ဂလာတိ ၂:၁-၂၁

  • ဂျေရုဆလင်မှာ တမန်တော်တွေနဲ့ ပေါလုတွေ့ဆုံ (၁-၁၀)

  • ပေတရု (ကေဖ) ကို ပေါလု တည့်မတ်ပေးခဲ့ (၁၁-၁၄)

  • ယုံကြည်မှသာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရနိုင် (၁၅-၂၁)

 ဆယ့်လေးနှစ်ကြာပြီးနောက် ကျွန်တော်က တိတုကိုခေါ်ပြီး ဗာနဗနဲ့အတူ+ ဂျေရုဆလင်မြို့ကို နောက်တစ်ကြိမ် ထပ်သွားတယ်။+ ၂  ဗျာဒိတ်တော်ရလို့ ကျွန်တော်သွားတာပါ။ အဲဒီမှာရှိတဲ့ ရိုသေလေးစားခံရတဲ့ ညီအစ်ကိုတွေနဲ့ သီးသန့်တွေ့ဆုံပြီး လူမျိုးခြားတွေကို ကျွန်တော် ဟောပြောနေတဲ့ သတင်းကောင်းအကြောင်း ပြောပြလိုက်တယ်။ ကျွန်တော် လုပ်ဆောင်နေတာတွေ၊ လုပ်ဆောင်ခဲ့တာတွေ အချည်းနှီး မဖြစ်စေချင်လို့ပဲ။ ၃  ကျွန်တော်နဲ့ပါလာတဲ့ တိတုဟာ+ ဂရိလူမျိုးဖြစ်ပေမဲ့ သူ့ကို အရေဖျားဖြတ်ဖို့ အတင်း ဖိအားမပေးကြဘူး။+ ၄  တကယ်တော့ ဒီကိစ္စဟာ ညီအစ်ကိုအတုအယောင်တွေကြောင့် ပေါ်ပေါက်လာတာပါ။+ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေလို့ ရရှိထားတဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို+  ပျက်ပြားစေချင်တဲ့အတွက် သူတို့က အသင်းတော်ထဲ မသိမသာ လျှိုဝင်လာတယ်။ ကျွန်တော်တို့ကို ပညတ်တရားရဲ့ ကျွန်ဘဝ ပြန်ရောက်အောင် လုပ်ချင်ကြတာပါ။+ ၅  ဒါပေမဲ့ ကျွန်တော်တို့က ခင်ဗျားတို့ဆီမှာ သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရား ဆက်ရှိစေချင်တဲ့အတွက် သူတို့ကို ခဏလေးတောင် အလျှော့ပေးလိုက်လျောတာမျိုး မလုပ်ခဲ့ဘူး။+ ၆  အရေးပါသူတွေလိုဖြစ်နေတဲ့+ တစ်နည်းအားဖြင့် ရိုသေလေးစားခံရတဲ့ ညီအစ်ကိုတွေဆီကနေ အကြံဉာဏ်သစ်တွေ ကျွန်တော် ဘာမှမရခဲ့ပါဘူး။ သူတို့ဟာ ဘယ်လိုပုဂ္ဂိုလ်တွေပဲ ဖြစ်နေပါစေ ကျွန်တော့်အတွက်တော့ မထူးခြားပါဘူး။ ဘုရားသခင်က   လူ့အပြင်ပန်းကို ကြည့်တာမှ မဟုတ်တာ။ ၇  အရေဖျားဖြတ်ထားသူတွေဆီ  သတင်းကောင်း  ဟောပြောခွင့်ကို  ပေတရု ရထားသလို ကျွန်တော်လည်း အရေဖျားမဖြတ်ထားသူတွေကို  သတင်းကောင်း ဟောပြောခွင့် ရထားမှန်း+ သူတို့သိလာကြတယ်။ ၈  ဘုရားသခင်က ပေတရုကို အရေဖျားဖြတ်ထားသူတွေအတွက် တမန်တော်ဖြစ်ခွင့် ပေးအပ်ထားသလို ကျွန်တော့်ကိုလည်း လူမျိုးခြားတွေအတွက် တမန်တော်ဖြစ်ခွင့် ပေးအပ်ထားတယ်။+ ၉  မဟာကရုဏာတော်ကို ကျွန်တော်ရရှိထားမှန်း သိလာတဲ့အခါ+ အသင်းတော်ရဲ့ အမာခံ* လိုဖြစ်နေတဲ့  ယာကုပ်၊+ ကေဖ၊* ယောဟန်တို့က ဗာနဗနဲ့ ကျွန်တော့်ကို+ လုပ်ဖော်ဆောင်ဖက်တွေအဖြစ် လက်ဆွဲနှုတ်ဆက်ကြတယ်။ ကျွန်တော်တို့က လူမျိုးခြားတွေဆီ သွားရမယ်၊ သူတို့ကတော့ အရေဖျားဖြတ်ထားသူတွေဆီ သွားရမယ်။ ၁၀  နွမ်းပါးသူတွေကို မေ့မထားကြပါနဲ့ဆိုပြီး ကျွန်တော်တို့ကို သူတို့ မှာဖြစ်အောင် မှာလိုက်တယ်။ ကျွန်တော်လည်း  အဲဒီအတိုင်းလုပ်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါတယ်။+ ၁၁  