ဆာလံ ၁၀၅:၁-၄၅

  • လူမျိုးတော်အပေါ် ယေဟောဝါ သစ္စာရှိ

    • ယေဟောဝါ မိမိပဋိညာဉ်ကို သတိရ (၈-၁၀)

    • “ငါဘိသိက်ပေးထားသူတွေကို မထိကြနဲ့” (၁၅)

    • ကျွန်ဘဝရောက်နေတဲ့ ယောသပ်ကို ဘုရားအသုံးပြု (၁၇-၂၂)

    • အီဂျစ်ပြည်မှာ အံ့ဖွယ်အမှုတော်များ (၂၃-၃၆)

    • အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်မြောက် (၃၇-၃၉)

    • အာဗြဟံကိုပေးတဲ့ကတိ ဘုရားသခင် ပြန်သတိရ (၄၂)

၁၀၅  ယေဟောဝါကို ကျေးဇူးတင်ကြ။+ နာမတော်ကိုခေါ်ပြီး ဆုတောင်းကြ။ ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ကြားသိစေကြ။+  ၂  ဘုရားအတွက် သီချင်းဆိုကြ။ ချီးမွမ်းသီချင်းဆိုကြ။ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း စဉ်းစားဆင်ခြင်ကြ။*+  ၃  သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ချီးမွမ်းရတာ ဂုဏ်ယူပါ။+ ယေဟောဝါကို ရှာတဲ့သူတွေ စိတ်ရွှင်လန်းပါစေ။+  ၄  ယေဟောဝါနဲ့ အစွမ်းတန်ခိုးတော်ကို ရှာကြပါ။+ မျက်နှာသာတော်ရဖို့ ကြိုးစားကြပါ။  ၅  ဘုရားလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်ရာတွေ၊အံ့ဖွယ်လုပ်ရပ်တွေ၊ ချမှတ်ထားတဲ့ တရားစီရင်ချက်တွေကို သတိရကြပါ။+  ၆  ဘုရားကျွန် အာဗြဟံရဲ့ မျိုးနွယ်တို့၊+ ဘုရားရွေးချယ်ထားတဲ့ ယာကုပ်ရဲ့ သားမြေးတို့။+  ၇  ဘုရားသခင်ဟာ ငါတို့ရဲ့ဘုရား ယေဟောဝါပဲ။+ ကမ္ဘာတစ်ခွင်လုံးကို တရားစီရင်တယ်။+  ၈  ဘုရားက မိမိရဲ့ပဋိညာဉ်ကို ထာဝစဉ် သတိရတယ်။+ ပေးခဲ့တဲ့ကတိကို လူမျိုးဆက် တစ်ထောင်တိုင်အောင် သတိရတယ်။+  ၉  အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်၊+အိဇက်ကိုပေးခဲ့တဲ့ ကျိန်ဆိုချက်ကို သတိရတယ်။+ ၁၀  အဲဒီကျိန်ဆိုချက်ကို ယာကုပ်အတွက် အမိန့်အဖြစ် တည်စေခဲ့တယ်။ အစ္စရေးအတွက် ထာဝရပဋိညာဉ်အဖြစ် တည်စေခဲ့တယ်။ ၁၁  “ခါနန်ပြည်ကို+ အမွေအဖြစ်ငါခွဲဝေပေးမယ်”+ လို့ ဘုရားကျိန်ဆိုခဲ့တယ်။ ၁၂  အဲဒီတုန်းက သူတို့ လူဦးရေ နည်းနည်းလေးပဲ။+ ခါနန်ပြည်မှာ တိုင်းတစ်ပါးသားတွေအဖြစ် နေထိုင်ခဲ့ရတယ်။+ ၁၃  လူတစ်မျိုးကနေ တစ်မျိုး၊တစ်နိုင်ငံကနေ တစ်နိုင်ငံ လှည့်လည်သွားလာခဲ့ရတယ်။+ ၁၄  သူတို့ကိုဖိနှိပ်ဖို့ ဘယ်သူ့ကိုမှ ဘုရားခွင့်မပြုခဲ့ဘူး။+ သူတို့အတွက် ဘုရင်တွေကိုတောင် ဆုံးမပြီး၊+ ၁၅  “ငါ ဘိသိက်ပေးထားသူတွေကို မထိကြနဲ့။ ငါ့ပရောဖက်တွေကို မကောင်းတာတစ်ခုမှ မလုပ်ကြနဲ့”+ လို့ပြောခဲ့တယ်။ ၁၆  ဘုရားက တိုင်းပြည်မှာ အငတ်ဘေးဆိုက်စေတယ်။+ အစာရေစာ ပြတ်လပ်စေတယ်။* ၁၇  ကျွန်အဖြစ် ရောင်းစားခံရတဲ့ ယောသပ်ကိုသူတို့ရှေ့ကနေ ကြိုတင်စေလွှတ်ခဲ့တယ်။+ ၁၈  ယောသပ်ဟာ ခြေကျဉ်းခတ်ခံရတယ်။+ သံကြိုးတွေနဲ့ တုပ်နှောင်ခံရတယ်။ ၁၉  ယေဟောဝါရဲ့ ကတိစကား ပြည့်စုံမယ့်အချိန်အထိ+ နှုတ်တော်ထွက်စကားက ယောသပ်ကို သန့်စင်ပေးခဲ့တယ်။ ၂၀  ဘုရင်က ယောသပ်ကိုလွှတ်ဖို့ အမိန့်ပေးတယ်။+ အုပ်စိုးရှင်က သူ့ကို လွှတ်ပေးတယ်။ ၂၁  နန်းတော်အုပ်အဖြစ်၊ပိုင်ဆိုင်ရာမှန်သမျှကို စီမံကွပ်ကဲသူအဖြစ် သူ့ကိုခန့်တယ်။+ ၂၂  သူက မင်းသားမှူးမတ်တွေကို စိတ်တိုင်းကျ အမိန့်ပေးနိုင်တယ်။ အကြီးအကဲတွေကို ဉာဏ်ပညာအကြောင်း သွန်သင်ပေးရတယ်။+ ၂၃  အဲဒီနောက် အစ္စရေးက အီဂျစ်ပြည်ကို ရောက်လာတယ်။+ ယာကုပ်က ဟာမပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေထိုင်တယ်။ ၂၄  ဘုရားသခင်က မိမိလူတွေကို အကြီးအကျယ် ပွားများစေတယ်။+ ရန်သူတွေထက် အင်အားကြီးစေတယ်။+ ၂၅  ရန်သူတွေ စိတ်ပြောင်းလဲသွားတာကို ဘုရားခွင့်ပြုတဲ့အတွက် သူတို့က ဘုရားရဲ့ ကျေးကျွန်တွေကို မုန်းတီးပြီး အကောက်ကြံကြတယ်။+ ၂၆  ဘုရားက မိမိရဲ့ကျွန် မောရှေနဲ့+ရွေးချယ်ထားတဲ့ အာရုန်ကို+ စေလွှတ်တယ်။ ၂၇  မောရှေနဲ့ အာရုန်က သူတို့အလယ်မှာ ထူးဆန်းတဲ့အရာတွေ လုပ်ပြတယ်။ ဟာမပြည်မှာ အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။+ ၂၈  မှောင်မိုက်ကို ဘုရားစေလွှတ်လိုက်တဲ့အခါ တိုင်းပြည် မှောင်မိုက်သွားတယ်။+ မောရှေနဲ့ အာရုန်က အမိန့်တော်ကို မလွန်ဆန်ကြဘူး။ ၂၉  ဘုရားက ရေကို သွေးဖြစ်စေတယ်။ ငါးတွေကို သေစေတယ်။+ ၃၀  သူတို့ပြည်မှာ၊ နန်းဆောင်တွေထဲမှာဖားတွေ အပြည့်ပဲ။+ ၃၁  ဘုရား အမိန့်ပေးလိုက်တဲ့အခါမှက်နဲ့ ဖြုတ်တွေ တိုင်းပြည်ထဲ ဝင်လာတယ်။+ ၃၂  မိုးရေအစား မိုးသီးတွေ ရွာကျစေတယ်။ သူတို့ပြည်အပေါ် လျှပ်စီးလက်စေတယ်။+ ၃၃  စပျစ်ပင်နဲ့ သဖန်းပင်တွေကို သေစေတယ်။ တိုင်းပြည်မှာရှိတဲ့ သစ်ပင်တွေကို ချိုးပစ်တယ်။ ၃၄  ဘုရားအမိန့်ပေးလိုက်တဲ့အခါ အတိုင်းမသိများတဲ့ ကျိုင်းကောင်တွေ၊ကျိုင်းကောင်ပေါက်တွေတိုင်းပြည်ထဲ ဝင်လာပြီး၊+ ၃၅  အပင်ရှိသမျှကို ကိုက်စားပစ်တယ်။ မြေထွက်သီးနှံတွေကိုလည်း ကိုက်စားပစ်တယ်။ ၃၆  အဲဒီနောက် တိုင်းပြည်မှာရှိတဲ့ သားဦးတွေ၊ရင်သွေးဦးတွေကို တစ်ယောက်မကျန် ကွပ်မျက်တယ်။+ ၃၇  ဘုရားက လူမျိုးတော်ကို ရွှေငွေတွေနဲ့ တစ်ပါတည်း ခေါ်ထုတ်သွားတယ်။+ ဘုရားရဲ့မျိုးနွယ်တွေထဲမှာ လဲကျတဲ့သူ တစ်ယောက်မှမရှိဘူး။ ၃၈  အီဂျစ်တွေက အစ္စရေးတွေကို ကြောက်လာတဲ့အတွက်သူတို့ထွက်သွားတဲ့အခါ ဝမ်းသာကြတယ်။+ ၃၉  ဘုရားက သူတို့ကို မိုးတိမ်နဲ့ကာဆီးပြီး ကာကွယ်ပေးတယ်။+ ညဘက်မှာ အလင်းရဖို့ မီးကိုပေးတယ်။+ ၄၀  သူတို့တောင်းတဲ့အခါ ငုံးတွေကို ခေါ်လာတယ်။+ ကောင်းကင်ကမုန့်ကို ကျွေးပြီး ဗိုက်ဝစေခဲ့တယ်။+ ၄၁  ကျောက်ဆောင်ကို ခွဲလိုက်တဲ့အခါ ရေတွေစီးထွက်လာပြီး+ကန္တာရမှာ မြစ်လိုစီးဆင်းသွားတယ်။+ ၄၂  ဘုရားက ကျွန်ဖြစ်သူအာဗြဟံကို ပေးထားတဲ့ သန့်ရှင်းတဲ့ကတိကို သတိရတယ်။+ ၄၃  ဒါကြောင့် မိမိရဲ့လူတွေကို အားရ ရွှင်လန်းခြင်းနဲ့အတူ ခေါ်ထုတ်သွားတယ်။+ ရွေးချယ်ထားသူတွေကို ရွှင်လန်းစွာ ကြွေးကြော်ခြင်းနဲ့အတူ ခေါ်ဆောင်သွားတယ်။ ၄၄  အဲဒီနောက် သူတို့ကို လူမျိုးတွေရဲ့ပြည် ပေးတယ်။+ သူတစ်ပါး ပင်ပင်ပန်းပန်း လုပ်ကိုင်ထားတာတွေကိုသူတို့အမွေရကြတယ်။+ ၄၅  အမိန့်တော်ကို သူတို့စောင့်ထိန်းနိုင်ဖို့၊+ပညတ်တွေကို လိုက်နာနိုင်ဖို့ အဲဒီလိုလုပ်ပေးခဲ့တယ်။ ယေဟောဝါကို ချီးမွမ်းကြ။*

အောက်ခြေမှတ်ချက်များ

“ပြောဆိုကြ” လည်းဖြစ်နိုင်။
မူရင်း၊ “မုန့်ချိတ်တံကို ချိုးလိုက်တယ်။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။
ဒါမှမဟုတ်၊ “ဟာလေလုယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီးမွမ်းကြ။” ‘ယ’ ဆိုတာ ယေဟောဝါရဲ့ အတိုကောက်နာမည်။ နောက်ဆက်တွဲ က၅ ကိုကြည့်။