ဂလာတိ ၅:၁-၂၆

  • ခရစ်ယာန်တွေရဲ့ လွတ်လပ်မှု (၁-၁၅)

  • စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း လျှောက်လှမ်း (၁၆-၂၆)

    • အပြစ်ရှိတဲ့ အကျင့်တွေ (၁၉-၂၁)

    • စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ (၂၂၊ ၂၃)

၅  အဲဒီလိုလွတ်လပ်မှုရနိုင်ဖို့  ခရစ်တော်က ကျွန်တော်တို့ကို လွတ်မြောက်စေပြီ။ ဒါကြောင့် အခိုင်အမာ ရပ်တည်ကြပါ။+ ကျွန်ထမ်းပိုးကို ပြန်မထမ်းကြနဲ့တော့။+ ၂  ကျွန်တော်ပေါလု ပြောမယ်။ ခင်ဗျားတို့ အရေဖျားဖြတ်မယ်ဆိုရင် ခရစ်တော် လုပ်ဆောင်ခဲ့ရာတွေဟာ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။+ ၃  အရေဖျားဖြတ်သူတိုင်းဟာ  ပညတ်တရား အလုံးစုံကို စောင့်ထိန်းရမယ့် တာဝန်ရှိတယ်ဆိုတာ ကျွန်တော် ထပ်သတိပေးလိုက်မယ်။+ ၄  ပညတ်ကို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ကြိုးစားနေတဲ့ ခင်ဗျားတို့ဟာ ခရစ်တော်နဲ့ ကင်းကွာနေပြီ။+ ခရစ်တော်ရဲ့ မဟာကရုဏာနဲ့ ဝေးကွာနေပြီ။ ၅  ကျွန်တော်တို့ကတော့ စွမ်းအားတော်ကြောင့်၊ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ မျှော်လင့်စောင့်စားနေတယ်။ ၆  ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသူတွေအတွက်တော့ အရေဖျားဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ အရေးမကြီးဘူး။+ ချစ်ခြင်းမေတ္တာကနေ ပေါက်ဖွားလာတဲ့ ယုံကြည်ခြင်းကသာ အရေးကြီးတာပါ။ ၇  တစ်ချိန်တုန်းက ခင်ဗျားတို့ အမှန်တရားလမ်းမှာ ကောင်းကောင်းပြေးနေတာပဲ။+ အမှန်တရားအတိုင်း ဆက်မလိုက်တော့အောင် ဘယ်သူတားဆီးနေတာလဲ။ ၈  ခင်ဗျားတို့ကို  ခေါ်တော်မူတဲ့ ဘုရားသခင်က အဲဒီလို ဆက်မလိုက်တော့အောင် မသွေးဆောင်ပါဘူး။ ၉  တဆေးအနည်းငယ်က မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်တယ်။+ ၁၀  သခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ ခင်ဗျားတို့ဟာ+ ကျွန်တော်နဲ့ အမြင်ချင်းတူမယ်ဆိုတာ ယုံကြည်ပါတယ်။ ခင်ဗျားတို့ကို ဒုက္ခပေးတဲ့သူဟာ+ ဘယ်သူပဲဖြစ်နေပါစေ ထိုက်သင့်သလို တရားစီရင်ခံရလိမ့်မယ်။ ၁၁  ညီအစ်ကိုတို့၊ ကျွန်တော်သာ အရေဖျားဖြတ်ခြင်းအကြောင်း ဆက်ဟောနေသေးတယ်ဆိုရင် နှိပ်စက်ညှဉ်းပန်းခံရမှာ မဟုတ်ဘူး။ အဲဒီလို ဆက်ဟောနေသေးတယ်ဆိုရင် သစ်တိုင်ပေါ် ခရစ်တော် သေဆုံးခဲ့တာနဲ့ပတ်သက်တဲ့ ကျွန်တော့်သွန်သင်ချက်ဟာ တိုက်မိလဲစရာဖြစ်မှာ မဟုတ်ဘူး။+ ၁၂  ခင်ဗျားတို့ကို နှောင့်ယှက်ဖို့ ကြိုးစားနေသူတွေ သင်းကွပ်လိုက်ကြပါစေ။* ၁၃  ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ လွတ်လပ်မှုရဖို့ ခေါ်တော်မူခြင်းခံရတာပါ။ အဲဒီလွတ်လပ်မှုကို ခုတုံးလုပ်ပြီး အပြစ်ရှိတဲ့ အလိုဆန္ဒနောက် မလိုက်ကြပါနဲ့။+ မေတ္တာစိတ်နဲ့ အချင်းချင်း အစေခံကြပါ။+ ၁၄  “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ပညတ်တစ်ခုက ပညတ်တရား အလုံးစုံကို ပြည့်စုံစေပြီ။*+ ၁၅  အချင်းချင်း နာကျင်စေမယ်၊ တိုက်ခိုက်နေမယ်ဆိုရင်+ အချင်းချင်း ဖျက်ဆီးရာပဲ ရောက်မှာမို့လို့ သတိထားကြပါ။+ ၁၆  ကျွန်တော် ပြောမယ်။ စွမ်းအားတော်ရဲ့  လမ်းပြမှုအတိုင်း   အမြဲလျှောက်လှမ်းကြပါ။+ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။+ ၁၇  အပြစ်ရှိတဲ့ အလိုဆန္ဒဟာ စွမ်းအားတော်နဲ့ ဆန့်ကျင်တယ်။ စွမ်းအားတော်ကလည်း အပြစ်ရှိတဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်တယ်။ အဲဒီနှစ်ခုဟာ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ကိုယ်လုပ်ချင်တာကို မလုပ်နိုင်ကြဘူး။+ ၁၈  ဒါ့အပြင် ခင်ဗျားတို့သာ စွမ်းအားတော်ရဲ့ ဦးဆောင်မှုကို ခံယူမယ်ဆိုရင် ပညတ်လက်အောက်မှာ မရှိတော့ဘူး။ ၁၉  အပြစ်ရှိတဲ့အကျင့်တွေကို အထင်အရှား မြင်နေရတာပဲ။ အဲဒီအကျင့်တွေကတော့  လိင်အကျင့်ယိုယွင်းခြင်း၊*+ မသန့်ရှင်းခြင်း၊ မျက်နှာပြောင်တိုက်ခြင်း၊*+ ၂၀  ရုပ်တုကိုးကွယ်ခြင်း၊  နတ်ဆိုးပညာလိုက်စားခြင်း၊*+ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ ငြင်းခုံခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊ ၂၁  မနာလိုမရှုဆိတ်ဖြစ်ခြင်း၊ သောက်စားမူးယစ်ခြင်း၊+ အထိန်းအကွပ်မဲ့ ပွဲလုပ်ခြင်းစတဲ့ အရာတွေပဲ။+ ဒါတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့ဖူးသလို အခုလည်း သတိပေးလိုက်မယ်။ ဒါတွေကို ကျင့်တဲ့သူတွေဟာ ဘုရားသခင့် နိုင်ငံတော်ကို အမွေခံရမှာ မဟုတ်ဘူး။+ ၂၂  စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ* ကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊  စိတ်ရှည်ခြင်း၊  ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊+  ယုံကြည်ခြင်း၊ ၂၃  နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။+   အဲဒါတွေကို  ဆန့်ကျင်တဲ့ ပညတ်ဆိုတာ  မရှိဘူး။ ၂၄  ခရစ်တော်ယေရှု ပိုင်ဆိုင်သူတွေဟာ အပြစ်ရှိတဲ့ ရမ္မက်တွေ၊ အလိုဆန္ဒတွေကို သစ်တိုင်မှာ ရိုက်ထားလိုက်ကြပြီ။+ ၂၅  ကျွန်တော်တို့ဟာ  စွမ်းအားတော်ရဲ့ လမ်းပြမှုနဲ့အညီ အသက်ရှင်တာမှန်ရင် စွမ်းအားတော် လမ်းပြတဲ့အတိုင်း စနစ်တကျ လျှောက်လှမ်းကြစို့။+ ၂၆  အတ္တဆန်တာ၊+ အချင်းချင်း ပြိုင်ဆိုင်တာ၊+ မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “မိန်းမစိုးတွေ ဖြစ်သွားကြပါစေ။” ဒီနည်းနဲ့ သူတို့ကိုယ်တိုင်ထောက်ခံနေတဲ့ ပညတ်တရားကို စောင့်ထိန်းဖို့ အရည်အချင်းပြည့်မီတော့မှာ မဟုတ်ဘူး။
“ပညတ်တရားတစ်ခုလုံးရဲ့ အနှစ်ချုပ်ပဲ” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “အသီးအပွင့်။”