိလာတယ်။ ၆  ဘုရားသခင်ရဲ့ မဟာကရုဏာကို တိကျမှန်ကန်စွာ ကြားသိချိန်ကစပြီး ခင်ဗျားတို့ဆီမှာ သတင်းကောင်း သီးပွင့်ဖြစ်ထွန်းခဲ့တယ်။ ခင်ဗျားတို့ဆီ ရောက်လာတဲ့ အဲဒီသတင်းကောင်းဟာ သီးပွင့်ဖြစ်ထွန်းပြီး ကမ္ဘာအရပ်ရပ်မှာလည်း  ပျံ့နှံ့နေတယ်။+ ၇  ကျွန်တော်တို့ကိုယ်စား ခရစ်တော်ရဲ့ကျွန်အဖြစ် အမှုဆောင်သူ၊ ချစ်ရတဲ့ သစ္စာရှိညီအစ်ကို ဧပဖြဆီကနေ+  ခင်ဗျားတို့ သတင်းကောင်း ကြားသိခဲ့ရတယ်။ ၈  စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ ခင်ဗျားတို့ရဲ့ မေတ္တာအကြောင်းကိုလည်း သူပြောပြလို့ သိခဲ့ရတယ်။ ၉  အဲဒီအကြောင်း ကြားတဲ့နေ့ကစပြီး ခင်ဗျားတို့အတွက် အမြဲ ဆုတောင်းတယ်။+ ဘုရားသခင်ရဲ့ အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်းနိုင်ဖို့၊+ စစ်မှန်တဲ့ ဉာဏ်ပညာ ရရှိဖို့၊ စွမ်းအားတော်အားဖြင့် နားလည်နိုင်စွမ်းရရှိဖို့+ ဆုတောင်းပေးတယ်။ ၁၀  ဒါမှသာ ယေဟောဝါရဲ့* နှစ်သက်လက်ခံမှုကို အပြည့်အဝရရှိပြီး ဘုရားသခင်နဲ့ ထိုက်တန်စွာ  လျှောက်လှမ်းနိုင်ကြမှာပါ။ ကောင်းမှုအမျိုးမျိုး လုပ်ဆောင်တဲ့အခါမှာလည်း ရလဒ်ကောင်းရရှိပြီး ဘုရားသခင်အကြောင်း တိကျမှန်ကန်စွာ ပိုသိကျွမ်းလာကြမှာပါ။+ ၁၁  ဘုန်းတန်ခိုးတော်ကြောင့် ခွန်အားပြည့်ဝလာပြီး+ အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်ကြပါစေ။ ၁၂  အလင်းမှာရှိတဲ့ သန့်ရှင်းသူတွေရဲ့ အမွေကို+ ရရှိနိုင်ဖို့ ခင်ဗျားတို့ကို အရည်အချင်း ပြည့်မီစေတဲ့ အဖဘုရားကို ကျေးဇူးတင်ကြပါစေ။ ၁၃  ဘုရားသခင်က  ကျွန်တော်တို့ကို  မှောင်မိုက်တန်ခိုးအောက်ကနေ ကယ်တင်ပြီး+ ချစ်ရတဲ့ သားတော်ရဲ့ နိုင်ငံတော်ထဲ ခေါ်ဆောင်ခဲ့တယ်။ ၁၄  အဲဒီသားတော်ရဲ့ ရွေးဖိုးအားဖြင့်  ကျွန်တော်တို့   လွတ်မြောက်သွားပြီး  အပြစ်တွေ  ခွင့်လွှတ်ခံရတယ်။+ ၁၅  သူဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်ဖြစ်တယ်။+ ဖန်ဆင်းရာအားလုံးမှာ သားဦးပဲ။+ ၁၆  ဘုရားသခင်က သူ့ကိုသုံးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ မြင်နိုင်တဲ့အရာ၊ မမြင်နိုင်တဲ့အရာ၊+ ရာဇပလ္လင်၊ အုပ်စိုးရှင်၊ အစိုးရ၊ အာဏာပိုင်တွေကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းကို သူ့အားဖြင့် ဖန်ဆင်းခဲ့တယ်၊+ သူ့အတွက် ဖန်ဆင်းခဲ့တယ်။ ၁၇  ဒါ့အပြင် တခြားဖန်ဆင်းရာတစ်ခုမှ မရှိခင် သူ ဦးဆုံးတည်ရှိခဲ့တယ်။+ သူ့ကြောင့် တခြားအရာအားလုံး တည်ရှိလာတယ်။ ၁၈  သူဟာ  အသင်းတော်ဖြစ်တဲ့ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းပဲ။+ အရာခပ်သိမ်းရဲ့ အစအဦးပဲ။ သေရာကနေ ဦးဆုံးထမြောက်လာတဲ့  သားဦးပဲ။+ ဒါကြောင့် အရာခပ်သိမ်းရဲ့ဦးဆုံး ဖြစ်လာတယ်။ ၁၉  ဘုရားသခင်က အရာခပ်သိမ်းကို သားတော်ဆီမှာ ပြည့်ဝစုံလင်စေချင်တယ်။+ ၂၀  ဘုရားသခင်က  ဒုက္ခသစ်တိုင်မှာ*  သားတော်သွန်းလောင်းခဲ့တဲ့ သွေးအားဖြင့်+ ရန်ငြိမ်းစေပြီး ကမ္ဘာမြေပေါ်က အရာဖြစ်စေ၊ ကောင်းကင်ပေါ်ကအရာဖြစ်စေ အရာခပ်သိမ်းကို သားတော်ကတစ်ဆင့် မိမိနဲ့ ပြန်လည်သင့်မြတ်စေချင်တယ်။+ ၂၁  ခင်ဗျားတို့ဟာ တစ်ချိန်တုန်းက ဆိုးညစ်တဲ့အရာတွေဆီ  စိတ်ရောက်နေတဲ့အတွက် ဘုရားသခင်နဲ့ ကင်းကွာပြီး  ဘုရားရဲ့ရန်သူတွေ  ဖြစ်ခဲ့ကြတယ်။ ၂၂  အခုတော့ ဘုရားသခင်က သားတော်ရဲ့ လူသားခန္ဓာကို သေဆုံးစေခြင်းအားဖြင့် ခင်ဗျားတို့ကို မိမိနဲ့ ပြန်လည်သင့်မြတ်စေပြီ။ ဒါကြောင့် ခင်ဗျားတို့ဟာ ရှေ့တော်မှာ သန့်ရှင်းသူတွေ၊  အစွန်းအထင်း  မရှိသူတွေ၊ အပြစ်တင်စရာ မရှိသူတွေ ဖြစ်နိုင်ကြပြီ။+ ၂၃  ဒီတော့ ယုံကြည်ခြင်းမှာ ဆက်ပြီး ခိုင်မြဲနေကြပါ။+ ကြားသိခဲ့တဲ့ သတင်းကောင်းနဲ့ဆိုင်တဲ့ မျှော်လင့်ချက်ကို  မယိမ်းယိုင်စေဘဲ  ယုံကြည်ခြင်းအုတ်မြစ်ပေါ်မှာ+ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။+ ကမ္ဘာမြေအရပ်ရပ်မှာရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ။+ ကျွန်တော်ပေါလုဟာ အဲဒီသတင်းကောင်းကို ဟောပြောတဲ့ အမှုဆောင်ဖြစ်လာခဲ့ပြီ။+ ၂၄  ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံနေရပေမဲ့  ကျွန်တော်  ဝမ်းသာပါတယ်။+ အသင်းတော်ဖြစ်တဲ့ ကိုယ်ခန္ဓာအတွက်+  ခရစ်တော်  ဒုက္ခခံခဲ့ရသလောက်တော့+ ကျွန်တော် မခံရသေးပါဘူး။ ၂၅  ခင်ဗျားတို့အကျိုးအတွက် တရားစကားတော်ကို အပြည့်အဝ ဟောပြောနိုင်ဖို့၊ ဘုရားပေးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ကျွန်တော်ဟာ ဒီအသင်းတော်ရဲ့ အမှုဆောင်သူ ဖြစ်လာတယ်။+ ၂၆  မြင့်မြတ်တဲ့ အဲဒီလျှို့ဝှက်ချက်ကို+ လွန်ခဲ့တဲ့ လောကစနစ်တွေ*+ အဆက်ဆက်၊ လွန်ခဲ့တဲ့ လူမျိုးအဆက်ဆက်မှာ ဖုံးကွယ်ထားပေမဲ့ အခုတော့ သန့်ရှင်းသူတွေကို ဖွင့်ပြလိုက်ပြီ။+ ၂၇  ဘုရားသခင်က မြင့်မြတ်တဲ့ လျှို့ဝှက်ချက်နဲ့ဆိုင်တဲ့ ဘုန်းစည်းစိမ်အကြောင်း လူမျိုးခြားတွေကိုလည်း သိစေချင်တယ်။+ အဲဒီလျှို့ဝှက်ချက်ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတာ၊ ခရစ်တော်နဲ့အတူ ဘုန်းအသရေ ခံစားဖို့ မျှော်လင့်ချက်ရှိတာကို ဆိုလိုတယ်။+ ၂၈  ခရစ်တော်အကြောင်းကို ကျွန်တော်တို့ ဟောနေတာ၊ လူတိုင်းကို သတိပေးဆုံးမပြီး စစ်မှန်တဲ့ ဉာဏ်ပညာနဲ့ သွန်သင်ပေးနေတာဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိသူ အားလုံးကို  ရင့်ကျက်သူတွေအဖြစ် ရှေ့တော်ဆီ ပို့ဆောင်ပေးနိုင်ဖို့ပါ။+ ၂၉  ဒါကြောင့် ကျွန်တော့်ဆီမှာ ခရစ်တော်ရဲ့ အစွမ်းခွန်အား သက်ရောက်နေတဲ့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်နေတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။