ဆာလံ ၈:၁-၉

  • ဘုရားသခင်ရဲ့ဘုန်းတော်နဲ့ လူတွေရဲ့ဂုဏ်အသရေ

    • ‘နာမတော်ဟာ ခံ့ညားထည်ဝါလိုက်တာ’ ()

    • ‘သေမျိုးဖြစ်တဲ့လူဟာ ဘာအရေးပါလို့လဲ’ ()

    • လူကို ခမ်းနားမြင့်မြတ်မှုနဲ့ ချီးမြှောက် ()

ဂစ်သစ်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။  ကျွန်တော်တို့ရဲ့သခင်  ယေဟောဝါ၊ နာမတော်ဟာ မြေတစ်ခွင်လုံးမှာ ခံ့ညားထည်ဝါလိုက်တာ။ ကိုယ်တော်ရဲ့ ခမ်းနားမြင့်မြတ်မှုဟာ ကောင်းကင်ထက်တောင် မြင့်မားတယ်။+  ၂  ကိုယ်တော်က ရန်သူတွေကြောင့်ကလေးငယ်တွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ+ အစွမ်းခွန်အားကို ထွက်လာစေတယ်။ ရန်သူတွေ၊ လက်စားချေလိုသူတွေကို ဒီနည်းနဲ့ နှုတ်ဆိတ်စေတယ်။  ၃  လက်ရာတော်ဖြစ်တဲ့ ကောင်းကင်ကို၊ဖန်ဆင်းထားတဲ့ လမင်းနဲ့ ကြယ်စင်တွေကို မြင်တဲ့အခါ၊+  ၄  သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အောက်မေ့နေရတာလဲ၊လူသားဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲဆိုပြီး ကျွန်တော် တွေးမိတယ်။+  ၅  ကိုယ်တော်က သူ့ကို ကောင်းကင်တမန်တွေ* ထက် အနည်းငယ် နိမ့်ကျစေတယ်။ သူ့ကို ဘုန်းအသရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ချီးမြှောက်တယ်။  ၆  လက်ရာတော်တွေအပေါ် အုပ်စိုးစေပြီး+အရာအားလုံးကို သူ့ခြေအောက်မှာ ချထားတယ်။  ၇  သိုးနွားတိရစ္ဆာန်တွေ၊သားရဲတွေ၊+  ၈  ကောင်းကင်ငှက်တွေ၊ ပင်လယ်ငါးတွေ၊ရေသတ္တဝါတွေ အားလုံးကို သူ့ခြေအောက်မှာ ချထားတယ်။  ၉  အို ကျွန်တော်တို့ရဲ့သခင် ယေဟောဝါ၊ နာမတော်ဟာ မြေတစ်ခွင်မှာ ခံ့ညားထည်ဝါလိုက်တာ။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ဘုရားနဲ့တူတဲ့သူတွေ။”