ကောလောသဲ ၂:၁-၂၃

  • ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်၊ ခရစ်တော် (၁-၅)

  • လှည့်ဖြားသူတွေကို သတိထား (၆-၁၅)

  • ခရစ်တော်ဟာ ကိုယ်ထည်အစစ်အမှန် (၁၆-၂၃)

 ခင်ဗျားတို့အတွက်၊ လောဒိကိမြို့မှာရှိတဲ့+ လူတွေအတွက်၊ ကျွန်တော့်ကို မမြင်ဖူးသူတွေအတွက် ကျွန်တော် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့မှန်း ခင်ဗျားတို့ကို သိစေချင်တယ်။ ၂  ခင်ဗျားတို့ကို  စိတ်သက်သာရာရစေပြီး+  မေတ္တာနဲ့ နှောင်ဖွဲ့စည်းလုံးနေစေချင်လို့ပါ။+ ဒီနည်းနဲ့ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ခရစ်တော်အကြောင်း တိကျမှန်ကန်စွာ သိရှိနားလည်ခြင်းနဲ့ ကြွယ်ဝပြည့်စုံနိုင်လိမ့်မယ်။+ ၃  ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာဘဏ္ဍာ ရှိသမျှကို ခရစ်တော်ဆီမှာ အသေအချာ ဝှက်ထားတယ်။+ ၄  ယုတ္တိရှိရှိပြောပြီး လှည့်ဖြားတာကို ခင်ဗျားတို့ မခံရအောင် အခုလို ပြောနေတာပါ။ ၅  ခင်ဗျားတို့ဆီ လူကိုယ်တိုင် မရောက်နိုင်ပေမဲ့ စိတ်ကတော့ ရောက်နေတယ်။ ခင်ဗျားတို့ စည်းစနစ်တကျ ရှိနေတာ၊+ ခရစ်တော်ကို အခိုင်အမာ ယုံကြည်နေတာ+ သိရလို့ ဝမ်းသာမိတယ်။ ၆  ဒါကြောင့် သခင်ခရစ်တော်ယေရှုကို လက်ခံခဲ့ကြသလို အခုလည်း ခရစ်တော်ကိုနာခံတဲ့ လမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေကြပါ။ ၇  နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့+ သစ်ပင်လိုပဲ ခင်ဗျားတို့လည်း သင်ယူသိရှိခဲ့တဲ့အတိုင်း ယေရှုကို ယုံကြည်တဲ့စိတ်နဲ့ အခိုင်အမာ ရပ်တည်ကြပါ။+ ဘုရားသခင်ကို အမြဲ ကျေးဇူးတင်ချီးမွမ်းကြပါ။+ ၈  အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့  လှည့်ဖြားမှုတွေနဲ့  ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။+  အဲဒါတွေဟာ  ခရစ်တော်ရဲ့ သွန်သင်ချက်ကို မဟုတ်ဘဲ လောကရဲ့ အခြေခံတရားတွေ၊ လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်။ ၉  ဘုရားသခင်ရဲ့ ဂုဏ်ရည်တော်တွေဟာ ခရစ်တော်ဆီမှာ အလုံးစုံရှိတယ်။+ ၁၀  ဒါကြောင့် အစိုးရရှိသမျှ၊ အာဏာပိုင်ရှိသမျှရဲ့  ဦးခေါင်းဖြစ်တဲ့  ခရစ်တော်အားဖြင့် ခင်ဗျားတို့ အလုံးစုံ ရရှိထားပြီ။+ ၁၁  ခရစ်တော်ရဲ့ နောက်လိုက်အနေနဲ့ ခင်ဗျားတို့ အရေဖျားဖြတ်ခဲ့ကြတယ်။ ပကတိ အရေဖျားဖြတ်တာတော့ မဟုတ်ဘူး၊ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ဖယ်ရှားခဲ့ကြတာ။+ ခရစ်တော်ရဲ့ ကျွန်မှန်ရင် အဲဒီနည်းအတိုင်း အရေဖျားဖြတ်ရမယ်။+ ၁၂  ခရစ်တော်ခံတဲ့ နှစ်ခြင်းကို ခင်ဗျားတို့ ခံလိုက်တဲ့အခါ သူနဲ့အတူ သင်္ဂြိုဟ်ခံခဲ့ရတယ်။+ ခင်ဗျားတို့ဟာ သူ့နောက်လိုက်တွေ ဖြစ်တဲ့အတွက်၊ သူ့ကို သေရာကနေ အသက်ပြန်ရှင်စေတဲ့+ ဘုရားသခင်ရဲ့ တန်ခိုးကြီးလုပ်ရပ်ကို ယုံကြည်တဲ့အတွက် သူနဲ့အတူ အသက်ပြန်ရှင်လာခဲ့တယ်။+ ၁၃  