ဆာလံ ၇၂:၁-၂၀

  • ဘုရားခန့်အပ်တဲ့ မင်းကြီးရဲ့ ငြိမ်းချမ်းတဲ့အုပ်စိုးမှု

    • “ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်” ()

    • ပင်လယ်တစ်ပြင်ကနေ တစ်ပြင်အထိရှိတဲ့ လက်အောက်ခံတွေ ()

    • အကြမ်းဖက်မှုကနေ ကယ်တင် (၁၄)

    • ကောက်နှံတွေ တောင်ပုံရာပုံ (၁၆)

    • နာမတော်ကို ထာဝစဉ်ချီးမွမ်း (၁၉)

ရှောလမုန်ကို ရည်စူးတဲ့ သီချင်း။ ၇၂  အို ဘုရားသခင်၊ မင်းကြီးကို ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေ ပေးအပ်လှည့်ပါ။ သားတော်ကို ကိုယ်တော်ရဲ့ဖြောင့်မတ်ခြင်း အပ်နှင်းလှည့်ပါ။+  ၂  မင်းကြီးက လူတွေရဲ့အမှုကို ဖြောင့်မတ်စွာ လျှောက်လဲပေးနိုင်ပါစေ။ နိမ့်ကျသူတွေရဲ့ အမှုကို တရားမျှတစွာ လျှောက်လဲပေးနိုင်ပါစေ။+  ၃  တောင်တန်းတွေက လူတွေဆီ ငြိမ်သက်ခြင်း ယူဆောင်လာပါစေ။ တောင်ကုန်းတွေက ဖြောင့်မတ်ခြင်း ယူဆောင်လာပါစေ။  ၄  မင်းကြီးက ပြည်သူပြည်သားထဲက နိမ့်ကျသူတွေဘက်ကနေ ခုခံကာကွယ်ပေးပါစေ။ နွမ်းပါးသူတွေရဲ့ သားသမီးတွေကို ကယ်တင်ပေးပါစေ။ လိမ်လည်လှည့်စားသူကို နင်းခြေပစ်ပါစေ။+  ၅  နေမင်း ထွန်းလင်းနေသရွေ့၊ကောင်းကင်မှာ လမင်းတည်ရှိနေသရွေ့ လူမျိုးအစဉ်အဆက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မယ်။+  ၆  မင်းကြီးဟာ ရိတ်ထားတဲ့ မြက်ပင်တွေပေါ် ရွာချတဲ့မိုးလို၊မြေကိုစိုစွတ်အောင် တဖွဲဖွဲရွာတဲ့ မိုးလို ဖြစ်လိမ့်မယ်။+  ၇  မင်းကြီးရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။+ လမင်းတည်ရှိနေသရွေ့ ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။+  ၈  လက်အောက်ခံ ပြည်သူပြည်သားတွေဟာ ပင်လယ်တစ်ပြင်ကနေ တစ်ပြင်အထိ၊မြစ်ကြီး* ကနေ မြေကြီးစွန်းအထိ ရှိကြလိမ့်မယ်။+  ၉  ကန္တာရမှာ နေထိုင်သူတွေ မင်းကြီးကို ဦးညွှတ်လိမ့်မယ်။ မင်းကြီးရဲ့ရန်သူတွေ မြေမှုန့်ကို လျက်ရလိမ့်မယ်။+ ၁၀  တာရှိပြည်နဲ့ ကျွန်းနိုင်ငံတွေရဲ့ ဘုရင်တွေ ဆက်ကြေးပေးလိမ့်မယ်။+ ရှေဘဘုရင်နဲ့ သေဘဘုရင်ကလည်း လက်ဆောင်ပဏ္ဏာ ဆက်သလိမ့်မယ်။+ ၁၁  ဘုရင်အားလုံး မင်းကြီးကို ဦးညွှတ်လိမ့်မယ်။ လူမျိုးအားလုံး မင်းကြီးဆီမှာ အစေခံလိမ့်မယ်။ ၁၂  အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ၊နိမ့်ကျသူတွေ၊ ကူကယ်ရာမဲ့သူတွေကို မင်းကြီး ကယ်တင်လိမ့်မယ်။ ၁၃  နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနားလိမ့်မယ်။ ဆင်းရဲသားတွေရဲ့အသက်ကို ကယ်တင်လိမ့်မယ်။ ၁၄  သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။ သူတို့သွေးဟာ မင်းကြီးအတွက် သိပ်အဖိုးတန်လိမ့်မယ်။ ၁၅  မင်းကြီး အသက်တော်ရှည်ပါစေ။ ရှေဘပြည်ထွက် ရွှေတွေကို မင်းကြီးဆီ ဆက်သကြပါစေ။+ မင်းကြီးအတွက် အမြဲ ဆုတောင်းပေးကြပါစေ။ တစ်နေ့လုံး ဆုမွန်ကောင်း တောင်းပေးကြပါစေ။ ၁၆  ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။+ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။ လက်ဘနွန်ပြည်မှာလိုပဲ သီးနှံတွေ လှိုင်လှိုင် သီးပွင့်နေလိမ့်မယ်။+ မြို့ထဲမှာလည်း လူတွေဟာ မြေမှာပေါက်နေတဲ့ အပင်တွေလို ဖူးပွင့်ဝေဆာနေလိမ့်မယ်။+ ၁၇  မင်းကြီးရဲ့နာမည်ဟာ ထာဝစဉ်တည်မြဲပါစေ။+ နေမင်း ထွန်းလင်းနေသရွေ့ ထင်ပေါ်ကျော်ကြားပါစေ။ မင်းကြီးကြောင့် လူတွေ ကောင်းချီးခံစားရပါစေ။+ လူမျိုးအားလုံးက မင်းကြီးကို ပျော်ရွှင်ချမ်းမြေ့သူလို့ ခေါ်ကြပါစေ။ ၁၈  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြပါစေ။+ ဘုရားသခင် တစ်ပါးတည်းသာ အံ့ဖွယ်ရာတွေကို လုပ်ဆောင်တယ်။+ ၁၉  ဂုဏ်ကျက်သရေရှိတဲ့ နာမတော်ကို ထာဝစဉ် ချီးမွမ်းကြပါစေ။+ မြေတစ်ပြင်လုံး ဘုရားရဲ့ဂုဏ်ကျက်သရေနဲ့ ပြည့်နေပါစေ။+ အာမင်။ အာမင်။* ၂၀  ယေရှဲသား+ ဒါဝိဒ်ရဲ့ ဆုတောင်းချက်တွေ ပြီးဆုံးပါပြီ။

အောက်ခြေမှတ်ချက်များ

ယူဖရေးတီးမြစ်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”