ကောလောသဲ ၄:၁-၁၈

  • သခင်​တွေ​အတွက် အကြံ​ဉာဏ် ()

  • “ဇွဲ​မလျှော့​တမ်း ဆု​တောင်း​ကြ​ပါ” (၂-၄)

  • အသင်း​တော်​ပြင်​ပက လူ​တွေ​ကို ပညာ​သတိ​နဲ့ ဆက်​ဆံ​ကြ​ပါ (၅၊ ၆)

  • နောက်​ဆုံး နှုတ်​ဆက်​စ​ကား (၇-၁၈)

 သခင်​ဖြစ်​သူ​တို့၊ ခင်​ဗျား​တို့​ရဲ့ ကျွန်​တွေ​ကို တ​ရား​သဖြင့် မျှ​တ​စွာ ဆက်​ဆံ​ကြ​ပါ။  ခင်​ဗျား​တို့​လည်း ကောင်း​ကင်​ဘုံ​မှာ​ရှိ​တဲ့ သခင်​ရဲ့ ကျွန်​တွေ​ပဲ​ဆို​တာ သိ​ထား​ပါ။+ ၂  ဇွဲ​မလျှော့​တမ်း  ဆု​တောင်း​ကြ​ပါ။+ ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး ဆုတောင်း​ဖို့ မမေ့​ပါ​နဲ့။*+ ၃  ကျွန်​တော်​တို့​အ​တွက်​လည်း ဆု​တောင်း​ပေး​ပါ။+ ခရစ်​တော်​အကြောင်း  မြင့်မြတ်​တဲ့  လျှို့ဝှက်​ချက်​ကို ကျွန်​တော်​တို့ ဟော​ပြော​နိုင်​ဖို့ ဘု​ရား​သခင် တံ​ခါး​ဖွင့်​ပေး​ပါ​စေ​လို့ ဆု​တောင်း​ပေး​ကြ​ပါ။ ကျွန်​တော်​က​ မြင့်မြတ်​တဲ့  လျှို့ဝှက်​ချက်​ကြောင့် အကျဉ်း​ကျ​နေ​တယ်။+ ၄  ဟော​ပြော​သင့်​တဲ့​အတိုင်း  ရှင်း​ရှင်း​လင်း​လင်း ဟော​ပြော​နိုင်​ပါ​စေ​လို့​လည်း  ဆု​တောင်း​ပေး​ကြ​ပါ။ ၅  အသင်း​တော်​ပြင်​ပက  လူ​တွေ​ကို  ပညာ​သတိ​နဲ့​ဆက်​ဆံ​ကြ​ပါ။ အချိန်​ကို အကျိုး​ရှိ​ရှိ​အသုံး​ချ​ကြ​ပါ။*+ ၆  ဆား​ခတ်​ထား​တဲ့+ အစာ​ဟာ အရ​သာ​ရှိ​သလို ယဉ်​ကျေး​တဲ့​စ​ကား​တွေ​ဟာ နှစ်​သက်​စ​ရာ ဖြစ်​စေ​တယ်။ ဒါ​ကြောင့် စ​ကား​ပြော​ဆို​တဲ့​အခါ အမြဲ ယဉ်​ကျေး​သိမ်​မွေ့​ကြ​ပါ။ ဒါ​ဆို​ရင် လူ​တိုင်း​ကို ဘယ်​လို​ပြန်​ပြော​ရ​မယ်​ဆို​တာ သိ​လိမ့်​မယ်။+ ၇  ချစ်​ရ​တဲ့​ညီ​အစ်​ကို၊ သစ္စာ​ရှိ​အမှု​ဆောင်၊ သခင့်ရဲ့​ကျွန်၊ ကျွန်​တော်​တို့​ရဲ့ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်​တဲ့ တုခိတ်​က+  ကျွန်​တော့်​အခြေ​အနေ​ကို အကြောင်း​စုံ  ပြော​ပြလိမ့်​မယ်။ ၈  ကျွန်​တော်​တို့​ရဲ့  အခြေ​အနေ​ကို ပြော​ပြပြီး စိတ်​သက်​သာ​ရာရ​စေ​ဖို့ သူ့​ကို ခင်​ဗျား​တို့​ဆီ လွှတ်​လိုက်​တယ်။ ၉  ချစ်​ရ​တဲ့ ညီ​အစ်​ကို​ သြနေ​သိမ်​လည်း+ သူ​နဲ့​အတူ လိုက်​လာ​လိမ့်​မယ်။ သြနေ​သိမ်​ဟာ သစ္စာ​ရှိ​တဲ့​သူ​ပါ၊ ခင်​ဗျား​တို့​ဒေ​သက​ပါ​ပဲ။ ဒီ​မှာ​ဖြစ်​ပျက်​နေ​သမျှ သူ​တို့​ပြော​ပြလိမ့်​မယ်။ ၁၀  ကျွန်​တော်​နဲ့​အတူ အကျဉ်း​ကျ​နေ​တဲ့ အာ​ရိတ္တာ​ခု​က+ ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​တယ်။ ဗာ​န​ဗ​ရဲ့ ညီ​ဝမ်း​ကွဲ မာကု​က​လည်း+ နှုတ်​ဆက်​လိုက်​တယ်။ (မာကု​ရောက်​လာခဲ့ရင် လက်​ခံ​ကြို​ဆို​ပါ​ဆို​တဲ့+ ညွှန်​ကြား​ချက်​ကို ခင်​ဗျား​တို့ ရ​ပြီး​ပြီ။) ၁၁  ယုတ္တုလို့​ခေါ်​တဲ့  ယေရှု​က​လည်း  ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​တယ်။ အား​လုံး​ဟာ အရေ​ဖျား  ဖြတ်​ထား​သူ​တွေ​ပဲ။  ဘု​ရား​သခင့် နိုင်​ငံ​တော်​အတွက် ကျွန်​တော့်ရဲ့​ လုပ်ဖော်​ဆောင်​ဖက်​တွေ​ဆို​လို့ သူ​တို့​ပဲ ရှိ​တာ။ ကျွန်​တော့်​ကို တ​ကယ် အားပေး​ထောက်​မခဲ့​သူ​တွေ​ပါ။ ၁၂  ခ​ရစ်​တော်​ယေရှု​ရဲ့ ကျွန်၊ ခင်​ဗျား​တို့​ဒေ​သက ဧ​ပဖြလည်း+ နှုတ်​ဆက်​လိုက်​တယ်။ ခင်ဗျား​တို့​အတွက် သူ ထက်​ထက်​သန်​သန် ဆု​တောင်း​ပေး​နေ​တယ်။ ဘု​ရား​သခင်​ရဲ့ အလို​တော်​နဲ့​ဆိုင်​တဲ့ အရာ​မှန်​သမျှ​ကို ခင်​ဗျား​တို့ အခိုင်​အမာ ယုံ​ကြည်​စိတ်​ချ​ပြီး အဆုံး​မှာ အပြည့်​အဝ ရပ်​တည်​နိုင်​ဖို့​ပေါ့။ ၁၃  သူ​ဟာ ခင်​ဗျား​တို့​အတွက်၊ လော​ဒိ​ကိ​မြို့​နဲ့ ဟေ​ရ​ပေါ​လိ​မြို့​မှာ ရှိ​တဲ့​သူ​တွေ​အတွက် အား​သွန်​ခွန်​စိုက် လုပ်​ဆောင်​ခဲ့​တယ်​ဆို​တာ ကျွန်​တော် ရဲရဲ​ကြီး​ပြော​နိုင်​ပါ​တယ်။ ၁၄  ချစ်​ရ​တဲ့ သမား​တော်​လုကာ​နဲ့+ ဒေ​မက​လည်း+ နှုတ်​ဆက်​လိုက်​တယ်။ ၁၅  လော​ဒိ​ကိ​မြို့​က  ညီ​အစ်​ကို​တွေ​ကို၊ ညီ​အစ်​မနုံ​ဖနဲ့ သူ့​အိမ်​မှာ စု​ဝေး​တဲ့ အသင်း​တော်​ကို နှုတ်​ဆက်​ပေး​ပါ။+ ၁၆  ဒီ​စာ​ကို ခင်​ဗျား​တို့​ဆီ​မှာ ဖတ်​ပြီး​တဲ့​အခါ လော​ဒိ​ကိ​အသင်း​တော်​မှာ​လည်း ဖတ်​ခိုင်း​ပါ။ လော​ဒိ​ကိ​မြို့​က​နေ​ရ​တဲ့ ကျွန်​တော့်ရဲ့ စာ​ကို​လည်း ခင်​ဗျား​တို့ ဖတ်​ဖို့ စီ​စဉ်​ကြ​ပါ။+ ၁၇  အာ​ခိပ္ပု​ကို​လည်း+ “သခင်​ပေး​အပ်​ထား​တဲ့ အလုပ်​ကို ပြီး​မြောက်​အောင် ဂရု​တ​စိုက် လုပ်​ဆောင်​ပါ” လို့​ပြော​လိုက်​ပါ။ ၁၈  ဒီ​နှုတ်​ဆက်​စ​ကား​ကို ကျွန်​တော် ပေါ​လု​ကိုယ်​တိုင် ရေး​လိုက်​တယ်။+ ကျွန်​တော် အကျဉ်း​ကျ​နေ​တယ်​ဆို​တာ+ မမေ့​ကြ​ပါ​နဲ့။ မဟာ​က​ရု​ဏာ​တော်​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နိုး​ကြား​နေ​ကြ​ပါ။”
မူ​ရင်း၊ “အချိန်​ကို ဝယ်​ကြ​ပါ။”