ဒါ့အပြင် ခင်ဗျားတို့ဟာ ပြစ်မှားမှုတွေ၊ ပကတိအရေဖျား မဖြတ်ထားတာတွေကြောင့် လူသေလို ဖြစ်ခဲ့ပေမဲ့ ဘုရားသခင်က ခင်ဗျားတို့ကို ခရစ်တော်နဲ့အတူ အသက်ရှင်စေပြီ။+ ကျွန်တော်တို့ရဲ့ အပြစ်မှန်သမျှကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်ပြီ။+ ၁၄  ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖော်ထုတ်တဲ့၊+ ပညတ်ချက်တွေပါတဲ့+ လက်ရေးစာချုပ်ကို+ ပယ်ဖျက်လိုက်ပြီ။ ဒုက္ခသစ်တိုင်ပေါ်* ရိုက်ထားခြင်းအားဖြင့် ဖယ်ရှားလိုက်ပြီ။+ ၁၅  ဘုရားသခင်က ဒုက္ခသစ်တိုင်အားဖြင့်* အစိုးရတွေ၊ အာဏာပိုင်တွေကို အနိုင်ယူလိုက်ပြီ။+ အောင်ပွဲခံချီတက်ရာမှာ သူတို့ကို သုံ့ပန်းတွေအဖြစ် ခေါ်ဆောင်ပြီး လူအများမြင်အောင် ပြသလိုက်ပြီ။ ၁၆  ဒါကြောင့်  အစားအသောက်တွေ၊+ ပွဲနေ့၊ လဆန်းနေ့၊+ ဥပုသ်နေ့ စောင့်ထိန်းတာတွေနဲ့ပတ်သက်ပြီး+ ခင်ဗျားတို့အတွက် သူတစ်ပါး ဆုံးဖြတ်ပေးရတာမျိုး မဖြစ်စေနဲ့။ ၁၇  အဲဒါတွေဟာ  နောင်လာမယ့်အရာတွေရဲ့ အရိပ်ပဲ။+  ကိုယ်ထည်အစစ်အမှန်ကတော့  ခရစ်တော်ဖြစ်တယ်။+ ၁၈  ဟန်ဆောင်နှိမ့်ချသူတွေ၊ ကောင်းကင်တမန်တွေကို ကိုးကွယ်သူတွေ* ရှိနေလို့ သတိထားကြပါ။ သူတို့က ခင်ဗျားတို့ကို ဆုမရအောင်+ တားဆီးနိုင်လို့ပါ။ မြင်ရတဲ့အရာတွေကိုပဲ သူတို့ “စွဲကိုင်” ထားကြတယ်။ သူတို့ရဲ့ အချည်းနှီးဖြစ်တဲ့ အတွေးအခေါ်တွေနဲ့ ပတ်သက်ပြီး ကြွားပြောတတ်ကြတယ်။ ၁၉  အဲဒီလိုလူတွေဟာ ဦးခေါင်းရဲ့ ခေါ်ဆောင်ရာနောက်ကို  မလိုက်ဘူး။+  တကယ်တော့ ဦးခေါင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အဆစ်တွေ၊ အရွတ်တွေအားဖြင့် အချိတ်အဆက်မိအောင် လုပ်ပေးနေတာ။ ဘုရားသခင်ကလည်း ဦးခေါင်းအားဖြင့်ပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးထွားစေတာ။+ ၂၀  ခင်ဗျားတို့က လောကရဲ့ အခြေခံတရားတွေကို ငြင်းပယ်ပြီး+ ခရစ်တော်နဲ့အတူ သေဆုံးခဲ့ပြီဆိုရင် လောကနဲ့ ပတ်သက်နေတဲ့ပုံစံမျိုးနဲ့ ဘာလို့ အသက်ရှင်နေရသေးတာလဲ။+ ၂၁  “မကိုင်ရ၊ မမြည်းစမ်းရ၊ မထိရ” ဆိုတဲ့ ပညတ်ချက်တွေကို+ ဘာလို့ လိုက်နာနေသေးတာလဲ။ ၂၂  အဲဒီပညတ်ချက်တွေဟာ လူ့အမိန့်၊ လူ့သွန်သင်ချက်တွေဖြစ်လို့ သုံးပြီးတဲ့နောက် ပျက်စီးသွားမယ့်အရာတွေပဲ။+ ၂၃  အဲဒီပညတ်ချက်တွေကို လိုက်တာက ဉာဏ်ပညာရှိပုံပေါက်ပေမဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို နှိပ်ကွပ်ရာမှာ ဘာမှ အထောက်အကူမပြုဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘုရားသခင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုးကွယ်ကြတဲ့အပြင် ဟန်ဆောင်နှိမ့်ချပြီး သူတို့ရဲ့ ကိုယ်ခန္ဓာကို မညှာမတာ နှိပ်စက်ကြလို့ပဲ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“ခရစ်တော်အားဖြင့်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ ကိုးကွယ်သလို ကိုးကွယ်သူတွေ။”