အန္တိအုတ်မြို့ကို+  ကေဖ*+ ရောက်လာတဲ့အခါ သူ့လုပ်ရပ် မှားနေတဲ့အတွက် ကျွန်တော်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တယ်။ ၁၂  ယာကုပ်လွှတ်လိုက်တဲ့+ လူတချို့ ရောက်မလာခင်တုန်းကတော့  သူက လူမျိုးခြားတွေနဲ့အတူ စားသောက်လေ့ရှိတယ်။+  သူတို့လည်း  ရောက်လာရော  လူမျိုးခြားတွေနဲ့   မပေါင်းဖော်တော့ဘဲ ခပ်ခွာခွာနေတယ်။ အရေဖျားဖြတ်ထားသူတွေကို သူကြောက်တာကိုး။+ ၁၃  ဂျူးတချို့လည်း သူ့လိုပဲ ဟန်ဆောင်လာကြတယ်။ ဗာနဗတောင်  သူတို့လို  ဟန်ဆောင်ခဲ့တယ်။ ၁၄  သတင်းကောင်းနဲ့ဆိုင်တဲ့ အမှန်တရားအတိုင်း မကျင့်ကြမှန်း ကျွန်တော် သတိပြုမိတဲ့အတွက်+ အားလုံးရှေ့မှာ ကေဖကို “ခင်ဗျားဟာ ဂျူးလူမျိုးဖြစ်လျက်နဲ့ ဂျူးလိုမဟုတ်ဘဲ လူမျိုးခြားတွေလို နေထိုင်တယ်ဆိုရင် လူမျိုးခြားတွေကို ဂျူးဓလေ့ထုံးစံအတိုင်း လိုက်ဖို့ ဘာလို့ ဖိအားပေးတာလဲ”+ ဆိုပြီး ပြောလိုက်တယ်။ ၁၅  ကျွန်တော်တို့ဟာ  ဂျူးလူမျိုးအဖြစ် မွေးဖွားလာတာ။ လူမျိုးခြားတွေထဲက အပြစ်သားတွေ မဟုတ်ဘူး။ ၁၆  ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ယေရှုခရစ်ကို ယုံကြည်လို့သာ+ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။+ ဒါကြောင့် ခရစ်တော်ယေရှုကို ကျွန်တော်တို့ ယုံကြည်တယ်။ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်လို့ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ပညတ်စောင့်ထိန်းရုံနဲ့ ဘယ်သူမှ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး။+ ၁၇  ကျွန်တော်တို့ဟာ ခရစ်တော်အားဖြင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ကြိုးစားနေလျက်နဲ့ အပြစ်သားတွေ ဖြစ်နေသေးတယ်ဆိုရင် ခရစ်တော်ဟာ အပြစ်လုပ်အောင် အားပေးတဲ့သူ ဖြစ်သွားမှာပေါ့။ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၁၈  ဖြိုချခဲ့တာတွေကို ကျွန်တော် ပြန်တည်ဆောက်တယ်ဆိုရင် အပြစ်ကျူးလွန်သူပဲလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြရာရောက်မှာပေါ့။ ၁၉  ကျွန်တော်ဟာ ပညတ်တရားမှာ သေဆုံးသွားပြီ။+ အဲဒီလို သေဆုံးသွားလို့ ဘုရားသခင်အတွက် အသက်ရှင်လာပြီ။ ၂၀  ခရစ်တော်နဲ့အတူ သစ်တိုင်မှာ ကျွန်တော် ရိုက်ထားခံရပြီ။+ အခု အသက်ရှင်နေတာ ကျွန်တော် မဟုတ်တော့ဘူး။+ ကျွန်တော့်အထဲမှာ ရှင်သန်နေတာဟာ ခရစ်တော်ပဲ။ ကျွန်တော့်ကိုချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့+ ဘုရားသခင့်သားတော်ကို ယုံကြည်နေလို့သာ ဒီခန္ဓာကိုယ်နဲ့ ကျွန်တော် အသက်ရှင်နေတာ။+ ၂၁  ဘုရားသခင်ရဲ့ မဟာကရုဏာကို+ ကျွန်တော် မငြင်းပယ်ဘူး။ ပညတ်စောင့်ထိန်းလို့ ဖြောင့်မတ်သူဖြစ်မယ်ဆိုရင် ခရစ်တော် အသေခံတာ အလကားဖြစ်သွားမှာပေါ့။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “တိုင်မကြီး။”
ပေတရု။
ပေတရု။