ဆာလံ ၃၈:၁-၂၂

  • နောင်တရသူရဲ့ ဆုတောင်းချက်

    • “သောကရောက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျ” ()

    • စောင့်မျှော်သူတွေ ပြောတာကို ယေဟောဝါ နားထောင် (၁၅)

    • “အပြစ်ကြောင့် စိတ်ဒုက္ခရောက်နေ” (၁၈)

သတိရအောက်မေ့ဖို့ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၃၈  အို ယေဟောဝါ၊ ကျွန်တော့်ကို ဒေါသတကြီး မဆုံးမပါနဲ့။ စိတ်ဆိုးမာန်ဆိုး မတည့်မတ်ပါနဲ့။+  ၂  ကိုယ်တော်ပစ်လိုက်တဲ့ မြားတွေ ကျွန်တော့်ကိုယ်ထဲ စိုက်ဝင်နေတယ်။ ကျွန်တော့်ကို လက်တော်နဲ့ ဖိထားတယ်။+  ၃  အမျက်တော်ကြောင့် ကျွန်တော် တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ ကိုယ့်အပြစ်ကြောင့် အရိုးတွေလည်း သက်သာရာမရ ဖြစ်နေတယ်။+  ၄  ကိုယ့်အမှားတွေဟာ ခေါင်းကိုလွှမ်းမိုးတဲ့အထိ များနေပြီ။+ ဝန်ထုပ်ကြီး ထမ်းရသလို သိပ်လေးတာပဲ။  ၅  ကိုယ့်ရဲ့မိုက်မဲမှုကြောင့်ဒဏ်ရာတွေလည်း ပြည်တည်ပြီး ပုပ်စော်နံနေတယ်။  ၆  ကျွန်တော် သောကရောက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေတယ်။ ဝမ်းနည်းပက်လက်နဲ့ တစ်နေ့လုံး လျှောက်သွားနေတယ်။  ၇  ရင်ထဲမှာ လောင်မြိုက်နေတယ်။ တစ်ကိုယ်လုံး နာနေတယ်။+  ၈  ငိုင်တိုင်တိုင်နဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတယ်။ ရင်ထဲ မချိအောင်ခံစားရလို့ အော်ဟစ်ညည်းတွားနေရတယ်။  ၉  အို ယေဟောဝါ၊ ကျွန်တော့်ဆန္ဒအားလုံး ကိုယ်တော် သိပါတယ်။ ကျွန်တော့်သက်ပြင်းချသံကိုလည်း ကိုယ်တော် ကြားပါတယ်။ ၁၀  ကျွန်တော့်နှလုံး တဆတ်ဆတ် တုန်နေပြီ။ အားအင်ကုန်ခန်း နေပြီ။ မျက်စိလည်း အလင်းကွယ်နေပြီ။+ ၁၁  မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေက ရောဂါဆိုးကြောင့် ကျွန်တော့်ကို ရှောင်ကြတယ်။ အသိအကျွမ်းတွေကလည်း ဝေးဝေးရှောင်ကြတယ်။ ၁၂  ကျွန်တော့်အသက်ကို ရန်ရှာသူတွေက ထောင်ချောက်ဆင်ထားကြတယ်။ အန္တရာယ်ပြုချင်သူတွေက ကျွန်တော် ပျက်စီးရာပျက်စီးကြောင်း ပြောနေကြတယ်။+ အလိမ်အညာစကားတွေကို တစ်နေ့လုံး တီးတိုးပြောနေကြတယ်။ ၁၃  ကျွန်တော်ကတော့ နားမကြားတဲ့သူလို နားမထောင်ဘဲနေမယ်။+ စကားအတဲ့သူလို ပါးစပ်မဟဘဲ နေမယ်။+ ၁၄  ကျွန်တော်ဟာ နားမကြားတဲ့သူလို၊ချေပစရာစကားတစ်ခွန်းမှ မရှိတဲ့သူလို ဖြစ်နေပြီ။ ၁၅  အို ယေဟောဝါ၊ ကိုယ်တော့်ကို စောင့်မျှော်ပါတယ်။+ ယေဟောဝါဘုရား၊ ကိုယ်တော်ကလည်း ပြန်ဖြေပါတယ်။+ ၁၆  “ကျွန်တော့်ဒုက္ခကို ကြည့်ပြီး သူတို့ ကျိတ်ဝမ်းသာတာမျိုး မဖြစ်ပါစေနဲ့။ ကျွန်တော် ခြေချော်တာကို ကြည့်ပြီး သူတို့ သဘောကျနေတာမျိုး မဖြစ်ပါစေနဲ့” လို့ ကျွန်တော် ပြောခဲ့တယ်။ ၁၇  ကျွန်တော် လဲကျမတတ် ဖြစ်နေပြီ။ တဆစ်ဆစ် နာကျင်နေပြီ။+ ၁၈  အမှားအတွက် ဝန်ချတောင်းပန်ပါတယ်။+ အပြစ်ကြောင့် စိတ်ဒုက္ခရောက်နေပါတယ်။+ ၁၉  ရန်သူတွေကတော့ ကြံ့ခိုင်သန်စွမ်းနေတယ်။* အကြောင်းမရှိဘဲ ကျွန်တော့်ကို မုန်းတီးနေသူတွေ များလာပြီ။ ၂၀  အကောင်းကို အဆိုးနဲ့ သူတို့ တုံ့ပြန်ကြတယ်။ ကောင်းတာလုပ်ဖို့ ကြိုးစားတဲ့အတွက် ကျွန်တော့်ကို ဆန့်ကျင်ကြတယ်။ ၂၁  ယေဟောဝါဘုရား၊ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။ အို ဘုရားသခင်၊ ကျွန်တော်နဲ့ ဝေးဝေးမနေပါနဲ့။+ ၂၂  ကယ်တင်ရှင် ယေဟောဝါ၊+ကျွန်တော့်ကို အမြန်လာကူပါတော့။

အောက်ခြေမှတ်ချက်များ

“အကြောင်းမဲ့ ရန်မူတဲ့သူတွေ အများကြီးပဲ” လည်းဖြစ်နိုင်။